>
အမေရိကန်က မြန်မာတို့ အားမနာတန်း ပြောနိုင်မည့် တယ်လီဖုံး – မက်ထရို
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၀
အဝေးရောက်မြန်မာတို့ အတွက် အမေရိကန်တွင် မရှိမဖြစ် အသုံးအဆောင်တို့ကို စာရင်းစစ်ကြည့်ပါက လက်ပ်တော့၊ အင်တာနက်နှင့် တယ်လီဖုံး ဖြစ်လိမ့်မည်ဟု ဘလော့ဂါ ကိုချစ်ဖေက မိုးမခသို့ ပြောလိုက်သည်။
“အဓိကကတော့ တယ်လီဖုံးပဲ။ မိုဘိုင်းဖုံးပေါ့ဗျာ။ ကျနော်တို့အများစုက အလုပ်သမားတွေ၊ အပြောင်းအရွှေ့တွေ များကြတယ်။ တဦးနဲ့ တဦး၊ အဝေးက မိသားစုတွေက ဖုံးနဲ့ပဲ ဆက်ပြီး ပြောဆို အသိပေးကြရတယ်။ ကျနော်တို့လိပ်စာဟာ အီးမေးလိပ်စာတခု ဖြစ်တယ်။ ပြီးရင် တယ်လီဖုံး နံပါတ် တခုပဲ”
ဟု ကိုချစ်ဖေက ဆိုသည်။
အမေရိကန်တွင် စားသုံးသူတို့ဆီက အကျိုးအမြတ်ကို အများဆုံး ရယူနေသည်မှာ ဆက်သွယ်ရေးတယ်လီဖုံးလုပ်ငန်းများ ဖြစ်သည်။ မိုဘိုင်းဖုံးတခုကို အနည်းဆုံး တလ ဒေါ်လာ ၃၀ ဖြင့် မိနစ် ၅၀၀ ခန့် ကန်ထရိုက် ရယူသုံးစွဲကြရပြီး ညဥ့်နက်ပိုင်း (ည ၉ နာရီ နောက်ပိုင်း) နှင့် စနေ၊ တနင်္ဂနွေများတွင် မိနစ်သုံးစွဲမှုကို အခမဲ့ ပေးသည်ဟု ဆိုသည်။ သို့သော်လည်း သတ်မှတ်ထားသည့် ကြိုတင်ပေး မိနစ်များ ကုန်သွားပါက နောက်ပိုင်း မိနစ်အပိုပြောမှုများကို ကုမ္ပဏီများက တမိနစ် ဒေါ်လာ ပြား ၄၀ ခန့် ကောက်လေ့ရှိရာ ထိုအပိုကြေးများမှာ စားသုံးသူတို့အတွက် အိပ်ရေးပျက်စေသည့် စရိတ်ထောင်းမှုဖြစ်သည်ဟု သိရသည်။
“ကျနော်က မိနစ် ၅၀၀ အစီအစဉ်နဲ့ မိုဘိုင်းဖုံးယူထားတယ်။ မိသားစုတွေ မိတ်တွေတွေနဲ့ ပြောရင်းက မိနစ်တွေ ကျော်သွားရင် သူတို့ ချတဲ့ဈေးက မနည်းဖူး။ မြန်မာပြည်ကို အိုဗာဆီးခေါ်သလောက်ကို ကျကုန်တယ်။ တလကို ၁ ရာ ကျော် ၂ ရာဆိုရင် ကျနော်တို့လိုလူမျိုးတွေ မျက်ဖြူဆိုက်ပြီပေါ့” ဟု ကိုချစ်ဖေက တွက်ပြသည်။
ယခုအချိန်တွင် တယ်လီဖုံးကုမ္ပဏီတို့မှာ စီးပွားပျက်ကပ်အတွင်း အပြိုင်အဆိုင်ဈေးခေါ်နေရချိန်ဖြစ်ရာ ကုမ္ပဏီကြီးများဖြစ်သည့် AT & T, Sprint, T-Moble နှင့် Verizon တို့က အိနြေ္ဒမပျက်သေးသော်လည်း ကုမ္ပဏီအငယ်များ၊ အသစ်များက စားသုံးသူများကို Unlimited Plan – မိနစ်များ အကန့်အသတ်မရှိ ပြောနိုင်ပြီး ဈေးချိုသည့် မိုဘိုင်းဖုံး များကို ရောင်းချလာကြပြီ ဖြစ်သည်။ တလလျင် ဒေါ်လာ ၄၀ ဖြင့် စိတ်ကြိုက် အားမနာတန်း ပြောဆိုဆက်သွယ်နိုင်သည့် ဖုံးအစီအစဉ်ကို Metro ဖုံးလုပ်ငန်းက ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။
“မက်ထရိုနဲ့ဆို စိတ်ကြိုက်ပြော၊ တလလုံးနေမှ ငွေ ၄၀ ပဲ။ နိုင်ငံခြားကို ခေါ်ချင်ရင် ဥပမာ ထိုင်းတို့ ဘာတို့ အတွက် တလကို ၅ ကျပ်၊ ၁၀ ပိုပေး၊ ကြိုက်သလောက်ခေါ်။ ထပ်မပေးရဘူး။ ပြည်နယ်တော်တော်များများမှာလည်း မက်ထရိုနက်ဝပ်တွေ (ကွန်ယက်တွေ) ရှိတယ်လေ။ ပြောင်းရ ရွှေ့ရရင်လည်း ဒီဖုံးကို သယ်သွားလို့ရတယ်။”
ဟု မြန်မာအရေးဆောင်ရွက်သူ ဆန်ဖရန်ဘေးဧရိယာက ကိုထွန်းမြတ်ယူက မိုးမခကို ရှင်းပြသည်။
အခြားအားသာချက်တခုမှာ ဈေးချိုသော ဖုံးအစီအစဉ်အပြင် လူတိုင်းသုံးနိုင်အောင် စီစဉ်သည့်အနေနှင့် မှတ်ပုံတင်နံပါတ်ပြရခြင်း၊ ဘဏ်စာရင်း ငွေစာရင်း (ခရက်ဒစ်) စစ်ခံရခြင်း၊ ၂ နှစ် စာချုပ် ချုပ်ရခြင်းတို့ကို အခြားကုမ္ပဏီကြီးများကဲ့သို့ လုပ်ဆောင်ရန်မလိုဘဲ မိမိ၏ ပြည်နယ်အိုင်ဒီတခုနှင့် လွတ်လပ်စွာ ၀ယ်ယူပြီး စာချုပ်မဲ့ နှောင်ကြိုးမဲ့၊ မိနစ်အကန့်အသတ်မရှိ ရယူနိုင်သော မက်ထရိုဖုံးစနစ်ကို မိမိတို့အနေနှင့် ထောက်ခံလိုပါကြောင်း ကိုချစ်ဖေက ပြောကြားသွားသည်။