>Daw Suu doesn’t change much

>

တည်ငြိမ် အေးဆေးမှုကတော့ အရင်အတိုင်းပါပဲ
အင်တာဗျူး
မေ ၂၀၊ ၂၀၀၉

ဦးအောင်လှထွန်း


ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ တက်ရောက် နားထောင်ခွင့် ရခဲ့သည့် Reuters သတင်းအေဂျင်စီမှ သတင်းထောက် ဦးအောင်လှထွန်းကို ဘီဘီစီ ရေဒီယို မြန်မာဌာနက ယနေ့ ဆက်သွယ်မေးမြန်းထားသည်။

ဦးအောင်လှထွန်း – ကျနော်တို့ FCC (နိုင်ငံခြား သတင်းထောက်များ အသင်း)ကို ဒီကနေ့ ၈ နာရီခွဲလောက်မှာ အကြောင်းကြားတာပါ။ ၅ ယောက်ပဲ ၀င်ရောက်ခွင့် ပြုမယ် ဆိုပြီးတော့။ ကျနော်တို့မှာ အဖွဲ့ဝင် အင်အား ၂၀ ကျော် ရှိပါတယ်။ FCC မှာ ဆုံပြီးတော့ မဲနှိုက်ကြတာပေါ့။ ကျနော်ကတော့ မဲပေါက်သွားတာပါ။ ကျနော်ရယ်၊ AFP (သတင်းထောက်) ရယ်၊ နောက် ဂျပန်(သတင်းဌာနတွေ)ကို ကိုယ်စားပြုတဲ့ သတင်းထောက် ၃ ယောက်ပါ။ ကျနော်တို့ ၅ ယောက်။

ဘီဘီစီ – ဘာကြောင့် အခုလို သတင်းထောက်တွေကို ၀င်ခွင့်ပြုတယ်လို့ ယူဆပါသလဲရှင့်။
ဦးအောင်လှထွန်း – Open trail (အများပြည်သူ တက်ရောက် လေ့လာနိုင်သော တရားခွင်) တောင်းနေကြတာလေ။ Open trail ဆိုတဲ့ဟာကို စမ်းလိုက်တာလို့ပဲ၊ ကျနော်ကတော့ အဲသလို ကြိုဆိုပါတယ်၊ ဒီထက်မက ခွင့်ပြုပါ။ ဒီနေ့ဆို ကက်ဆက် မယူရဘူး၊ ကင်မရာ မယူရဘူး၊ နောက်ဆို ကက်ဆက်ရော ကင်မရာရော အားလုံးကို ယူခွင့်ပေးပါ၊ အားလုံးကို မဲနှိုက်စရာ မလိုဘဲ ခွင့်ပြုပါလို့ ကျနော်ကတော့ အဲဒါပဲ တမ်းတမိတာပေါ့လေ။

ဘီဘီစီ – တွေ့ခဲ့ရတာတွေကို သတင်းမီဒီယာတွေမှာ ပြန်ပြီးတော့ ဖော်ပြခွင့် ရပါသလားရှင့်။
ဦးအောင်လှထွန်း – ရှိမယ် ထင်ပါတယ်။ အဲဒါမှ မရှိရင်တော့ ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး။ အဲဒါကြောင့် ကျနော့်ကို လက်လှမ်းမီသမျှ ဆက်ကြရင် ကျနော်က တတ်နိုင်သလောက် ပြောပါတယ်။ အားလုံးကို ပြောပြပါတယ်။

ဘီဘီစီ – အဲဒီက မြင်ကွင်းလေးကို ပြောပြလို့ ရမလား။
ဒေါ်စုကတော့ ပန်းရောင် ဘလောက်စ်လေးကို ၀တ်ထားပါတယ်။ ယောလုံချည် ဇီးရောင် ၀တ်ထားပါတယ်။ သူကတော့ very calm ပါပဲ၊ အရင်ကလို တည်ငြိမ် အေးဆေး ပြီးတော့၊ ဒါပေမဲ့ ဇရာရဲ့ သဘောတော့ တော်တော် တွေ့လာခဲ့ရပါတယ်။

ကျနော် သူ့ကို နောက်ဆုံးတွေ့တာကတော့ ၂၀၀၃ ခုနှစ်ပါ။ အချိန်တော့ တိတိကျကျ မမှတ်မိတော့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ အပြောင်းအလဲတွေ တော်တော် တွေ့ခဲ့ရပါတယ် သူ့မျက်နှာပေါ်မှာ။ ဒါပေမယ့် တည်ငြိမ် အေးဆေးမှုကတော့ အရင်အတိုင်းပါပဲ။

ဘီဘီစီ – ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရော ရခဲ့ပါသလားရှင့်။
ဦးအောင်လှထွန်း – စကားပြောခွင့် မရပါဘူး၊ သူကတော့ အင်္ဂလိပ်လို တခွန်းနှစ်ခွန်း ပြောပါတယ်၊ သူ တဦးချင်း တယောက်ချင်း၊ လာတာကို ကျေးဇူးတင်ပါတယ် တဲ့၊ အားပေးတာကို ကျေးဇူးတင်ပါတယ် တဲ့၊ နောက် တွေ့ဖို့တော့ ခွင့်တောင်းထားပါတယ် တဲ့၊ ပြောနေတုန်းမှာ အမျိုးသမီး ရဲမှူးတယောက်က လာခေါ်တယ်၊ စကားပြတ်သွားတယ်။ တွေ့ခွင့်မရတော့ဘူး ထင်ပါတယ် တဲ့၊ sorry ပါပဲ တဲ့၊ ဒါပေမဲ့ အခြေအနေ ကောင်းတဲ့တနေ့တော့ တွေ့ကြတာပေါ့ တဲ့။ အဲဒီလို ပြောသွားတယ် သူက။ ပြောပြီးတော့ သူ ကားပေါ် တက်သွားပါတယ်၊ I hope to meet you in better days တဲ့၊ နှုတ်ဆက်ပြီးတော့ သူက တက်သွားတာပေါ့လေ၊ ကားပေါ် တက်သွားတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts