>မိုးမခတောထဲက သတင်းအပိုင်းအစများ
အဝေးကြည့်မှန်ပြောင်း
ဧပြီ ၂၅၊ ၂၀၁၀
ဘန်ကောက် ဆန္ဒပြသူတွေ အလေးအပေါ့ ဘယ်မှာသွားသလဲ
သန့်ရှင်းရေး ၀န်ထမ်းတွေက တရက် ၅ ဒေါ်လာ (ဘတ် ၁၅၀) ရကြတယ် တဲ့။ နိုင်ငံတကာ စံနဲ့ဆို မက်စရာ ၀င်ငွေတော့ မဟုတ်။ အိမ်သာတက်သူတွေက ၀န်ထမ်းတွေကို ကျေးဇူးစကား မပြောတဲ့အပြင် အပြစ်တောင် တင်လိုက်ကြသေး ဆိုပဲ။ တန်းစီရတာ ကြာတဲ့အခါ၊ လူကများ နေကပူလို့ အနံ့ တသင်းသင်း ထွက်တဲ့အခါ ဒါမှမဟုတ် ရေကုန်သွားတဲ့အခါ ကြိမ်းမောင်းတတ်တယ်လို့ ဆိုပါတယ်။
ရေ လီတာ ၂၀၀၀ ထည့်ထားရင် အဲဒီကားကြီးတွေက လူ ၅၀၀ လွယ်ထားရတဲ့ အန္တရာယ်တွေကို ကူညီနိုင်တယ် တဲ့။ ဒါပေမယ့် အချိန်ပြည့် ဆန္ဒပြသူတွေက အီးပါသေးပေါက်တင် မကဘဲ ခြေဆေး လက်ဆေး မျက်နှာသစ် ရေပတ်တိုက် အ၀တ်လျှော်တာတွေ လုပ်ရတော့ ရေက အကုန်မြန်တယ်၊ ရေချွေတာဖို့ စည်းကမ်းရှိဖို့ ပြောရင်လည်း ပြောတဲ့ ၀န်ထမ်းကို ရန်တွေ့၊ ခြိမ်းခြောက်တာတွေကြောင့် ကြောက်နေရတယ် ဆိုပဲ။ “အလိုင် – ၀ါး၊ မင်း ဘာစကား ပြောတာလဲ၊ နာချင်လို့လား၊ ငါက ရဲနဲ့စစ်သားကိုတောင် သောက်ဂရုစိုက်တာ မဟုတ်ဘူးနော်” လို့ ပြောမယ် ထင်ပါရဲ့။
ဘန်ကောက်မှာ ဒီလိုပွဲမျိုးတွေ ထပ်တိုးလာဖို့ပဲ ရှိတာကြောင့် မြို့တော်စည်ပင်က ကားတွေ ထပ်ဝယ်ချင်နေ သတဲ့။ သူတို့မှာ ကား အလုံအလောက်ရှိမှ ရက်ရှည် ဆန္ဒပြမယ့်သူတွေဆီ ပို့ပေးနိုင်မယ် မဟုတ်လား။
ရန်ကုန်မှာလည်း ဆန္ဒပြရင် ကားတွေ ရောက်လာတာပဲ။ ဒါပေမယ့် အိမ်သာကား မဟုတ်ဘဲ အချုပ်ကားတွေ ဖြစ်နေတာကတော့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ မရသေးလို့ ဖြစ်မယ် ထင်ပါရဲ့ကွယ်။
မြန်မာပြည်က စည်းကမ်းရှိတဲ့ ရွေးကောက်ပွဲကော်မရှင်
ရွေးကောက်ပွဲ နဲ့ နိုင်ငံရေးပါတီတွေနဲ့ အလုပ်ရှုပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာ သမာသမတ် ရှိတဲ့သူတွေ ညှိနှိုင်း ဆွေးနွေး ဆုံးဖြတ်တဲ့ အုပ်စုပေါ့ဗျာ။ ဒါက နိုင်ငံတကာမှာ ထုံးစံပါ။ မြန်မာပြည် ရွေးကောက်ပွဲ ကော်မရှင်ကရော ဒီလိုပဲလား၊ ကြည့်ကြစို့။
ဗိုလ်ချုပ်ကြီးတို့ရဲ့ မီဒီယာတွေမှာတော့ ကော်မရှင် သတင်းတွေ ဖော်ပြတိုင်း ဥက္ကဋ္ဌကြီးက စကားပြောနေ။ ကော်မရှင် အဖွဲ့ဝင်တွေက တကုပ်ကုပ်နဲ့ လိုက်ရေး နေ၊ ပေးထားတဲ့ စာရွက်တွေ ဖတ်နေ။ ဥက္ကဋ္ဌ ဗိုလ်ချုပ် ပြောသမျှ အားလုံး ကောင်းပါသည်ခင်ဗျ ပုံစံပေါ့ဗျာ။
ဥက္ကဋ္ဌက ဗိုလ်ချုပ်ဟောင်း ဆိုပဲ။ “သြော် – ဟုတ်လား၊ ဒါမှ စိတ်ချရမှာပေါ့၊ ရွေးကောက်ပွဲမှာ စိတ်ကြိုက် ကလိန်ကျနိုင်မှာပေါ့” လို့ အထင်မလွဲလိုက်ပါနဲ့။ ဗိုလ်ချုပ်ကို ရာထူးကြီးကြီး ပေးထားတာ ဒါကြောင့် ဟုတ်ဟန် မတူပါဘူး။ ရာထူးကြီးကြီး မှန်သမျှ စစ်ဗိုလ်ဟောင်းတွေကိုပဲ ပေးထားတာ မြန်မာ့နည်း မြန်မာ့ဟန် ဖြစ်တယ်၊ စည်းကမ်း ရှိတယ် ဆိုတာကို ပြတဲ့ သဘော မဟုတ်လား။
ကွန်ပျူတာ ဖန်သားပြင် အကြီးကြီးတွေ ရှေ့ချထားလို့ ကော်မရှင် လူကြီးမင်းတွေ တယောက်ကိုတယောက် မမြင်နိုင်ကြရှာဘူး။ တဦးနဲ့တဦး ကြည့်စရာ ပြောစရာ မလိုဘဲ၊ ညွှန်ကြားတာကိုပဲ လုပ်ရသူတွေလို့ အထင်ခံရတော့မှာပဲ။
မိုက်ကရိုဖုန်းတော့ သုံးပုံရသဗျ။ အင်း – စိမ်းကားလိုက်တာ။ ဒီလူနဲ့ဒီလူပဲ ရှိတာ ဒီတိုင်း လှမ်းပြောလည်း ရတယ် ဆိုပေမယ့် ဒါက ဒီလို – ဒီလို၊ ဗိုလ်ချုပ်ကြီးတွေ မိုက်ကရိုဖုန်းရောဂါ ရနေသဗျ။ ဒါလေးတော့ ခွင့်လွတ်လိုက်ပါ။ ဗိုလ်ချုပ်ကြည်အောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘေးချင်းယှဉ်ထိုင်ပြီး စကား ကပ်ပြောတာတောင်မှ မိုက်ကရိုဖုန်းနဲ့ ခင်ဗျ။ မှတ်မိတယ် မဟုတ်လား။ မိုက်ကရိုဖုန်း သုံးတာကလည်း စည်းကမ်းရှိတဲ့သဘော ထင်ပါရဲ့။
ကော်မရှင် အစည်းအဝေးတွေကို ကြည့်ရတာ အပြန်အလှန် ဆွေးနွေး သုံးသပ်တဲ့ ပုံစံ မဟုတ်ဘဲ ဥက္ကဋ္ဌကြီးက ညွှန်ကြားတဲ့ “ဘာလုပ်လိုက်၊ ဘာကို ထုတ်ပြန်လိုက်” ဆိုတာကို နာခံတဲ့ ပုံစံ ဖြစ်နေတယ်။ သုံးသပ် အကဲဖြတ်တာတွေ မလုပ်လည်း ရတာပါပဲ၊ နိုင်ငံရေးပါတီတွေကို စောင့်ကြည့်ဖို့ မြန်မာပြည်မှာ ထောက်လှမ်းရေး အဖွဲ့ကြီးတွေ ရှိနေမှပဲ။ ဒါဆို ကော်မရှင်အဖွဲ့ဝင် အလုပ်ဟာ တကယ့်ကို အေးရာအေးကြောင်း အလုပ်တခုကို ရထားတဲ့ သဘောပေါ့။
အင်း – စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ ကာလမို့ စည်းကမ်းရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာကလည်း လိုအပ်ချက်တခု မဟုတ်လား ခင်ဗျာ။ ။