>AhYeeTaung and The Voice journal interview

>

‘အရီးတောင်းလက်ဖက်က ဆေးဆိုးမှ ရောင်းရတာမဟုတ်ပါဘူး’
အရီးတောင်း နှင့် The Voice ဂျာနယ် အင်တာဗျူး

မတ် ၂၃၊ ၂၀၀၉


အရီးတောင်း၏ ထွက်ကုန်များအနက် “ချဉ်စပ် လက်ဖက်” အမျိုးအစားတွင် ဆိုးဆေးပါရှိသည်ဟု ကျန်းမာရေး ဌာနက ကြေညာခဲ့သည်။


မန္တလေးမြို့တော်၏ ဂုဏ်ကျက်သရေ တစ်ခုဟု စံပြုထားသော နှစ် ရာကျော် သက်တမ်း ရှိပြီဖြစ်သည့် အရီးတောင်း အမှတ်တံဆိပ် လက်ဖက်သား ချဉ်စပ်တွင် ဆိုးဆေးပါရှိသဖြင့် စားသုံးရန်မသင့်ကြောင်း တားမြစ်ခဲ့ရာ အရီးတောင်းလက်ဖက် မိသားစုဝင် ဦးသိန်းမြင့်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး – အရီးတောင်းလက်ဖက် ချဉ်စပ်တွေမှာ ဆိုးဆေးအဝါ ပါတယ်လို့ ကြေညာထားတယ်။ လတ်တလော ဘာတွေ ဆောင်ရွက်နေပါသလဲ။

ဖြေ – ဈေးကွက်ထဲကပစ္စည်းတွေ အားလုံး လိုက်သိမ်းနေတယ်။ ဖျက်ဆီးပစ်မှာပါ။ ဈေးကွက်ထဲမှာ လုံးဝကို ကျန်မနေအောင် လုပ်နေပါတယ်။ စည်ပင် (မန္တလေး)ကလည်း ခေါ်ပြီး ပြောပါတယ်။

မေး – ရှေ့ဆက် ဆောင်ရွက်သွားဖို့က။

ဖြေ – ပြန်စစ်ပြီး ပြန်ထုတ်မှာပါ။ ပြန်ထုတ်တဲ့အခါကျရင် ကျန်းမာရေးဌာနကလည်း ပြန်စစ်ပေးမယ်။ ကူညီပေးပါ့မယ်လို့ပြောပါတယ်။ ကျွန်တော်တို့ လုပ်တာ မဟုတ်ဘူး ဆိုတာ သူတို့လည်း သိပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းအဆင့်တွေထဲမှာ ဆိုးဆေးဆိုးတဲ့ လုပ်ငန်း မပါပါဘူး။ အရီးတောင်း လက်ဖက်က ဆေးဆိုးမှ ရောင်းရတာ မဟုတ်ပါဘူး။

မေး – ဒါဆိုရင် ဆိုးဆေး ဘယ်လိုပါတယ် ဆိုတာ သိရပြီလား။ ပထမအကြိမ်တုန်းက ဆိုးဆေး မပါဝင်ကြောင်း အသိအမှတ်ပြုခံထားရတယ် ဆိုတော။့

ဖြေ – ကုန်ကြမ်းကပါ။ ကုန်ကြမ်းဝယ်တဲ့ဆီကို ပြန်စစ်ပြီး Cancel လုပ်သွားမယ်။ ကျွန်တော်တို့ ကုန်ကြမ်းဝယ်တဲ့ သုံးနေရာထဲမှာ ကုန်ကြမ်းသမားတွေဆီမှာ ပြန်စစ်သွားမယ်။ ကျွန်တော်တို့ သတိထားနေတာကြာပြီ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကတည်းက သတိထားနေတာ။ သတိထားနေတဲ့ကြားက ဖြစ်တာပါ။ ချဉ်စပ်လုပ်တဲ့ ကုန်ကြမ်းမှာ နဂိုကတည်းက ဆိုးဆေးပါလာတာပါ။

မေး – လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက သတိထားနေတာ ဆိုတော့ ဘယ်လိုနမူနာတွေရှိလို့လဲ။

ဖြေ – အမှန်ဆိုရင် အဲဒီထက်မကဘူး။ ဆိုးဆေးနဲ့ပတ်သက်ပြီး တကယ်တမ်း သတိထားခဲ့တာ ဆီးထုပ်တွေ ပြဿနာတက်တဲ့ ၁၉၉၈ ခုနှစ် ကတည်းကပါ။

မေး – ကုန်ကြမ်း ဘယ်က ၀ယ်တာလဲ။

ဖြေ – နမ့်ဆမ်ကရယ်။ မန္တလေးမြို့ပေါ်ကရယ်ပါ။

မေး – ရှမ်းပြည်နယ်က တိုက်ရိုက်ဝယ်တာတောင် ဆိုးဆေးပါတဲ့ သဘောမျိုးပေါ့။

ဖြေ – အဲဒါမျိုးဖြစ်နေပြီ။

မေး – ဒီဖြစ်ရပ်ကြောင့် ဈေးကွက်ထိခိုက်တာမျိုး ရှိသလား။

ဖြေ – အခုတလော အရောင်းရပ်ထားပါတယ်။

မေး – အရီးတောင်းက လက်ဖက်မျိုးစုံရဲ့ဈေးကွက်ဝေစုကို ဘယ်လောက် ရထားသလဲ။ ဒီဖြစ်ရပ်ကြောင့် ဈေးကွက်ဝေစု လျော့သွားမလား။

ဖြေ – စားသုံးသူတွေ ကြိုက်ရာရွေးပါလိမ့်မယ်။ အရီးတောင်းရဲ့လုပ်ငန်း အဆင့်ဆင့်မှာတော့ ဆိုးဆေး လုံးဝ မထည့်ပါဘူး။

ကျော်ကျော်မင်း ဆက်သွယ်မေးမြန်းသည်။

( မူရင်း – The Voice Weekly ဂျာနယ်၊ ရန်ကုန်မြို့ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts