>SPDC promotes white elephant

>

၅ ကောင်မြောက် ဆင်ဖြူကြောင့် မြန်မာပြည် ကောင်းစားမည်ဟုဆို
မိုးမခအထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၅၊ ၂၀၁၀ ယနေ့ထုတ် သတင်းစာများတွင် အသားဖြူသည့် ဆင်နှင့် ပုံမှန်ဆင်များကို ယှဉ်ပြထားသည်။ ထိုဆင်ကို ဖမ်းမိခြင်းမှာ အလွန် ထူးခြားအံ့သြဘွယ်ဖြစ်သည်ဟု ဆိုသည်။ (ဓာတ်ပုံ-NLM)


လွန်ခဲ့သည့် ၂ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အဖြူရောင် ဆင်တကောင် ဖမ်းဆီးရမိခြင်းသည် “ပြည်သူတစ်ရပ်လုံး အဘက်ဘက်မှ ယခုထက်ပို၍ ဖွံ့ဖြိုး တိုးတက်မည့်နိမိတ်ကောင်း” ဖြစ်သည်ဟု နအဖ အစိုးရ သတင်းစာများတွင် ယနေ့ ရေးထားသည်။

ရွေးကောက်ပွဲကြီး တည်ငြိမ် အေးချမ်းစွာ အောင်မြင်စွာ ပြီးမြောက်မည့် အပြင် နောက်တက်မည့် အစိုးရသစ် လက်ထက်တွင်လည်း ယခု ကဲ့သို့ အေးချမ်း၊ ဖွံ့ဖြိုးပြီး စည်ပင်ဝပြောမည့် အတိတ် နိမိတ်ကောင်းဟု ဖေါ်ပြထားသည်။

ပြည်ပ အခြေစိုက် သတင်းဌာနတချို့က “ဆင်ဖြူ”ဟု သုံးနှုန်းသော်လည်း စစ်အစိုးရကမူ “ဆင်ဖြူတော်ရတနာ” ဟု ရေးထားသည်။

အသက် ၁၈ နှစ် အရွယ်ခန့် ရှိသည့် ထိုဆင်သည် “ဆင်ဖြူတော်ရတနာ၏ ကြန်အင်လက္ခဏာများနှင့် အထူးပင်ပြည့်စုံကြောင်း ကြားသိရသည့်အတွက် ပြည်သူအများ နှစ်ထောင်းအားရ ဝမ်းမြောက် ဂုဏ်ယူလျက်ရှိကြကြောင်း” ဟု သတင်းစာက ဆိုသည်။

လွန်ခဲ့သည့် လပိုင်းအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှပင် အသက် ၄၀ ၀န်းကျင်အရွယ်ရှိ ဆင်ဖြူ တစ်စီး ရှာဖွေဖမ်းဆီးခဲ့ပြီး ယခုအခါ ဗိုလ်ချုပ်ကြီးတို့ အခြေစိုက်ရာ နေပြည်တော်တွင် စောင့်ရှောက်ထားသည်။

ဆင်ဖြူဖမ်းမိခြင်းကို နအဖက ၎င်းတို့ အာဏာတည်မြဲရေး အတိတ်နိမိတ် အဖြစ် မှတ်ယူလေ့ ရှိပြီး ထိုသို့ ဖမ်းမိခြင်းကို လာမည့် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ပြီးမြောက်ခြင်း၊ တိုင်းပြည် သာယာဝပြောခြင်းတို့နှင့် တွဲဖက် ဖော်ပြထားခြင်းမှာ ယုတ္တိမတန်ဟု ရန်ကုန်မှ သတင်းစာဆရာ တစ်ဦးက ဝေဘန်သည်။

အဆိုပါ သတင်းစာဆရာက “ရွေးကောက်ပွဲ အေးချမ်းစွာ ပြီးဖို့တို့ နောက်တက်မယ့် အစိုးရ လက်ထက်ပဲ ဖြစ်ဖြစ် အခု အစိုးရပဲဖြစ်ဖြစ် တိုင်းပြည် စည်ပင် ၀ပြောဖို့ ဆိုတာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရဲ့လား၊ စီးပွားရေး ပေါ်လစီ မှန်ကန်ရဲ့လား ဆိုတဲ့ လက်တွေ့လုပ်ရပ်တွေ အပေါ်မှာ မူတည်တာပါ။ ဆင်ဖြူတွေ့ရင် တိုင်းပြည်ကောင်းစားမယ် ဆိုတဲ့ အယူအဆတွေဟာ ပဒေသရာဇ်ခေတ်က ဘုရင်တွေ ယုံကြည်ကြတာပဲ ကြားဖူးတယ်။ ဒီနေ့ခေတ် ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မကြားဖူးဘူး´´ဟု ဝေဖန်ပြောဆိုသည်။

ဤဆင်သည် ဗိုလ်ချုပ်ကြီးတို့၏ ၂၂ နှစ် အုပ်ချုပ်မှုသက်တမ်းအတွင်း ၅ ကောင်မြောက် ဖမ်းဆီးမိသည့်ဆင် ဖြစ်သည်။

ဗိုလ်ချုပ်ခင်ညွန့် ကြည့်ရှု စောင့်ရှောက်ခဲ့သည့် ဆင်ဖြူ ၃စီးကိုမူ ဗိုလ်ချုပ်ခင်ညွှန့် ဖြုတ်ချခံရ ပြီးနောက် ဂရုစိုက် စောင့်ရှောက် ခြင်းမပြုတော့ကြောင်း သိရသည်။ ထို ၃စီးအနက်မှ တစ်စီးပင် လွန်ခဲ့သည့် နှစ်များက သေဆုံးခဲ့ပြီး ဖြစ်သည်။ ကျန် ၂ စီးကိုလည်း နေပြည်တော်သို့ရွေ့ပြောင်းခြင်း မပြုဘဲ ရန်ကုန်မြို့ ကျောက်တော်ကြီး ဘုရားဝင်း ရှေ့တွင်ပင် ထိန်းသိမ်းထားသည်။

ရန်ကုန်မှ လူငယ်တဦးကလည်း ဆင်ဖြူကြောင့် တိုင်းပြည် တိုးတက်၊ ချမ်းသာမည် ဆိုသည်ကို မယုံကြည်ဟု မိုးမခကို ပြောသည်။

“ဆင်အတွက် facility တွေ ထပ်လုပ်မှာ ဆိုတော့ ပိုက်ဆံ ပိုကုန်မှာပေါ့” ဟု သူက ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts