>
မိုးမခအထောက်တော် ဖို့ဝိန်း
၂ ရက် ၁ လ ၂၀၁၀ နေ့တွင် အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ရှိစာချစ်သူများနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသူများက စာပေဟောပြောပွဲနှင့် နအဖ စစ်အစိုးရက ကြီးမှူးကျင်းပမည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအား ဆန့်ကျင်သည့်လှုပ်ရှားမှုတရပ်အား ပြုလုပ်ခဲ့ကြသည်။
ယခင်ကလည်း ဖို့ဝိန်းမြို့တွင် ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်တို့မှ အလားတူ ဆွေးနွေးဟောပြောမှုမျိုးကိုပြုလုပ်ကျင်းပခဲ့ကြဖူးသော်လည်း ယခုအကြိမ်ကဲ့သို့ စာပေဟောပြောပွဲတရပ်အနေဖြင့် သီးသန့်ပြုလုပ်ခဲ့ကြခြင်းမျိုး မဟုတ်သည့်အတွက် ယခုအကြိမ်မှာ ပဋ္ဌမဆုံးအကြိမ် ကျင်းပသည့် အခမ်းအနားဟု ဆိုရမည်ဖြစ်သည်။
အဆိုပါစာပေဟောပြောပွဲနှင့်လှုပ်ရှားမှုကို ဖို့ဝိန်းမြို့ရှိ စိန့်ဟင်နရီ ဘုရားရှိခိုးကျောင်း အဆောက်အဦးတွင်နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီ အထိပြုလုပ်ခဲ့ပြီး စာရေးဆရာမ ခက်မာ၊ စာရေးဆရာမ မေငြိမ်းနှင့် ကဗျာဆရာ အောင်ဝေးတို့တက်ရောက်ဟောပြောကြသည်။ စာရေး ဆရာမ ခက်မာက ဘဝထဲကစာ အမည်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မေငြိမ်းက ရိုးဂုဏ် အမည်ဖြင့်လည်းကောင်း၊ ကဗျာဆရာ အောင်ဝေးက ရေစုန်ကိုဆန်ကာပြန်ခဲ့ပြီ ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဟောပြောခဲ့ကြသည်။
အခမ်းအနားမစမီတွင် Burma VJ ရုပ်ရှင်ကားပြသခဲ့ပြီးနောက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး စသည့် တိုက်ပွဲအဆက်ဆက်တွင် ကျဆုံးခဲ့ကြသည့် ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့အား ဂုဏ်ပြုအလေးပြုခြင်းနှင့်စတင်ဖွင့်လှစ်သည်။ ထို့နောက် ကဗျာဆရာ၊ စာရေးဆရာများမှ ဆက်လက်ဟောပြောခဲ့ကြပြီး ညနေ ၅ နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။ အလွန်အေးပြီး နှင်းများထူထပ်စွာကျနေသည့်ကြားမှပင် ပရိတ်သတ်ပေါင်း ၁၅၀ ခန့် တက်ရောက် နားထောင်ခဲ့သည်။





