>Saung Yun La – No Heritage Poem

>

တိမ်ကောသွားတဲ့ စကားမြစ်နဲ့ အသံချောင်းကလေး
ဆောင်းယွန်းလ
မတ် ၈ ၊ ၂၀၁၀
အဖိုးက
အဖေ့အတွက်ဆိုပြီး
စကားတွေအများကြီး ပြောသွားခဲ့ဖူးတယ်…

အဖေက
အဖိုးပြောသွားခဲ့တဲ့ စကားတွေကို
အဖိုးမရှိတော့တဲ့ အချိန်တွေအထိ
သတိတရအဖြစ်
ကျနော့်ဘက်ခေတ်ရဲ့ နံရံပေါ်မှာ
အသံထွက်မှန်မှန်နဲ့ တလုံးချင်းသီကုံး
ကျနော် လူဖြစ်မရှုံးရအောင်တဲ့လေ….

ကျနော်က
အဖိုးဟောခဲ့တဲ့ တရားနဲ့
အဖေပြောနေတဲ့ စကားကလွဲရင်
ကမ္ဘာကြီးရဲ့ အပ်ကျသံကအစ
ရွာထိပ်က အတင်းပြောသံအဆုံး
ကွန်ပျူတာပေါ်ကတဆင့် နားစွင့်တယ်
တီဗွီမှန်သားပြင်ပေါ်ကတဆင့် နားစွင့်တယ်
လေလှိုင်းပေါ်ကတဆင့် နားစွင့်တယ်….

နေပူ လေထူလာပြီဆိုရင်
မျက်စိကိုဇွတ်မှိတ်ပြီး ဘေးလွတ်ရာမှာ အိပ်တယ်….

အိမ်မှာ သရဲခြောက်နေတာ မသိသလိုလို
အိမ်ထဲမီးစွဲနေတာ ကိုယ်နဲ့မဆိုင်သလို
အိမ်အောက် ဗွက်ပေါက်နေတာ ဖာသိဖာသာ
အိမ်ခေါင်မိုးက ရေယိုပြီး
မိသားစုရင်ဘတ်ထဲ
ငတ်မွတ်မှုကင်ဆာ ရွှဲစိုနေချိန်မှာ
ကိုယ်နဲ့ မိုင်ပေါင်းကုဋေတရာခြားနေသလို
နေတတ်စားတတ် သွားလာတတ်ခဲ့ပါတယ်….

အဖိုးနဲ့အဖေ့လက်ထက်တုန်းက
တသွင်သွင် အဖြောင့်စီးခဲ့ဖူးတဲ့
စကားမြစ်နဲ့ အသံချောင်းကလေးက
ကျနော့်ခေတ်နဘေးမှာ တိမ်ကောလို့ပေါ့ဗျာ….။     ။