>U Win Tin – Farewell notes to Cartoon U Pe Thein

>

ကာတွန်းဦးဖေသိန်းသို့ နှုတ်ဆက်စကား

ဟံသာဝတီ ဦးဝင်းတင်

ဇွန် ၂၆၊ ၂၀၀၉

(ဆရာကြီး ကာတွန်းဦးဖေသိန်း ဈာပန ဧည့်မှတ်တမ်းက ကူးယူပါတယ်။ မည်သူကိုမျှ ခွင့်မတောင်းခဲ့ပါ)

ဒီနေ့မနက်စောစော သတင်းဆိုးကြီး ကြားရတယ်ဗျာ။ စိတ်မကောင်း ဖြစ်လိုက်ရတာ။ ကာတွန်းဆရာကြီး ဦးဖေသိန်းတယောက် ကွယ်လွန်ရှာတယ်လေ။ သင်္ခါရတရားအတိုင်း ဖြစ်ရတဲ့ကိစ္စလို့ ဆိုရပေမယ့် ကျနော်တို့လို အလွန်ရင်းနှီးချစ်ခင် လက်တွဲလှုပ်ရှားခဲ့ကြသူတွေ အနေနဲ့ကတော့ ဖြေဆည်ဖို့ အတော်ခက်တဲ့ ခံစားမှုများ ဖြစ်ပေါ်ရတယ်ဗျာ။

ကိုဖေသိန်းနဲ့ ကျနော်က လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်၊ ကျနော် တော်တော် ငယ်ငယ်ထဲက အင်းစိန်မှာ ဆုံခဲ့ကြတော့ သူ့ညီနဲ့ ကျနော်တို့က ရွယ်တူလေ။ ကြိးလာတော့ ကြေးမုံသတင်းစာမှာ ဆုံတယ်။ ၁၉၅၉ – ၆၀ မှာ ပြည်သူ့အိုးဝေ သတင်းစာမှာ ဆုံပြန်တယ်။ နောက်တော့ ဟံသာဝတီပေါ့လေ။

ဒီကာလတွေမှာ ကျနော်မမေ့နိုင်တာက ကိုဖေသိန်းရဲ့ ဟာသဓာတ်ခံ၊ သတ္တိ၊ စိတ်ဓာတ်ခိုင်မာမှု၊ ရဲဘော် ရဲဘက်စိတ်ထားကြီးမားမှု၊ အပေါင်းအသင်းအပေါ် ချစ်ခင်မှု၊ တပည့်သားမြေးများအပေါ် စောင့်ရှောက်သွန်သင်မှု၊ မိသားစုပေါ် သံယောဇဉ်ကြီးမှု စတာတွေကို ကျနော် အမြဲသတိပြုမိရုံမက ရင်ထဲမှာ အမြဲတမ်း စွဲတယ်။ ခုတော့ ကိုဖေသိန်း မရှိတော့ဘူး။ ဒါပေမယ့် ဒါတွေ မပျောက်သွားဘူး။

ဒါတွေအပြင် ကိုဖေသိန်းရဲ့ အနုပညာတွေ၊ အတတ်ပညာတွေ၊ လေ့လာဆန်းသစ်မှုတွေ၊ စာပေစေတနာတွေ၊ စတာတွေကတော့ အထူး ပြောနေစရာ မလိုအောင် တပုံတပင် တလုံးတခဲကြီး ကျန်ခဲ့ပြီပေါ့လေ။

အမှန်ပြောရရင် ကိုဖေသိန်းဘ၀မှာ အများကြီးပြည့်စုံပါတယ်။ ထူးမြတ်ပါတယ်။ ဘ၀ကောင်းတခုကို ဖြတ်သန်းခဲ့တာပါပဲ။ ထူးပြီး ပြောစရာ မရှိတော့ပါဘူး။ ကျနော်တို့အားလုံး ကျေနပ်သလို၊ ကိုဖေသိန်းကိုယ်တိုင်လဲ အားရကျေနပ်သွားမှာပါ။ ဒါတွေကို အနုပညာသမိုင်းက သက်သေခံပါလိမ့်မယ်။

ကိုဖေသိန်းဘ၀မှာ ဒီ ၈၆ နှစ် ဆိုတဲ့ တိုတောင်းတဲ့ကာလမျှသာ မဟုတ်ပါဘူး၊ မြန်မာအနုပညာသမိုင်းမှာ အလွန်ရှည်လျားတဲ့ ထွန်းပြောင်တဲ့ အနေအထားနဲ့ တွင်ကျန်ရစ်မှာပါ။

ကျနော်တို့အားလုံး သူရဲ့ စိတ်ဓာတ်၊ အားမာန်၊ ဇွဲ၊ သတ္တိ၊ ဉာဏ်အမြင်၊ ရွှင်လန်းတဲ့ဟာသဉာဏ်၊ နိုင်ငံရေးသတ္တိ၊ နိုင်ငံရေးအမြင်တွေကို ခြေရာနင်း လိုက်ကြပါစို့လို့ တိုက်တွန်းချင်တယ်။

သူ့တပည့်တွေကတော့ သူရဲ့ ကာတွန်းပညာတွေကိုပါ ခြေရာနင်းကြမှာပေါလေ။ ခြေရာနင်းနိုင်ကြပါစေလို့လည်း ကိုဖေသိန်းကွယ်လွန်တဲ့နေ့မှာ အမှတ်တရ တိုက်တွန်းလိုက်ချင်ပါတယ်။

ဝင်းတင်

၁၉၊ ဇွန်၊ ၂၀၀၉

(ပုံ – ကာတွန်း (ဦး) ရွှေမင်းသားရဲ့ ဂါရ၀နှုတ်ဆက်ကာတွန်းဖြစ်ပါတယ်။ ခွင့်ပြုချက်မတောင်းပဲ သုံးတာပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts