>
မိုးမခ၏ စု ၆၆ အမှတ်တရစာအုပ်ထွက်ပြီ၊ စာမူရှင်များနဲ့ ၀ိုင်းတော်သားတွေ ဆက်သွယ်ပါ
မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၂၂၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့ မြန်မာအနုပညာရှင်တွေရဲ့ စာပေအနုလက်ရာတွေနဲ့ မိုးမခက လွန်ခဲ့တဲ့ ဇွန်လက အွန်လိုင်းမှာ နေ့စဉ် တင်ဆက်ခဲ့တယ်။ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ မှာ အင်တာနက်အီးမေးတွေကတဆင့် အီးဘုတ်အုပ် ထုတ်လုပ်ဖြန့်ချိခဲ့တယ်။ ယခု ကတိပေးထားတဲ့အတိုင်း စာမူရှင်တွေနဲ့ ၀ိုင်းတော်သားတွေကို ကျေးဇူးလက်ဆောင်ပေးဖို့ အထူးပုံနှိပ်စာအုပ် ထွက်လာပါပြီ။
ထိုင်းနိုင်ငံရောက် မိုးမခစာမူရှင်နဲ့ ၀ိုင်းတော်သားများ – ချင်းမိုင်တွင် ကိုဇာနည်ဝင်း၊ မဲဆောက်တွင် ကိုအောင်ထက်ကို ဆက်သွယ်ပါ။ ကျန်နိုင်ငံက သူတွေ (မြန်မာပြည်မပါ)ကတော့ အမေရိကန်က မောင်ရစ်နဲ့ ကိုဦးကို ဆက်သွယ်ပါ။ စာမူရှင်နဲ့ ၀ိုင်းတော်သားများ အမည်စာရင်းနဲ့ သတ်မှတ်ပြီး စာတိုက်ကနေ ပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒါကတော့ အခမဲ့၊ မေတ္တာလက်ဆောင်ပါ။ စာတိုက်ခကိုပါ မိုးမခက စိုက်မယ် ဖြစ်ပါတယ်။
အမှတ်တရ ၀ယ်ယူအားပေးလိုသူများအတွက်ကတော့ မိုးမခက ရန်ပုံငွေရအောင်လို့ ရောင်းပေးပါ့မယ်။ ၀ိုင်းတော်သားတွေထဲက ကူညီပြီး ရောင်းပေးချင်သူများလည်း ကြိုတင်ဆက်သွယ်ပါ။ စာအုပ်က အရင်း ၅ ဒေါ်လာ၊ ပို့ခ စာတိုက်ဖိုးက ၅ ဒေါ်လာ (ပိုပိုမိုမိုတွက်ထားတာ) ပြီးတော့ မိုးမခ ရန်ပုံငွေနဲ့ မွေးနေ့အလှူအဖြစ် သက်ဆိုင်ရာကို ပေးအပ်မယ်လို့ စဉ်းစားပါတယ်။ မိုးမခကို ၅ ဒေါ်လာ၊ မွေးနေ့အလှူ သက်ဆိုင်ရာသို့ ၅ ဒေါ်လာ သတ်မှတ်မယ်လို့ စဉ်းစားထားတော့ စာအုပ် ၁ အုပ်ကို အမေရိကန်ဒေါ်လာ ၂၀ နဲ့ အမှတ်တရသိမ်းဆည်းနိုင်ပါတယ်။