>
အနားသတ်မရတဲ့ …
ဇေမှိုင်း
သြဂုတ် ၁၈၊ ၂၀၁၀
ကြာခဲ့ပြီ …
ဘာသာပြန်မရတဲ့ စကားလုံးတွေက
ကောင်းကင်ထဲဝဲပျံ
အနံအစော် မကင်းတဲ့
မနက်ခင်းဆိုတာကြိးကို ရှေ့မှာပြ
ပြောလိုက်ကြတဲ့ စကားတွေ
ခပ်ညံ့ညံ့ မျက်လှည့်ဆရာများရဲ့
လူမကြိုက်တဲ့ ပဉ္စလက်တွေ
အိပ်မက်တွေက
တောင်ပိုင်းဆီ တရွှေ့ရွှေ့
မြောက်ပိုင်းဆီမှာ တငွေ့ငွေ့ ….
သားသည်မိခင်တယောက်တွေ့ရ
သူမက လမ်းဆိုတာ ပိတ် မရပါဘူး
ရှေ့ဖက် လမ်းမကောင်းရင်
တောင်လမ်းက ချိုးဝင်တာပေါ့
မြေကြီးပေါ် မသွားရရင်
ရေပေါ်မှာ လျှောက်မှာပေါ့တဲ့
ခလေး ခါးထစ်ခွင်ထားတဲ့မိန်းမ
သူ့ကုန်းစိမ်းခြင်းလေးထဲမှာ
တပြားမှ မလျှော့တဲ့ မာနနဲ့လေ …
သူမ ချစ်ခြင်းက ပြင်းတယ်
နင်တို့ ခေါ်တဲ့လမ်းက မလိုက်ဘူး
ငါခရီးနဲ့ ငါ …
ငါ့သားနဲ့ ငါ …
ငါ ဒီလို သွားနေတာ …
နှစ်ပေါင်း နှစ်ဆယ်ကျော်ပေါ့။
ရပ်နေရင်း နောက်မရောက်ချင်လို့ …
ဒီရှားမီးတောကိုဖြတ်မယ်
ငါ့ခရီးအတွက်
ငါ့ရှေ့ဆက် – ငါပြောမယ်
လမ်းပြမယ် ဆိုတာ ငါမယုံတော့ဘူးတဲ့လေ …
သြဂုတ် ၁၁၊ ၂၀၁၀