>Funeral for Thu Maung and Water Donation Drive by FFSS (Yangon)

>

မေလ စတုတ္ထပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ
(ဦး) သုမောင်၏ ဈာပန၊ နာရေး၏ ရေအလှူဒါနခရီး
(ကို) ကျော်သူ၏ ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်။
မေ ၂၁၊ ၂၀၁၀
ပန်းတွေနဲ့ ဝေပြီး၊ နှောင်းတစ်မြေ့မြေ့နဲ့ ကျန်ရစ်ခဲ့သော ဦးသုမောင်၏ ဈာပန ပုံရိပ်များ
      အဆိုတော် စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် ဦးသုမောင် (ခ) ဦးဗလ ၂၀၁၀ ခုနှစ်၊ မေလ၊ ၁၆ ရက်နေ့ ည (၉း၀၀) နာရီအချိန်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၂၀၁၀ ခုနှစ်၊ မေလ၊ ၂၀ ရက်နေ့ နံနက် (၁၀း၀၀) အချိန် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်ပေါင်းများစွာနှင့် ကိုသုမောင်အား ချစ်ခင်လေးစားကြသော ပရိတ်သတ်အပေါင်းမှ စည်ကားသိုက်မြိုက်စွာ လာရောက်ကြပါသည်။
      ထူးခြားချက် ၂ ခုမှာ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ကိုသုမောင်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို မေလ၊ ၁၆ ရက်နေ့ သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်သည့်အချိန်တွင် မိုးများရွာသွန်းပေးခြင်းနှင့် မေလ၊ ၂၀ ရက်နေ့ ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည့် အခမ်းအနားနေ့တွင် ပိတောက်ပန်းများ ပွင့်ခြင်းတို့ပင် ဖြစ်သည်။
နာရေး ရေအလှူ – မေ ၁၉၊ ပဲခူး – ဝေါ၊ ဒလ၊ တံတားချောင်း
နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရေအလှူရှင်များ လှူဒါန်းထားသော အလှူငွေဖြင့် ပဲခူးမြို့ ဝေါမြို့နယ်ဖက်ရှိ  ရွာများသို့ ၁၉.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ထိုနည်းတူစွာ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ရေကယ်ဆယ်ရေးအဖွဲ့ (၂) သည် နံနက်ပိုင်းတွင် ဒလမြို့နယ်၊ တံတားချောင်း ကျေးရွာနှင့် ဆေးဘုန်းကြီးကျောင်းကျေးရွာ တို့တွင် လူဦးရေ (၃၀၀၀) ကျော်ခန့်အတွက် ရေများ သွားရောက်ပြီး လှူဒါန်းခဲ့ကြပါသည်။
ယင်းသို့ လှူဒါန်းခဲ့ရာတွင် ဒေသခံ ကလေး၊ လူကြီးနှင့် သံဃာတော်များပါ ပါဝင်ပြီး ၀ိုင်းဝန်း ကူညီပံ့ပိုးမှုများ ရရှိခဲ့ပါသည်။ ထိုဒေသတို့တွင် အ၀ီစိ တူးဖော်ရေး၊ ရေလှောင် အုတ်ကန် တည်ဆောက်ရေးများ အတွက် ညှိနှိုင်းဆောင်ရွက် ခဲ့ကြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts