>
ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသူတို့သည် အမျိုးမျိုးသော ထွက်ခွာခြင်းများနှင့်အတူ အသီးသီး ထွက်ခွာသွားကြသည်။ သက်တမ်းကုန်ဆုံး၍ ထွက်ခွာခြင်း၊ (၉၆) ပါးသော ရောဂါနှင့် သက်တမ်းမကုန်ဆုံးခင် ထွက်ခွာသွားခြင်း၊ ဥပစ္ဆေဒကကံကြောင့် ထွက်ခွာသွားခြင်းတည်းဟူသော ဖူး၍ကြွေ၊ ပွင့်၍ကြွေ၊ နု၍ကြွေ၊ ရင့်၍ကြွေ၊ မှည့်၍ကြွေ၊ ပိုးကိုက်၍ကြွေ၊ ခူးကြွေသော ကြွေပုံ ကြွေနည်း၊ သေပုံ သေနည်းတို့ဖြင့် အသီးသီး သေဆုံးကြရကုန်၏။
ဦးသိန်းဝင်းသည် ဒလမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ရေခြားမြေခြား သမုဒ္ဒရာပင်လယ်အော်ကြီးထဲတွင် နိုင်ငံရပ်ခြားပိုင် ပင်လယ်ကူးသင်္ဘောကြီးပေါ်တွင် သင်္ဘောလုပ်သားအဖြစ် ရိုးသားစွာ လုပ်ကိုင်နေသူဖြစ်သည်။ မိမိ၏ဝမ်းစာ၊ မိသားစုဝမ်းစာအတွက် ပင်ပန်းကြီးစွာ အသက်စွန့်၍ ပင်လယ်ပြင်ကြီးထဲ ရှာဖွေနေဆဲ ဦးသိန်းဝင်း၏ မလွန်ဆန်နိုင်သည့် ပင်ပန်းဆင်းရဲမှုဒဏ်ကြောင့် ဖြစ်ပေါ်လာသော ရောဂါဝေဒနာကို ခံစားလာခဲ့သည်။
ထို့ကြောင့် မိမိ၏ ရောဂါဝေဒနာ ခံစားမှုအား ကြံကြံခံ၍ အမိမြေ မိသားစုရှိရာ ဒလမြို့သို့ ပြန်လာ၍ ဆေးဝါးကုသမှုကို မိသားစုနှင့် မခွဲတမ်း အနီးကပ်ကုသရန်အတွက် ကြိုးစားတော့သည်။ ဝေဒနာကိုခံစားရင်း တိုင်ဝမ်မြို့မှ ရန်ကုန်သို့ ပြန်အလာ လေယာဉ်သည် တိုက်ရိုက်ရန်ကုန်သို့ ပြန်သန်းမည့်လက်မှတ်ကို မရရှိခဲ့သည့် အတွက် ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်(ဒလ)သို့ ပြန်ရန်ကြိုးစားတော့သည်။ သို့သော် ၁၆. ၈. ၂၀၁၁ (အင်္ဂါ) နေ့တွင် ထိုင်းနိုင်ငံအရောက် လေယာဉ်ပေါ်တွင် ဦးသိန်းဝင်းသည် ရောဂါဝေဒနာဖောက်ကာ အသက်ပါ ဆုံးရှုံးသွားခဲ့ရသည်။
ထို့ကြောင့် ဦးသိန်းဝင်း၏ ရုပ်အလောင်းအား ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ ဘန်ကောက်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်စစ်ဆေးကာ ရန်ကုန်မြို့ သို့ ၁၈. ၈. ၂၀၁၁ (ကြာသပတေးနေ့) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးသိန်းဝင်း၏ ရုပ်အလောင်းအား စစ်ဆေးကာ ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အကူအညီဖြင့် အသင်းသားများနှင့် ဝန်ထမ်းတို့မှ ပို့ဆောင်ကူညီပေးခဲ့သည်။
၂၀.၈.၂၀၁၁ (စနေနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းမှ ဦးသိန်းဝင်း၏ ရုပ်အလောင်းအား ကျန်ရစ်သူမိသားစုတို့၏ ဆန္ဒအရ နာရေးကူညီမှုအသင်း(ရန်ကုန်) အကူအညီဖြင့် ဒလမြို့သို့ ရန်ကုန်မြို့ စဥ့်အိုးတန်းဆိပ်ကမ်းမှတဆင့် စက်တပ်သမ္ဗာန်ဖြင့် ပြန်လည်၍ ပို့ဆောင်ကာ ဓနိတောသုဿန်၊ ဒလမြို့နယ်တွင် အပြီးသတ် သင်္ဂြိုဟ်ပေးမည်ဖြစ်သည်။
ဦးသိန်းဝင်းကဲ့သို့ ကုန်းတတန်၊ ရေတတန်၊ လေတတန်ဖြင့် ကမ္ဘာမြေပြင်ကြီးမှ နောက်ဆုံး ထွက်ခွာသွားခြင်းမျိုးကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမမှုတို့သည် အလွန်ထူးခြားသော ဖြစ်ရပ်ဖြစ်စဉ်တခုပင် ဖြစ်တော့သည်။
ကောင်းရာသုဂတိလားပါစေ . . . . ။