>
ယခင်သန်းရွှေ၏ အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိန်ဖြစ်လာ
မိုးမခအထောက်တော် ရန်ကုန်
ဧပြီ ၂၃၊ ၂၀၁၁
ယခင် နအဖ စစ်အစိုးရ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့ဥက္ကဌရာထူးကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အားလွှဲအပ်ခဲ့ သည်ကိုယနေ့ထုတ် အစိုးရ သတင်းစာဖေါ်ပြချက် အရသိရှိရသည်။
ယနေ့ထုတ် သတင်းစာတွင် အဆိုပါ အဖွဲ့၏ ၂၀၁၁ ခုနှစ်အတွက် ပထမဆုံး အကြိမ် အစည်းအဝေးတွင် ဥက္ကဌဖြစ်သူ ဦးသိန်းစိန်ဟု ဖေါ်ပြပါရှိပြီး လမ်းတံတားဖေါက်လုပ်ရေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ ထုတ်လုပ်မှု၊ စက်မှုလုပ်ငန်း စီမံကိန်းများ တယ်လီဖုန်း ဆက်သွယ်ရေး နှင့်ပတ်သက်သည့် ကိစ္စများဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသည်။
အဆိုပါရာထူးမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူထားသည့် ရာထူးဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရယူထားသည့် ရာထူး ၆ ခုအနက် နအဖ ဥက္ကဌ၊ ကာကွယ်ရေး ၀န်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်၊ အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့ဥက္ကဌ ဆိုသည့် ရာထူး ၄ ခုမှ အနားယူခဲ့သည်ကို ယခုအချိန်ထိ အတည်ပြုနိုင်ပြီး ကျန် ရာထူး ၂ ခုဖြစ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီဥက္ကဌ နှင့် ကြံ့ဖွံ့အသင်း(ယခုအခါ ပါတီ)၏ နာယက ရာထူးတို့မှ အနားယူမယူကိုမူ အတည်မပြုနိုင်သေးပေ။
အထူးစီမံကိန်း အကောင်အထည်ဖေါ်ရေး အဖွဲ့အစည်းအဝေးတွင် ဦးသိန်းစိန်က ပြောကြားရာတွင် “မိမိတို့နိုင်ငံသည် ရေ၊ မြေ၊ သဘာဝ သယံဇာတများရှိပါလျက်နှင့် အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း” ဟု တိုင်းပြည်ခေတ်နောက်ကျမှုကို ၀န်ခံဖေါ်ပြခဲ့သော်လည်း အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်းမရှိပေ။
အထူးသဖြင့် စီးပွားရေး ပေါ်လစီညံ့ဖျင်းမှု၊ တလွဲစီမံခန့်ခွဲမှုနှင့် လွတ်လပ်စွာ ပြိုင်ဆိုင်လုပ်ကိုင်ခွင့်မရှိပဲ စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်ပေးမှု စသည့် အကြောင်းအချက်များနှင့် ပတ်သက်ပြီး ဖေါ်ပြပြောဆိုခဲ့သည်ကို မတွေ့ခဲ့ရဟု ရန်ကုန်အခြေစိုက် စီးပွားရေး သတင်းထောက် တယောက်က ပြောသည်။