အားလုံးရဲ့ ရင်ထဲမှာ
သူရှိတယ် … ။
တပွင့်ချင်း ဖွင့် ဖတ်မလား
တလွှာချင်းစီ ရင်ခုန်ကြည့်မလား …။
အသံမှာ ဒေါသစွက်ရင်
အဲဒီခေတ်ရဲ့ အပြစ်မဲ့ မျက်ရည်ဘက်က စာနာပါ၊
ရနံ့မှာ
သွေးစိမ်းရှင်ညှီ သင်းနေခဲ့ရင်
ဒီနေ့ခေတ်ရဲ့ မတရားမှုတွေကို
သင့်နှလုံးသားက လက်မခံလိုက်ဖို့ ကြိုးစားပါ။
ငြိမ်းချမ်းရေးကို ရှေးရှုတာ ကောင်းတယ်
သူမရှိခဲ့ဘဲ ငြိမ်းချမ်းရေးဟာ မွေးဖွားမလာနိုင်ဘူးပေါ့
ဝတ်ကျေတန်ကျေ အလွမ်းမျိုးနဲ့
သူ့ကို
ခေတ်တခေတ်လို ချန်ရစ်ခဲ့မယ်ဆိုရင်ဖြင့် …။
အဖေ … အမေ
အကို … အမ
ညီ … ညီမလေး
သင် … ကျွန်ုပ်
အားလုံးရဲ့ ရင်ထဲမှာ
သူ … ရှိနေတယ် … ။ ။
၀၇၊ ၀၈၊ ၂၀၁၂