မောင်ရင်ငတေ

မောင်ရင်ငတေ – ရောက်တတ်ရာရာ အတိုအစများ

ရောက်တတ်ရာရာအတိုအစများ 
ပါရီမှ စပိန်နယ်စပ်ဒေသသို့ 
မောင်ရင်ငတေ
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၃

Gare de Lyon ပါရီမြို့ရဲ့ တတိယခရီးသွားအများဆုံး ဘူတာကြီး
လာမယ့် ဒီဇင်ဘာလလယ်ကနေ စတင်ပြီး ပြင်သစ်ပြည် ပါရီမြို့ကနေ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို လမ်းမှာရထားပြောင်းစီးစရာ မလိုတော့ဘဲ တိုက်ရိုက်အမြန်ရထားတွေ ပြေးဆွဲတော့မှာ ဖြစ်ပါတယ်၊ ပြင်သစ် SNCF နဲ့ စပိန် RENFE မီးရထားလုပ်ငန်းနှစ်ခု ပူးပေါင်းပြီးတော့ ပြေးဆွဲမယ့် ဒီအမြန်ရထား အစီအစဉ်ကြောင့် အရင်က ပြောင်းစီးခဲ့ရတဲ့ နှစ်နိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ Estación de Figueras-Vilafant ဆိုတဲ့ ဘူတာမှာ ပြောင်းစီးစရာ မလိုအပ်တော့ပါဘူး၊ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းကမှ စတင် ဖွင့်လှစ်ပြီး အသုံးပြုခဲ့တဲ့ အဲဒီ ဘူတာမှာ ပြင်သစ်ရထား SNCF TGV က ပြင်သစ်အပိုင်း စပိန်ရထား RENFE AVE ကစပိန်အပိုင်းကို သီးခြားစီ ပြေးဆွဲနေကြတာပါ၊ ဒီနှစ်နိုင်ငံ နယ်စပ်ကို ဆက်သွယ်တဲ့ မြန်နှုန်းမြင့် ရထားလမ်း LGV Perpignan-Figueres line အပိုင်းကို အဆင့်မြှင့်တင်တာတွေ ပြီးစီးခဲ့ ပြီဖြစ်လို့ ပါရီ ဘာစီလိုနာ တိုက်ရိုက်ရထားကို စတင် ပြေးဆွဲတော့မှာပါ၊ အဲဒီလို တိုက်ရိုက်ရထားကို စီးသွားမယ် ဆိုလို့ရှိရင် ပါရီကနေဘာစီလိုနာကို အခုစတင်စမ်းသပ်ပြီး ပြေးဆွဲချိန်မှာ ခြောက်နာရီခွဲ ကြာမြင့်မှာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ငါးနာရီခွဲသာသာနဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်၊ ဒီ ပါရီ လီယွန် ပါပီညွန် လမ်းအပိုင်းမှာ ပြင်သစ် တီဂျီဗွီ ရထားတွေက တနာရီ ကီလိုမီတာ ၃၀၀ ကျော်နှုန်း မောင်းတာဖြစ်ပေမဲ့ ဘူတာမှာရပ်နားတာတွေ ဘူတာတွေဖြတ်သန်းသွားချိန် အရှိန်လျှော့ရတာတွေ ရှိလို့ ခရီးစဉ် အစအဆုံးကို ပျှမ်းမျှခြင်း မောင်းနိုင်တာကတော့ တနာရီမှ ကီလိုမီတာ ၁၆၀ ဝန်းကျင် လောက်သာပါ၊ အခုတော့ စပိန်နယ်စပ်ပိုင်းက ပိုကောင်းမွန်လာလို့ တီဂျီဗွီလို အမြန်ရထားတွေဟာ တနာရီ ကီလိုမီတာ ၃၀၀ လောက်အထိ အမြန်နှုန်းကိုတင်ပြီး မောင်းနိုင်တော့မှာ ဖြစ်တာကြောင့် ခရီးစဉ် အစအဆုံး ပျှမ်းမျှခြင်း မောင်းနိုင်တာကတော့ တနာရီ ကီလိုမီတာ ၁၆၀ ကနေ ၁၇၀ ကျော် ၁၈၀ ထိအောင် ပိုမြန်မြန်မောင်းလာနိုင်တော့မှာပါ၊ စပိန်နိုင်ငံရဲ့ AVE (Alta Velocidad Española) လို့ခေါ်တဲ့ အမြန်ရထား သွားနိုင်တဲ့လမ်းတွေ ဖောက်လုပ်ပြီးစီးမှုက ကီလိုမီတာ ၃၀၀၀ ကျော်ပြီဖြစ် နေလို့ ဥရောပမှာတော့ အများဆုံး အရှည်ဆုံး စာရင်းဝင်ပါတယ်၊ ပြင်သစ် TGV ရထား သွားနိုင်တဲ့ လမ်းတောင်မှ ဖောက်ထားပြီးတာ ကီလိုမီတာ ၂၀၀၀ ကျော်သာသာ သာရှိပါသေးတယ်၊
တနှစ်ကို ခရီးသွား ၈၃ သန်း ဝင်ထွက်သွားလာတဲ့ Gare de Lyon ဘူတာကြီးအတွင်းမှာ

LGV (Ligne à grande vitesse) ဆိုတာက ပုံမှန်အားဖြင့်တော့ တနာရီကို ၂၂၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်တဲ့ ရထားတွေ ပြေးဆွဲနိုင်တဲ့ အမြန်ရထားလမ်းကိုခေါ်တာပါ၊ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၅ နိုင်ငံလောက်မှာသာ အဲဒီလိုမျိုး အမြန်ရထားလမ်းသစ် စနစ်တွေ ရှိပါသေးတယ်၊ ထုံးစံအတိုင်း ပေါက်ဖော်ကြီးတို့ရဲ့ တရုတ်ပြည်မကြီးမှာတော့ ကီလိုမီတာ တသောင်းခန့် ဖောက်လုပ် ပြီးစီးခဲ့ပြီလို့ ဆိုပါတယ်၊ အမေရိကန် နိုင်ငံကတော့ မီးရထားစီးပြီး ခရီးသွားရခြင်းကို မနှစ်သက်သောသူတွေ ပိုမို များကြလို့ ထင်ပါတယ်၊ ဒီလိုအမြန်ရထားလမ်းတွေ ဖောက်ထားတာ ကီလိုမီတာ ၃၆၀ လောက်သာ ရှိနေသေးပြီး နောက်ထပ်ဖောက်လုပ်နေတဲ့ စီမံကိန်းလည်း သိပ်မရှိပါဘူး၊ မလိုအပ်လို့ မဖောက်တာ လားတော့ မသိပါဘူး၊ မောင်ရင်ငတေ စီးဖူးတဲ့အတွေ့အကြုံအရတော့ ပြင်သစ်ရဲ့အမြန်ရထားလမ်း အသစ်တွေဟာ တော်ရုံမြို့ကြီးတွေကိုတောင်မှ မြို့အပြင်ခပ်လှမ်းလှမ်းကနေ ဖြတ်သန်းဖောက်လုပ် ထားတာတွေများတာကြောင့် မီးရထားရဲ့ အရှိန်နှုန်းကို ၃၀၀ ကီလိုမီတာကနေ လျှော့ချစရာမလိုဘဲ တသမတ်ထဲ အချိန် တော်တော်ကြာ တောက်လျှောက်မောင်းတာကို တွေ့ရပါတယ်၊ ရထားလမ်းက အသစ်ဖြစ်သလို ဘူတာတွေကလည်း မူရင်းရှိပြီးသား မြို့လယ်က ဘူတာအဟောင်းကြီးတွေ အထိ ရထားကမသွားတော့ဘဲ မြို့ပြင်လမ်းသုံးခွဆုံ လေးခွဆုံ နေရာအသစ်တွေမှာ ဘူတာအသစ်တွေကို တည်ဆောက်ထားပြီး မြို့အတွင်းကို ဝင်ချင်တယ်ဆိုရင်တော့ တဆင့်ပြောင်းစီးပြီးသွားမှ ရမှာပါ၊

ဖောက်လုပ်နေဆဲ ပြင်သစ်ရထားကွန်ယက် SNCF TGV LGV (Ligne à grande vitesse) 

ပါရီကနေ ဂျာမဏီပြည် ဖရန့်ဖွတ်မြို့ကိုသွားတဲ့ ခရီးမှာကော ပါရီကနေ ဘယ်လ်ဂျီယံ ဘရူဆဲလ်မြို့ သွားတဲ့ ခရီးမှာကော လမ်းတလျှောက် ပြင်သစ်မြေမှာ မရပ်နားပါဘူး၊ အဲဒီလမ်းကြောင်းပေါ်တွေက မြို့တွေကို သွားချင်ရင်တော့ အဲဒီမြို့တွေမှာရပ်မယ့် ရထားကိုသာ ရွေးချယ်စီးကြဖို့ လိုအပ်ပါတယ်၊ ဂျာမဏီနိုင်ငံရဲ့ ICE အမြန်ရထား လမ်းများကတော့ မြို့တွေရွာတွေ တော်တော်များများကို ဖြတ်ပြီး ဖောက်လုပ်ထားတာ ဖြစ်တာမို့ သူတို့ရဲ့ မောင်းနိုင်တဲ့ နှုန်းထားထက် လျှော့ပြီး မောင်းရတာကြောင့်မြန်သင့်သလောက် မမြန်နိုင်ဘူး ဖြစ်နေရတယ် ထင်မိပါတယ်၊ စပိန်ပြည်ကိုတော့ မောင်ရင်ငတေ သေသေချာချာ နှံ့စပ်အောင် မရောက်ဖူးဘူးလို့ သေချာတော့ မပြောနိုင်ပေမဲ့ ဖတ်ထား မှတ်ထားမိရ သလောက် ဆိုရင်တော့ စပိန်နဲ့ ဂျာမဏီတို့ရဲ့ ရထားလမ်းကြောင်း မြို့တွေကို ဖြတ်သန်းသွားပုံတွေ ခပ်ဆင်ဆင် တူပါတယ်၊ ပြင်သစ်နိုင်ငံမှာ မြို့ကြီးပြကြီးတွေနဲ့ မြို့လေးရွာလေးတွေရဲ့ကွာဟချက်က တော်တော်များပါတယ်၊ ဂျာမဏီ အပါအဝင် တခြားအနောက်ဥရောပ နိုင်ငံများကတော့ တောနဲ့ မြို့ ကွာခြားချက်က ပြင်သစ်ထက် ကျဉ်းမြောင်းပါတယ်၊ သူတို့ရဲ့ လူနေမှုပုံစံတွေက မီးရထားလမ်းတွေ တလျှောက်မှာ နေထိုင်ကြတာဖြစ်လို့ အမြန်ရထားနဲ့ရော အနှေးရထားနဲ့ရော ဟိုနားသွား ဒီနားသွား ကျောင်းသွား ဈေးဝယ် စီးကြတဲ့ သူတွေက ပြင်သစ်ထက် ပိုပြီးများပါတယ်၊ အဲဒါကြောင့် ပြင်သစ်ရဲ့ အမြန်ရထားတွေက သီးသန့်လမ်းနဲ့ သွားနိုင်လို့ ပိုမြန်နေတာ ဖြစ်မှာပါ၊ ဂျာမဏီ အပါအဝင် တခြား နိုင်ငံတွေမှာက အမြန်ရထားကော အနှေးရထားတွေပါ လမ်းကြောင်းတကြောင်းထဲမှာ သူတလှည့် ကိုယ်တလှည့် မောင်းနေရတာဖြစ်လို့ မောင်းနိုင်တဲ့ အမြန်နှုန်းထက် လျှော့မောင်းနေရချိန်က ပိုများ နေပါတယ်၊ ဟိုတလောက ဖြစ်ပွားခဲ့တဲ့ စပိန်မှာရထားမှောက်ပြီး လူ ၈၀ ကျော်ခန့် သေဆုံးခဲ့ခြင်းရဲ့ အကြောင်းရင်းက ဘူတာ အဝင်အထွက်တခုမှာ သတ်မှတ်ထားသော အမြန်နှုန်းထက် ပို၍ကျော်ပြီး မောင်းမိခဲ့လို့ ရထားမောင်းသူက မထိမ်းနိုင်ခဲ့တော့တာကြောင့် ရထား မှောက်ရတာပါတဲ့၊ သူတို့ရဲ့ ဘူတာ အရေအတွက်ကလည်း များပြားလွန်းတော့ အမြန်ရထားကို မောင်းတဲ့သူ ကိုယ်တိုင်လည်း စိတ်မရှည်နိုင်တော့ဘူး ထင်ပါရဲ့၊

La gare de Figueres-Vilafant စပိန်ပြင်သစ် နှစ်နိုင်ငံ ရထားပြောင်းစီးရာဘူတာ
ပါရီ လီယွန် ပါပီညွန် ပြင်သစ်ပြည် အရှေ့ခြမ်းက အမြန်ရထားလမ်း

ပါရီမြို့နဲ့ ဘာစီလိုနာမြို့ဟာ ကီလိုမီတာ ၁၀၀၀ ကျော် မိုင်အားဖြင့် ၆၅၀ ကျော်ခန့် ကွာဝေးပါတယ်၊
ပါရီနဲ့ စပိန်နယ်စပ်မြို့ Figueres-Vilafant ကိုတော့ မိုင်ပေါင်း ၅၆၀ ဝေးတာပါ၊ ဒါကြောင့် ပါရီကနေ စပိန်ကိုသွားတာ ပြင်သစ်ပြည်ရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်း တကြောလုံးကို ဖြတ်သန်းသွားရတာပါ၊ အဓိက ဖြတ်သန်းသွားရတဲ့ မြို့ကတော့ နာမည်ကျော် ဘောလုံးအသင်း L’Olympique lyonnais တည်ရှိရာ Rhône နဲ့ Saône မြစ်နှစ်စင်းဆုံတဲ့ အရပ်မှာရှိတဲ့ လီယွန်မြို့ပါ၊ ပါရီက လီယွန်ကိုတော့ ကီလိုမီတာ ၄၁၀ မိုင် ၂၈၀ လောက်ဝေးပါတယ်၊ တခြားသော ရထားဖြတ်သန်းသွားရာ မြို့လေးများ ကတော့ လီယွန်မရောက်ခင်မှာတော့ မြို့ကလေးများကို ခပ်လှမ်းလှမ်းကသာ ဖြတ်သွားတာများပြီး မြို့နဲ့ ရှစ်ကီလိုမီတာခန့်ဝေးတဲ့ Le Creusot-TGV နဲ့ Gare de Mâcon-Loché-TGV ဘူတာနှစ်ခုကို ရပ်ပါတယ်၊ လီယွန်မြို့မှာ ရပ်တဲ့ Lyon Saint-Exupéry TGV ဘူတာကြီးကလည်း မြို့လယ်က ၂၀ ကီလိုမီတာခန့် ကွာဝေးပါတယ်၊ အဲဒါမျိုးတွေ ရှိတတ်တာကြောင့် ခရီးတခုကို သွားတော့မယ်ဆိုရင် မြို့အကြောင်း လမ်းအကြောင်းတွေကို ကြိုတင်ပြီးတော့ လေ့လာထားနိုင်ရင် တကယ်တမ်း သွားတဲ့ အခါမှာ ပိုလွယ်ကူနိုင်ပါတယ်၊ လီယွန်မြို့ကို ကျော်လာရင်တော့ မြို့တွင်းနဲ့ ၁၂ ကီလိုမီတာ ဝေးတဲ့ Valence TGV ဘူတာနဲ့ Avignon TGV ဘူတာတို့ကို ရောက်ပါမယ်၊ ၂၀၀၁ ခုနှစ်ကမှ ဖွင့်လှစ်ခဲ့တဲ့ အာဗီညွန်မှာ မားဆေးလ်ကိုသွားတဲ့ ရထားတွေ လမ်းခွဲပါမယ်၊ အဲဒါကြောင့် အာဗီညွန်ဘူတာလည်း  ခရီးသွားများတဲ့ ဘူတာတခု ဖြစ်လာခဲ့ပြီး ခရီးသည် တနှစ်ကိုသုံးသန်းကျော် ဝင်ထွက်တဲ့ဘူတာပါ၊  အာဗီညွန်မြို့ကို ကျော်လာရင် ရထားလမ်းက မြေထဲပင်လယ် ကမ်းရိုးတန်းနဲ့အပြိုင် စပိန်နယ်စပ်ကို ဦးတည်ပြီးတော့ သွားပါတယ်၊ အဲဒီနောက်တော့ သက်တမ်းနှစ်ပေါင်း ၁၇၀ ခန့်ရှိပြီဖြစ်တဲ့ ၁၈၄၀ ခု ဝန်းကျင်က ဆောက်လုပ်ခဲ့တဲ့ ဘူတာတွေဖြစ်တဲ့ Nîmes ဘူတာ Montpellier-Saint-Roch ဘူတာ Perpignan ဘူတာတွေကိုရောက်ပါမယ်၊ မွန့်ပယ်လီယေးကို ကျော်လာခဲ့ရင်တော့ ရထားက စတင် နှေးသွားပါပြီ၊ Béziers နဲ့ Narbonne ဘူတာတွေကိုတော့ TGV သီးသန့်ဘူတာအဖြစ် အဆင့်မြှင့်ဖို့ လုပ်နေကြပါတယ်၊ ဒီဘူတာနှစ်ခုက မွန့်ပယ်လီယေးဘူတာနဲ့ ပါပီညွန်ဘူတာ နှစ်ခုကြားမှာရှိတာပါ၊

ပါရီ ဘောဒိုး ဘာရွန်း ပြင်သစ်ပြည် အနောက်ခြမ်းက အမြန်ရထားလမ်း
နာဘွန်ဘူတာလေးက Bordeaux ဘော်ဒိုး Toulouse တူးလူ့ဇ် Carcassonne ကာကဆွန်မြို့တွေ ဘက်ကလာတဲ့ ရထားလမ်းနဲ့ လီယွန်ကလာတဲ့ ရထားလမ်း တွေ့ဆုံရာ ဘူတာဖြစ်ပါတယ်၊ ပါပီညွန် ရောက်ရင် စပိန်နယ်စပ်နဲ့ တော်တော်နီးနေပါပြီ၊ အဲဒီစပိန်နယ်စပ်ရှိ အမြန်ရထားလမ်းပိုင်း အခုအခါ ပြီးစီးသွားလို့ စတင်စမ်းသပ်ပြီး ပါရီ-ဘာစီလိုနာ တိုက်ရိုက်ပြေးဖို့ စီစဉ်တာပါ၊ ပါရီ-လီယွန်-ပါပီညွန် ရထားလမ်းက ပြင်သစ်ပြည်ရဲ့မြောက်ကတောင်ကို အရှေ့ဘက်ခြမ်းက ဖောက်လုပ်ထားတဲ့လမ်းပါ၊ ပါရီ ဘော်ဒိုး Bayonne ဘာ့ရွန်းမြို့ အခြမ်းကနေ စပိန်သွားတဲ့ ရထားလမ်းထက် ဒီအရှေ့ခြမ်းလမ်း ကတော့ ပိုပြီး အင်တာနေရှင်နယ် ရထားလမ်းလို့ ပြောလို့ ရမှာပါ၊ ဒါကြောင့်မို့ ဒီလမ်းကို ဦးစားပေး အဆင့်မြှင့်နေတာပါ၊ မြောက်ပိုင်း အင်္ဂလန် စကင်ဒီနေဗီးယား နိုင်ငံတွေဆီကနေရော ဘယ်လ်ဂျီယံ နယ်သာလန်ဂျာမဏီဘက်က စပိန်ကိုသွားချင်ရင် ဒီလမ်းက အဓိကကျတဲ့လမ်း ဖြစ်ပါတယ်၊ ပါရီက ဘောဒိုးဘက် အနောက်ခြမ်း အတ္တလန်တစ်ကမ်းရိုးတန်းတလျှောက်က ပြင်သစ်တောင်ပိုင်းဒေသနဲ့ စပိန်ကို သွားမယ်ဆိုရင်တော့ အဲဒီလမ်းက ဘောဒိုးမြို့ကို မရောက်ခင်ထိ နာမည်ကြီး မြို့ဒေသများ သိပ်မရှိသလို ရထားကလည်း အမြန်လမ်းမပေါ်မှာသာ မရပ်မနား မောင်းနေတာမျိုး ပိုပြီးများတာပါ၊ ပြင်သစ်ရဲ့ နာမည်ကျော် ဘော်ဒိုးဝိုင် ထွက်ရာနယ်မြေသို့ မရောက်ခင်မှာတော့ နောက် ကမ္ဘာကျော် တခုဖြစ်တဲ့  ဟန်နဆီကော့ညှက် ထွက်ရှိရာ Cognac မြို့အနီးနားက ရထားဖြတ်မောင်းသွားတာပါ၊ ကော့ညှက် ဘူတာကိုတော့ တီဂျီဗွီရထားက မဖြတ်ပါဘူး၊ တီဂျီဗွီ ရထားဘူတာ ဖြစ်အောင်အတွက် ကော့ညှက် နယ်သူနယ်သားတွေနဲ့ တာဝန်ရှိသော လူကြီးမင်းတွေ ကြံစည် ကြိုးပမ်းနေကြတာက ကြာပြီဖြစ်ပေမဲ့ အခုထိတော့ မအောင်မြင်သေးပါဘူး၊ ဘယ်သူတွေမဆို ကိုယ့်ရပ်ကိုယ့်ရွာကို ဖွင့်ဖြိုး စေချင် ကြတာကတော့ မဆန်းလှပါဘူး မဟုတ်ပါလား၊ ဘော်ဒိုးကို ကျော်ခဲ့ရင်တော့ ရထားလမ်းက အတ္တလန်တစ်သမုဒ္ဒယာကမ်းခြေနဲ့ တော်တော်နီးနီးကို ရောက်ရှိလာပြီး မောင်းပါတယ်၊ ဘာ့ရွန်းမြို့ အနီးတဝိုက်မှာတော့ ခရီးသွား တိုးလ်ရစ်တွေနဲ့ ခေတ်သစ် သူဌေးများ ခရို အနီ အဖြူ အဝါ အမည်း တွေလို့ ပြောရင်ရနိုင်မလား မသိပါဘူး၊ အဲဒီလို လူစားတွေ အများစု ကျက်စားရာ ပင်လယ်ကမ်းခြေ ဒေသသို့ ရောက်ရှိလို့လာပါပြီ၊ စပိန်နယ်စပ်နဲ့ မလှမ်းမကမ်း အဲဒီ ကမ်းခြေဒေသက ကီလိုမီတာ သုံး လေးဆယ်ကျော် ရှည်လျှားပြီး စပိန်နယ်ထဲထိ ဆက်တိုက်ဆိုသလို တောက်လျှောက်တည်ရှိတာပါ၊ အဲဒီကမ်းခြေအကြောင်းတော့ ရေးလက်စတွေ ရှိပေမဲ့လည်း အဆုံးသတ်မရနိုင်သေးလို့ နောင်များမှ တင်ဆက်ပါမယ်၊ အဲဒီ သာယာလှပတဲ့ ပင်လယ်ရေချိုးဆိပ် ကမ်းခြေများက Biarritz, Saint-Jean-de-Luz, Saint Sébastien, Zarautz, Lekeitio et Getxo စသည်စသည်တို့ပါ၊ စပိန်ဘက်ကမ်းခြေ တလျှောက်မှာတော့ ပိုလို့သာများမယ် ထင်မိပါတယ်၊ ပြင်သစ်လို Station balnéaire လို့ခေါ်ကြတဲ့ Seaside resort မြို့များပါဘဲ၊ ပင်လယ်ရေလှိုင်းစီးတဲ့ ကစားနည်း Surfing ကိုကြိုက်နှစ်သက်ကြသူ များစွာ ကျက်စားရာ နေရာတွေလည်း ဖြစ်ပါတယ်၊ ခေတ်သစ်သူဌေး ခရိုအနီအနက်တွေ အဖြူတွေ အားလုံးရဲ့ စားကျက်အသစ်တွေလည်း ဖြစ်ပါတယ်၊ အီတလီဘက်အနီး မြေထဲပင်လယ်ကမ်းခြေက Cannes ကန်းန်း Nice နိ့စ် Monaco (Monte Carlo) မိုနာကိုနယ်မြေတွေက လက်သစ်သူဌေးတွေ တိုးမပေါက်သေးလို့ အနောက်ဘက်ခြမ်းက ဇိမ်ခံစရာဒေသသစ်တွေမှာ လာရောက်ပြီး ဇိမ်ခံကြတာ ဖြစ်လို့ တနေ့တခြား တနှစ်ထက်တနှစ် ပိုလို့ စည်ကားလာနေတဲ့ ကမ်းခြေတွေပါ၊ မောင်ရင်ငတေရဲ့ ရင်းနှီးသူ ရွှေသူရွှေသား တယောက်စနှစ်ယောက်စလည်း အဲဒီနယ်မြေမှာ ဝမ်းရေးအတွက် နေထိုင် အလုပ်လုပ်ကိုင်နေကြလို့ အဲဒီ အတ္တလန်တစ်သမုဒ္ဒယာကမ်းခြေ စပိန်ပြင်သစ်နယ်မြေ တကြောကို မောင်ရင်ငတေ ခြေဦးလှည့်ခွင့် ရခဲ့ပါတယ်၊ စိတ်ဝင်စားစရာ နေရာတွေနဲ့ မောင်ရင်ငတေ သွားခဲ့ဖူး ရောက်ခဲ့ဖူးတဲ့ အရပ်ဒေသတွေ အကြောင်းကိုတော့ ရေးတတ်သမျှနဲ့ ရေးထားတာတွေ ရှိနေတာကို ဆက်စပ်တင်ပြဖြစ်အောင် ကြိုးစားပါအုံးမယ် ခင်ဗျာ၊

  

Euskal Herria နယ်မြေအတွင်းက France Pays Basque 
ဒီနယ်မြေရောက်ရှိခဲ့ရင် သိရှိထားရမှာက သူတို့နယ်မြေကို သူတို့က Euskal Herria လို့ ခေါ်ကြပြီး ပြင်သစ်လို Pays Basque အင်္ဂလိပ်လို Basque Country လို့ ခေါ်ဆိုတာကိုပါ၊ သူတို့ဟာ Catalan ကာတာလန်စကားပြောသူတွေလည်းမဟုတ် စပိန်လည်းမဟုတ် ပြင်သစ်လည်းမဟုတ်ကြဘဲ သူတို့ စာစကား သူတို့ ဓလေ့ထုံးစံနဲ့ သီးသန့်ရှိကြတဲ့ လူမျိုးတွေပါတဲ့၊ ဒီနယ်မြေကြီးက စပိန်နဲ့ပြင်သစ်နယ် နှစ်ခုကိုခွနေတာဖြစ်ပြီး ဧရိယာစတုရန်းမိုင် ရှစ်ထောင်ကျော်ကျယ်ပြီး လူဦးရေ သုံးသန်းကျော် ရှိတဲ့ နယ်မြေပါ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ဘာတို့ တောင်းနေတာ ကြာပြီဖြစ်ပေမဲ့ သူ့ထက် နာမည်ပိုကြီးတဲ့ ကာတာလန်နယ်တောင်မှ အကြောင်းမထူးသေးတော့ ဒီနယ်မြေကလည်း နိုင်ငံတနိုင်ငံဖြစ်လာဖို့က မလွယ်လှသေးပါဘူး၊ အဲဒီနယ်မြေ အနားမှာဘဲ Andorra ဆိုတဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံကလေး တခုလည်း ရှိနေပါသေးတယ်၊ အဲဒီနိုင်ငံသေးသေးလေးဆီကို သွားလည်ဖို့ကလည်း ဘတ်စ်ကားမရှိ ရထားမရှိနဲ့ ဆိုတော့ကာ သီးသန့်စီစဉ်သွားမှ ရောက်မယ့် နေရာတခုဖြစ်လို့ မရောက်ဖူးသေးပါဘူး၊ ဒီရထားလမ်းပိုင်းကို မောင်ရင်ငတေ ဘာစီလိုနာထိ ရောက်အောင်တော့ မစီးဖူးသေးပါဘူး၊ ပြင်သစ် နယ်စပ်နားထိသာ စီးဖူးပါသေးတယ်၊ ပထမဆုံးအကြိမ် စပြီးတော့ စီးဖူးခဲ့တာက ပြင်သစ်မြေကြီးကို စနင်းအပြီး သုံးရက်ကြာတဲ့နေ့ကပါ၊ ဥရောပမှာပြင်သစ်မြေမှာ ရောက်ရှိပြီး ပထမဆုံးအကြိမ် ရထား စီးပြီး ခရီးသွားခြင်းပေါ့၊ ဥရောပဆိုတဲ့ မြေကြီးကို မအူမလယ်နဲ့ နင်းမိတဲ့ မောင်ရင်ငတေတယောက် ဥရောပအကြောင်းကို နဖူးတွေ့ ဒူးတွေ့ စတင်သိရှိ ခဲ့ရခြင်းပါ၊ တယောက်တည်းတော့ မဟုတ်ပါဘူး၊ ခရီးသွားဖော် ပါပါသေးတယ်၊ မောင်ရင်ငတေနဲ့ အခုအခါမှာ အဆက်အစပ် မရှိလို့ သူတို့အကြောင်း ထည့်မရေးတော့ပါဘူး၊ အဲဒီညက ဒုက္ခသည်ဘဝကို စတင်လျှောက်တော့မယ့် မောင်ရင်ငတေဟာ ရောက်ရောက်ချင်း ပါရီမြို့က ဟော်တယ်တခုမှာ ၂ ရက် တည်းခိုဖို့ ငွေချေထားပါတယ်၊ ပါရီမြို့ကို မောင်ရင်ငတေ ရောက်ရှိလာခဲ့ပုံက ခြေဗလာ လက်ဗလာနဲ့လို့ ပြောရင်ရပါတယ်၊ လက်ထဲမှာလည်း ဒေါ်လာ ၃၀၀ နီးပါးသာပါလာတာပါ၊ လေဆိပ်အဝင် ရှိုးမန်းနီးပြဖို့ တကယ်တမ်းသုံးစွဲလို့ ဘာတန်ဖိုး မှမရှိတဲ့ ငွေစက္ကူတွေတော့ အထပ်လိုက်ပါပါတယ်၊ အဲဒါကြောင့် ရောက်ပြီး နောက်တရက်မှာတော့ ပြင်သစ်မြေပေါ် ဆက်လက်ရှင်သန်ဖို့ အဆက်အသွယ် အသဲအသန် လိုက်ရှာရပါတယ်၊ ကိုယ်တိုင် တိုက်ရိုက်သိတဲ့သူက ပြင်သစ်မြေမှာ တယောက်မှမရှိပါဘူး၊ ဒါကြောင့် ဘန်ကောက် နယူးယောက် တိုကျိုမြို့တွေက သိရှိသမျှ လူတွေနဲ့ လိုက်ဆက်သွယ်ကြည့်တော့ ပြင်သစ်တောင်ပိုင်း မြို့တမြို့မှာ ရွှေလူမျိုးတဦး ရောက်ရှိနေထိုင်နေကြောင်းနဲ့ ဆက်သွယ်ကြည့်ဖို့ ဖုန်းနံပတ်တခုကို ရရှိလာပါတယ်၊

ပထမပါရီညရဲ့ နားခိုရာဟော်စတယ်

ဖုန်းနံပတ်ရပြီး ဆက်သွယ်ကြည့်လိုက်တော့ လာချင်ရင်လာခဲ့ပါဆိုတာနဲ့ မောင်ရင်ငတေတို့အတွက် နေစရာ အလကားရရင်ပြီးရောဆိုပြီး နောင်ကိစ္စနောင်မှာရှင်း သွားဖို့ပြင်ရပါတယ်၊ အမှန်မှာကတော့ ဟော်တယ်မှာလည်းဆက်နေဖို့ ပြောမထားပါဘူး၊ အဲဒီထက်ဈေး သက်သာတဲ့ နေရာကိုရှာနေဆဲပါ၊
အဲလိုနဲ့ ဟော်တယ်ရှာတာကိုရပ်၊ ရထားဘယ်လိုစီးသွားရတာကိုမေးရင်း ညနေစောင်းသွားပါတယ်၊ ပါရီ Gare de Lyon ဘူတာကိုရောက်တော့ မိုးတော်တော်ချုပ်လို့ နေပါပြီ၊ အပြေးအလွှားနဲ့သွားရင်း လက်မှတ်ဝယ်ရမယ့် ကောင်တာကိုကျော်ပြီး ထွက်တော့မယ့် ရထားစင်္ကြန်ကို ရောက်သွားပါတယ်၊ ဘယ်လိုရောက်သွားသလဲ ဆိုတာတောင်မှ သေချာမမှတ်မိတော့ပါဘူး၊ တွေ့တဲ့ရထားယူနီဖောင်းနဲ့ သူကိုမေးကြည့်တော့ ကိုယ်ပြောတဲ့ အကျိုးအပျက် အင်္ဂလိပ်စကားကို နားလည်သလား မသိပါဘူး၊ တက် တက် ဆိုပြီး ရထားပေါ် လက်ညိုးထိုးပြလို့ တက်ခဲ့ရပါတယ်၊ တွဲပေါ်ရောက်တော့ သွားရမယ့် ဘူတာ Béziers ဘေဇီယေးဆိုတာကို တွေ့တာနဲ့ စိတ်ဒုန်းဒုန်းချပြီး လိုက်လာခဲ့ပါတယ်၊ လက်မှတ် မဝယ်ရသေးလို့ မေးခဲ့တဲ့ လက်မှတ်စစ်လိုလို တွဲစောင့်လိုလိုကို ပြန်မေးကြည့်တော့ လက်ကာပြပြီး  ဘေးနားကနေ ဖြတ်သွားဖြတ်လာ လုပ်နေပေမဲ့ လက်မှတ်ဝယ်ဖို့ကိုတော့ မပြောပါဘူး၊ လူကလည်း ပင်ပန်းလွန်းတာနဲ့ အိပ်ပျော်သွားလိုက်တာ နောက်တနေ့မနက် နေထွက်လာမှ နိုးလာပါတော့တယ်၊ မြေထဲပင်လယ် အရပ်ဒေသမို့ ထင်ပါတယ်၊ နွေဦးရာသီဝင်စ ဆိုပေမယ့် နေက အစောကြီးမြင်နေရ ပါတယ်၊ ဆင်းရမယ့် ဘူတာရောက်လို့ ဆင်းလာခဲ့ပေမယ့် လက်မှတ်ခကတော့ မပေးလိုက်ရပါဘူး၊ ရထားဝန်ထမ်းကြီးက မောင်ရင်ငတေတို့ ရုပ်တွေကိုကြည့်ပြီး သနားသွားလို့ ရထားကို အခမဲ့စီးခွင့် ပေးလိုက်တာလားတော့ မသိနိုင်ပါဘူး၊ မောင်ရင်ငတေရဲ့ ပထမဆုံး ဥရောပရထား အတွေ့အကြုံပါ၊
အဲဒီလိုနဲ့ အဲဒီနယ်မြေမှာ နှစ်ဝက်ခန့်မျှ နေထိုင်ခဲ့ဖူးပါတယ်၊ အဲဒီအကြောင်းတွေကိုလည်း အတိုအစ ရေးထားတာလေးတွေ ရှိပါသေးတယ်၊ နောက်များမှ အကျယ်ချဲ့ ရေးပါအုံးမယ်၊
ပြင်သစ်မြေက လှမ်းမြင်နေရတဲ့ စပိန်တောင်တန်းများ 

ဘာဆီလိုနာကို တိုက်ရိုက်ရောက်ရှိမယ့် အမြန်ရထား အစီအစဉ် ဒီဇင်ဘာလလယ်က စတင်ခဲ့ရင် တနေ့ကို အသွားအပြန် နှစ်စီးနှုန်းနဲ့ မနက်တစီး နေ့လည်တစီး ပြေးဆွဲသွားမယ် ဆိုပါတယ်၊ ပါရီမြို့ PARIS GARE DE LYON ဘူတာနဲ့ PARIS AUSTERLITZ ဘူတာနှစ်ခုကနေ ရထားစတင်ထွက်ပြီး စပိန်နိုင်ငံ ကာတာလန်ပြည်နယ်ရဲ့ မြို့တော်က BARCELONA SANTS ဘူတာနဲ့ BARCELONA-FRANCA ဘူတာနှစ်ခုက တခုခုကို ရောက်မှာပါ၊ ဈေးနှုန်းတွေကတော့ သိပ်ပြီးတော့ ဈေးကြီးတယ် ပြောမရတဲ့ အသွား ယူရိုတရာကျော် အပြန်လည်း ဒီဈေးမျှ လောက်ပါဘဲ၊ ဈေးသက်သာတတ်သော ဗုဒ္ဒဟူးလိုနေ့မျိုး ကြားရက်ဆိုရင် ကြိုတင်ဝယ်ထားရင်တော့ ယူရိုသုံးလေးဆယ်နဲ့ တကြောင်းစာကို ရနိုင်ပါတယ်၊ တခါတလေမှာတော့ ပထမတန်း လက်မှတ်များက မောင်ရင်ငတေတို့ စီးနေကြဖြစ်တဲ့ ဒုတိယတန်းဈေးထက် ပိုလို့သက်သာနေတာကို တွေ့ရှိရပါတယ်၊ ဒါပေမဲ့ အဲဒီလို လက်မှတ်များဟာ အများအားဖြင့်တော့ နေ့ရက်အချိန် ပြောင်းစီးလို့မရ မစီးဖြစ် မသွားဖြစ်ရင် ပြန်အမ်းငွေ ထုတ်မရတဲ့ လက်မှတ်အမျိုးအစားပါ၊ ဈေးသက်သာတယ်ဆိုတာ ဈေးလျှော့ထားတယ်ဆိုတာ တကယ်တမ်းက တနေရာရာမှာ မူရင်းအော်ရဂျင်နယ်ဈေးနဲ့က ‘ဟ’ ထားပြီးသားပါ၊ 
စပိန်အမြန်ရထား RENFE AVE

ပြင်သစ်နယ်စပ်မြို့ Perpignan ပါပီညွန်ကနေဘာဆီလိုနာကို ကီလိုမီတာ ၁၀၀ ခန့်သာ ကွာဝေးပြီး အခု ရထားလမ်းသစ်ကို စတင်စမ်းသပ်စဉ် ကာလမှာ တနာရီနဲ့ မိနစ်နှစ်ဆယ်လောက် ကြာအောင် မောင်းရမှာဖြစ်ပြီး နောင်ကိုတော့ တနာရီအောက်သာ မောင်းရမှာဖြစ်ပါတယ်တဲ့၊ အဲဒါကြောင့် ပါပီညွန်မြို့ကနေ ဘာဆီလိုနာကို နေ့ချင်းပြန် သွားလည်နိုင်မှာဖြစ်ပြီး ဘာဆီလိုနာမှာ တနေ့တာ ၇ နာရီလောက် အချိန်သုံး နေနိုင်မှာဖြစ်ပါတယ်၊ Catalan ကာတာလန် ဘာသာစကား ပြောသူတွေရဲ့ မြို့တော် Barça ဘာဆာလို့ ခေါ်ဆိုကြတဲ့ FC Barcelona တည်ရှိရာ ကမ္ဘာ့ဘောလုံးချန်ပီယံတွေရဲ့ ဘာစီလိုနာမြို့ကို ပြင်သစ်နယ်စပ်ကနေ အဲဒီလို နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်ပါပြီ၊

စပိန် RENFE AVE (Alta Velocidad Española)  

ဘာဆီလိုနာမြို့ Barcelona Sants ဘူတာကနေ စပိန်နိုင်ငံအလယ်ပိုင်းက စပိန်ပြည်ရဲ့ မြို့တော် Madrid Atocha ဘူတာကိုတော့ ကီလိုမီတာ ၁၀၀ လောက် ဆက်သွားရင် ရောက်ပါပြီ၊ ဥရောပရဲ့ သမမျှတတဲ့ ရာသီဥတုကောင်း အစားအသောက်ကောင်း သက်တောင့်သက်သာ စရိတ်နည်းနည်း ဇိမ်ခံချင်ဘွယ်ရာ တော်တော်များများရှိရာ ရှေးဟောင်းအမွေအနှစ်တွေ အများကြီးရှိရာ စပိန်ဆိုတဲ့ တိုင်းပြည်အကြောင်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လို့ ရေးနိုင်အောင် ကြိုးစားပါအုံးမယ်၊ ပါရီမြို့ Gare de Lyon ဘူတာကြီးကနေ ကာတာလန်စကားနဲ့ Estació de Barcelona-Sants စပိန်စကားနဲ့ Estación de Barcelona Sants ခေါ်တဲ့ ၂၀၀၇ ခုနှစ်ကမှ အသစ်ပြုပြင်တည်ဆောက် ပြီးစီးခဲ့တဲ့ ဘာစီလိုနာ ဘူတာကြီးကိုသွားမယ့် ရထားလမ်း အကြောင်းကို ရေးသားလိုက်ရပါတယ်၊ 
စပိန်ကမ်းခြေတနေရာ

မောင်ရင်ငတေလည်း ဒီခရီးစဉ် အစဆုံးကို မစီးဖူးသေးလို့ အခုလို အချိန်မပုတ်တော့ဘဲ တိုက်ရိုက် ရောက်ပြီဆိုတော့ကာ ပိုသွားချင်တဲ့စိတ်တွေ ပိုမိုများလာပြီး ဒီတခေါက် ခရီးထွက်ဖြစ်ရင် သွားဖို့ကို ဦးစားပေးစာရင်းမှာတို့လို့ ထားမိလိုက်ကြောင်းပါ ခင်ဗျာ၊
ပြင်သစ်ပြည်သို့အဝင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts