>SF Bay Burmese host Fund Raising for Giri Cyclone Victims

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဂီရိမုန်တိုင်းသင့် ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပ
မိုးမခဓာတ်ပုံသတင်း
နိုဝင်ဘာ ၈၊ ၂၀၁၀
ယမန်နေ့ နံနက် ၁၀ နာရီက နေ့ခင်း ၂ နာရီအထိ နိုင်ငံတကာရခိုင်အမျိုးသားအသင်း (WAO – USA) အဖွဲ့က ကြီမှူးကျင်းပပြီး ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၀ိုင်းဝန်းကြသော မြန်မာပြည် ရခိုင်ဒေသ ဂီရိမုန်တိုင်းသင့်သူများ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်ဟု သိရှိရသည်။
ထိုနေ့က ဆန်ဖရန်ဘေးဧရိယာတခုလုံးတွင် မိုးများ ရွာသွန်းလျက်ရှိရာ အမိုးအကာမဲ့ ပန်းခြံအတွင်း ပြုလုပ်သော ဈေးရောင်းပွဲသို့ ဧည့်ပရိသတ်များ စုံလင်စွာ လာရောက်ကြပါ့မည်လားဟု စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ရသည်ဟု ရခိုင်အမျိုးသားအသင်းက တာဝန်ခံတဦးဖြစ်သူ ဦးစိန်ထွန်းက ပြောကြားသည်။
             သို့သော်လည်း မနက် ၁၁ နာရီအချိန်က စတင်ပြီး ကုသိုလ်ရှင် ဧည့်သည်များ တဖွဲဖွဲရောက်လာကြကြောင်း၊ ဧည့်ပရိသတ် ဦးရေ ၂၀၀ ကျော်မှ ၃၀၀ အထိ လာရောက် အားပေး လှူဒါန်းမှုများ ပြုလုပ်ကြကြောင်း၊ ရန်ပုံငွေ ဈေးဆိုင် အရေအတွက်အားဖြင့် ၁၀ ဆိုင် ကျော်ခန့် ရှိသော်လည်း ဆိုင်အားလုံးက ပြင်ဆင်ထားသည့် မုန့်များ အစားအသောက်များ အကုန် ရောင်းရကြောင်း သိရှိရသည်။
            ပြည်သူ့ဂုဏ်ရည် အသင်း (ဆန်ဖရန်စစ္စကိုဘေးဧရိယာ) က လုပ်အားပေးများကလည်း ရန်ပုံငွေဈေးရောင်းပွဲတွင် ၀ိုင်းဝန်းကူညီခြင်း၊ လက်ဘက်သုတ်နှင့် ရေနွေးကြမ်း ရောင်းချပြီး လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။
            ရခိုင်အမျိုးသားအသင်း (WAO – USA) ၏ တာဝန်ခံတဦးဖြစ်သော ဦးစိန်ထွန်းက ပြောကြားရာတွင် အချိန်တိုတိုအတွင်း အမြန်ပြင်ဆင်၍ ကျင်းပရသဖြင့် ဈေးရောင်းပွဲမှာ မိုးထဲလေထဲမှာပင် ဆောင်ရွက်ခဲ့ရကြောင်း၊ သို့သော်လည်း ပွဲဖြစ်မြောက်အောင်မြင်အောင် ၀ိုင်းဝန်းကြသော လုပ်အားပေးများ၊ အလှူရှင်များ၊ စီစဉ်သူများ၊ လာရောက်အားပေးသူ ကုသိုလ်ရှင်များ အားလုံးကို မိမိတို့ ရခိုင်အသင်းက အထူးဝမ်းမြောက် ဂုဏ်ယူပြီး လွန်စွာ ကျေးဇူးတင်ရှိကြောင်း၊ ရရှိသော အလှူငွေများကို အများဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် အမြန်ဆုံး ထုတ်ပြန်ပြီး ရခိုင်ပြည်ရှိ ဒုက္ခသည်များထံသို့ အမြန်ဆုံးနဲ့ တိုက်ရိုက် ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးဇူးမှတ်တမ်းကို ရေးသားပြီး ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားသွားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts