Uncategorized

Naing Oo Nyo (Phoe Zero) – Poem

မှာပါရစေအိုဘာမား
နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၂၁၊ ၂၀၁၃
အိုဘာမားရေ
ကျုပ်တို့ရဲ့
နိုင်ငံတော်သမတကြီးကို
အလည်ခေါ်တဲ့အတွက်
ကျေးဇူးတင်ကြောင်း
ဦးစွာပထမ
ပြောပါရစေ၊
ကျုပ်တို့ရဲ့
သမတကြီးက
နှစ်ဘက်မိဘများ
မကောင်းသော်လည်း
သူကလေးကတော့
လူကောင်းလေး
ဖြစ်ချင်ရှာပါတယ်၊
ကြီးလေချဉ်လေ
သံပုရာမျိုးထဲက
ခွဲထွက်ချင်တာ
နှစ်ပေါင်းများစွာ
ကြာခဲ့ပါပြီတဲ့၊
ခင်ဗျားတို့ရဲ့
ဒီမိုကရေစီဆိုတာကြီးနဲ့
လူ့အခွင့်ရေးဆိုတာကြီးတွေကို
ချဉ်ခြင်းတပ်တာ
နှစ်ပေါင်းများစွာ
ကြာခဲ့ပါပြီတဲ့၊
သူ့ခင်မျာ
မိဘများကို
ကြောက်ခဲ့ရတော့လည်း
ဒီမိုအခွင့်အရေးစကား
ကျယ်ကျယ်မပြောရဲခဲ့တာကို
ခွင့်လွှတ်ပေးပါခင်ဗျာ၊
မိဘမကောင်း
သားသမီးခေါင်းဆိုသလို
အပေါင်းအသင်း
မှားယွင်းပေါင်းမိခဲ့တာတွေကို
ခွင့်လွှတ်ပေးပါခင်ဗျာ၊
ဗမာပြည်
ပညာရေးအဆင့်မြင့်ဖို့
ခင်ဗျားတို့ကို
သူအားကိုးသလို
ဒီပဲယင်းက
ဝါးရင်းဒုတ်သမားများ
လက်ပတောင်းက
မီးခိုးဗုံးသမားများကိုလည်း
သင်တန်းများများပေးဖို့
တိုက်တွန်းပေးပါအုံးခင်ဗျား၊
ဗမာပြည်
နိုင်ငံရေးအဆင့်မြင့်ဖို့
ခင်ဗျားတို့ကို
သူအားကိုးသလို
တပ်မတော်ထဲက
အားလုံးကောင်းပါသည်ခင်ဗျာများနဲ့
လွှတ်တော်ထဲက
အိပ်ပျော်နေရှာသူများကိုလည်း
ဆင့်ပွားသင်တန်းပေးဖို့
တိုက်တွန်းပေးပါအုံးခင်ဗျာ၊
ခင်ဗျားတို့ဆီက
ပက်စီတို့
ကိုကာတို့
ဘာဂါတို့ကို
ကျုပ်တို့ရွာက
တောင်သူကြီးတွေ
မစားရလည်း
နေပါစေဗျာ၊
ဖယောင်းတိုင်ဈေး
လျှော့ချပေးဖို့ရယ်
ထမင်းတနပ်
လျှော့မစားခိုင်းဖို့ရယ်ကိုတော့
ကြုံတုန်းသေချာ
မှာလိုက်စေချင်ပါတယ်၊
ပြောင်းတာတွေတော့
ပြောင်းနေပါတယ်
ပြောကြတာဘဲ
ပြောင်သွားတဲ့တောတွေ
ပြောင်သွားတဲ့တောင်တွေ
ခပ်ပြောင်ပြောင်
အချောင်နှိုက်သွားတဲ့သူတွေနဲ့
သတိထားဆက်ဆံဖို့
ကြုံတုန်းသေချာ
မှာလိုက်စေချင်ပါတယ်၊
မှာစရာတွေ
များလွန်လွန်းတော့
အားတော့နာတယ်
တော်ပါသေးပြီ
အိုဘာမားရေ၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts