သတင်းပဒေသာ

CRPP အမည်နှင့်ရည်ရွယ်ချက်ပြင်ဆင်မည်

by Yangon Press International on Friday, 9 March 2012 at 03:52 ·

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ – CRPP ( ၁၉၉၀ ) အား အမည်နှင့် ရည်ရွယ်ချက်ကို  ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြင်ဆင်မည်ဖြစ်ကြောင်း  ယင်းကော်မတီဝင်တစ်ဦးဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းကပြောသည်။

“ CRPP ဆိုတာဖွဲ့လို့မရတော့ဘူးလေ။ CRPP ကိုယ်စားပြုတဲ့လွှတ်တော်က လွန်သွားပြီ။ အဲဒီပုံစံလုပ်လို့မရတော့ဘူး။ အခြားပုံစံတစ်မျိုးပြောင်း လုပ်ရမယ်” ဟု၎င်းကဆိုသည်။

CRPP အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်ကလည်း ယခုအချိန်တွင် အခြေအနေများပြောင်းလဲလာသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော နာမည်နှင့် ရည်ရွယ်ချက်ကိုပါ ပြောင်းလဲရခြင်းဖြစ်ကြောင်း ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲုတွင် ရွေးကောက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်များကို န.၀.တ အစိုးရမှ လွှတ်တော်ခေါ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ယင်းကိုယ်စားလှယ်အများစုမှ စုပေါင်းကာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ လွှတ်တော်ပေါ်ပေါက်ရေးနှင့် လွှတ်တော်မပေါ်ပေါက်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်ရေး တို့ဖြစ်သည်။

ယခုအခါ ထိုရည်ရွယ်ချက်များအစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ၂၀၀၈ ဖွဲု့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးစသော ရည်ရွယ်ချက်များ ပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်ကဆိုသည်။

၎င်းက “  ဒေါ်အောင်ဆန်းစုကြည့်က လွှတ်တော်တွင်းကနေ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက အပြင်ကလုပ်မယ်။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပေါင်းလုပ်မယ့်သဘောပါ” ဟုပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော အမည်အား အစားထိုးရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ကော်မတီဝင်များ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ အမျိုးသားဒီမိုကရေစီပါတီ၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ လူ့အခွင့်ုအရေးနှင့် ဒီမိုကရက်တစ်ပါတီ တို့မှ ၁၉၉၀ ရွေးကောက်ပွဲနိုင်ကိုယ်စားလှယ်များပါဝင်ပြီး  တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးသိန်းဖေလည်း ပါဝင်သည်။

၎င်းပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားပြီး ကျန်ရှိသောပါတီများမှာမူ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ထားကြသည်။        ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts