>Maung Lwn Ni – Poem

>

ညီအစ်ကို မသိတသိ မဟုတ်တဲ့ အချိန်
မောင်လွမ်းဏီ
စက်တင်ဘာ ၂၉၊ ၂၀၁၁
တစတစ နဲ့ 
အဖေ့အထင်ပြောရရင်
လေလုံးကွဲချင်လာတယ်ငါ့သား။
လူထုက ထုလူ ဖြစ်
ဓမ္မကအဓမ္မ ဖြစ်
သူရဲကောင်းကသစ္စာဖောက်ဖြစ်
သမိုင်းထဲကလူကလူရာမ၀င်တဲ့ သမိုင်းထဲရောက်
လွတ်မြောက်လာတဲ့အကျဉ်းသားက အကျဉ်းသားပြန်ဖြစ်
သမိုင်းဖြစ်ထွန်းမှုတွေကဖြစ်ထွန်းမှုသမိုင်းမဟုတ်။

မင်းအမေ့လင်
မင်းဖခင်
အဆိုးမမြင်တတ်
ရပ်ရွာသိအောင်
ကဗျာဆရာယောင်ယောင်လုပ်နေတာ။

တကယ်လို့များ
တညသားမှာသားရယ် 
မင်းအဖေ၊ လူ့ လောက က
ထွက်ခွာရတော့မယ်ဆိုရင်၊
အဖေ့အနား တိုးလာစမ်းပါ
မှာစကားများနားထောင်စမ်းကွာ။

ကျနော့်ကိုပြောမဲ့စကားတွေ
ကျနော်သိတယ်၊ကြားတယ်၊
ဘာသာပြန်တတ်တယ်
အဖေ့ရဲဘော်တွေလေဖြတ်လို့  သေတာတဲ့ …
အမေလေဖြတ်တာ ဘာလဲ။

ဦးငြိမ်းလေဖြတ်လို့  သေတာလား
လေဖြတ်လို့ ဦးငြိမ်းသေတာလား
တခုခုတော့မှားနေတယ် ဦးဂုရု
ဦးဂုရုရောတခုခုမှားခဲ့လား။

တခါတရံအဖေ့ရန်စကားထဲမှာ
ဒါအနာတရ ရာဇ၀င် သမိုင်းတွေကွ တဲ့
အဖေပြောတာခန ခန။

အဖေကြေကွဲနေတဲ့
စက်တင်ဘာ၂၇ ညက
သူ့ကဗျာ ငါးရောင်ခြယ်ကို ရွတ်ပြတာ
လေလုံးကွဲတယ်။

ဒီအချိန်ဦးအောင်ဝေးတို့  ဦးသစ်ကောင်းတို့ ၊ဦးကျော်သူမိုးမြင့်တို့ 
အဘတဲကိုအတိုးချ လွမ်းမှာပဲနော် တဲ့။    ။

၂၇ – ၉ – ၂၀၁၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts