သတင်းပဒေသာ

US Sanction Eased – အမေရိကန်အစိုးရက ဆန်ရှင်ကို ဆက်သက်တမ်းတိုးသော်လည်း တင်းကြပ်မှု ဖြေလျော့ပေး

သတင်းဌာနများ သတင်းကောက်နုတ်ချက်၊ မိုးမခ၊ မေ ၁၈၊ ၂၀၁၂

ယမန်နေ့က အမေရိကန်ပြည်ထောင်စု၏ အိုဘားမားအစိုးရက မြန်မာပြည်အစိုးရကို ပိတ်ဆို့အရေးယူမှုသက်တမ်း တနှစ်ဆက်တိုးလိုက်သည်။ သို့သော်လည်း စီးပွားရေး ရင်းနှီးမြုပ်နှံမှုများကို ယာယီကင်းလွတ်ခွင့်ပြုလိုက်သည်ဟု ဆိုသည်။ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းတို့ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူ အာဏာရှင်နှင့် အပေါင်းအပါများ မိသားစုများအပေါ်ငွေကြေးပိတ်ဆို့ခြင်းကို ပြန်လည် စိစစ်မည်ဟု သတင်းစာများတွင် ဖော်ပြထားသည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူအဖွဲ့အစည်းများနှင့် မြန်မာ့အရေးလှုပ်ရှားသူများက အမေရိကန်အစိုးရ၏ ခြေလှမ်းကို ဝေဖန်ကြသည်ဟု ဆိုသည်။
အမေရိကန်အစိုးရကမူ မြန်မာပြည်တွင်းစစ်ရပ်ဆိုင်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့်တကွ မြန်မာပြည်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဆက်လက် တိုက်တွန်း နှိုးဆော်သွားမည်ဟု ပြန်ကြားသည်။

အမေရိကန်က မြန်မာပြည်အတွက် သံအမတ်အဆင့် ကိုယ်စားလှယ်တိုးမြှင့်ခံ့ထားလိုက်ပြီး မြန်မာပြည်သို့ အမေရိကန်ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များကလည်း လေ့လာရေး ရောက်ရှိနေပြီ ဖြစ်သည်။ ဘဏ်၊ ငွေကြေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ နှစ်ဖက် ထူထောင် လမ်းဖွင့်ရန်အတွက် အစိုးရပိုင်းသာမက ကုန်သည်များအသိုင်းအ၀ိုင်းကပါ စိတ်အားတက်ကြွနေသော အချိန်အခါ အခြေအနေဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အမေရိကန်၏ မြန်မာပြည်အပေါ်မူဝါဒအပြောင်းအလဲကို ထုတ်ပြန်ချိန်တွင် မြန်မာပြည်ကြံ့ဖွံ့အစိုးရအသစ်၏ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်လည်း အမေရိကန်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီက ကြံ့ဖွံ့အစိုးရထံတွင် ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြီးသည့်နောက်ပိုင်း မြန်မာပြည်၏ စစ်အစိုးရအဆက်ဆက်အပေါ် နိုင်ငံတကာ၏ အရေးယူမှုများ တင်းမာမှုများ လျော့ကျလာခဲ့ပြီဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts