ရသဆောင်းပါးစုံ

>Talk with Artist Htein Lin – The Art and The Artist Himself

>

ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ
(လွတ်လပ်တဲ့အနုပညာနဲ့ လွတ်လပ်မှုကိုချစ်တဲ့ ပရိသတ်၊ ချစ်ခြင်းကို မခွဲပါနဲ့)
မိုးမခ
ဇူလိုင် ၇၊ ၂၀၀၈

မတ်လ ၁၃ ရက်နေ့ကစပြီးတော့ မြန်မာအရေးလှုပ်ရှားသူ အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် အေအေပီပီ(ဘားမား)နဲ့ အက်ဖ်ဒီဘီ တို့က မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို စတင် ဖော်ဆောင်ခဲ့ကြပါတယ်။ အဲဒီက ထုတ်ပြန်တဲ့ ပိုစတာ၊ စာရွက်စာတမ်းများထဲက တီရှပ်မှာ ပန်းချီထိန်လင်းရဲ့ ပန်းချီကားနဲ့ ထုတ်ဝေထားတာကို တွေ့ရပါတယ်။

၁၉၈၈ ဒီမိုကရေစီရေး အရေးတော်ပုံမှာ တက္ကသိုလ်ကျောင်းသားတဦး၊ နယ်စပ်ရောက် တောခိုကျောင်းသား၊ နိုင်ငံရေး အကျဉ်းသား၊ ပန်းချီဆရာ၊ ကိုယ်တိုင်သရုပ်ဖော်တင်ဆက်တဲ့ အနုပညာရှင် စတဲ့ ဖြတ်သန်းမှု ဆေးရောင်စုံနဲ့ ယခုလည်း ပြည်ပမှာ ခြေဆန့်ပြီး မြန်မာပြည်အရေးတွေကို ထင်ဟပ်ခံစားတဲ့ အနုပညာတင်ဆက်မှုတွေကို ဆောင်ရွက်နေဆဲ၊ ယခင်က ဇာဂနာတို့နဲ့ လက်တွဲခဲ့တဲ့ မြပုဏ္ဏမာ အငြိမ့်ဝိုင်းတော်သားတဦးပီပီ စိတ်ကူးကောင်းကောင်းနဲ့ တခါတလေမှာ အငြိမ့်ခွင်တွေ စီစဉ်ကပြနေသေးတဲ့သူ ဖြစ်ပါတယ်။

ပန်းချီထိန်လင်းက သူ့ကိုယ်သူ အနုပညာသည် လို့ မြင်ပါသတဲ့။ နိုင်ငံရေး လှုပ်ရှားသူ တဦးမဟုတ်ပါဘူးတဲ့။ အနုပညာတခုကို နိုင်ငံရေးရည်ရွယ်ချက်တခုအတွက် အသုံးချတာဟာ နှစ်ဖက်စလုံးကို စော်ကားတာနဲ့ တူပါသတဲ့။ သို့သော် နိုင်ငံရေး အခြေအနေတွေက အနုပညာတွေ ပေါ်ထွန်းလာစေသလို၊ တခါတရံမှာ အဲဒီ ဖြစ်ရပ်တွေက အနုပညာရှင်ကိုယ်တိုင်ကို သိမ်းပိုက်ဝါးမြိုလိုက်ပါသတဲ့။ အနုပညာရှင်တယောက် ဖြစ်လာတဲ့လမ်းမှာ အတွေ့အကြုံတွေက သူ့ကို ပုံသွင်းသွားတတ်ပြီး၊ ထွက်ပေါ်လာတဲ့ ပန်းချီကားဟာလည်း သူကိုယ်တိုင်ပဲ ဖြစ်နေပါတော့တယ် … တဲ့။

သူနဲ့ စကားပြောကြည့်တာပါ။

ခင်ဗျားပန်းချီကားကို တီရှပ်မှာ ရိုက်ထားတာ တွေ့တယ်။ မြန်မာပြည်အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အထိမ်းအမှတ်တီရှပ် ထုတ်တဲ့ဆီမှာ။

ဟုတ်တယ်။

၂၀၀၇ စက်တင်ဘာ သံဃာအရေးတော်ပုံနောက်ပိုင်း အဲဒါနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေအများကြီး ဆွဲဖြစ်တာလည်း တွေ့တယ်။

ဟုတ်တယ်။

အနုပညာက အခုလိုအချိန်မျိုးမှာ တိုင်းပြည်တခု၊ စနစ်တခု ဒါမှမဟုတ် လူထုပရိသတ်အတွက် ဘယ်လို အခန်းကဏ္ဍမှာ ရှိနေသလဲ။ နေရာတနေရာကနေကော အရေးပါသလား။

ကျနော် မနေ့က ဒီ လန်ဒန်မှာ ကျင်းပတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတခုသွားနားထောင်တယ်။ သူတို့က ပြောတယ်၊ အနုပညာရှင်၊ သူ့အနုပညာနဲ့ နိုင်ငံရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေး လွတ်လပ်မှု ပတ်သက်ပုံတွေကို ဆွေးနွေးကြတယ်ပေါ့ဗျာ။ အုပ်ချုပ်သူ လူတန်းစားကို ပြောင်းလဲလာစေဖို့ စင်ပေါ်ကတဆင့် တင်ဆက်ရမယ်လို့ ပြောကြတယ်ဗျ။

သြော် – အမျိုးသားပြဇာတ်ရုံကတဆင့် အာဏာပိုင်တွေကို နားသွင်းကြ ဆိုတဲ့ သဘောပေါ့။ ဟုတ်လား။

အင်း။ အဲဒီသဘောမျိုးပေါ့ဗျာ။ အဲဒီမှာ ကျနော်လည်း မနေနိုင်တာနဲ့ ၀င်ရောက် ဆွေးနွေးမိတယ် ဆိုပါတော့ဗျာ။ ၂၀၀၅ မေလ မှာ ရန်ကုန်မှာ ရေးဖော် ပန်းချီဆရာတွေ၊ ဆရာမတွေနဲ့ ပါဖော်မင့်အတ် ကိုယ်တိုင်သရုပ်ဖော်တဲ့ ပြပွဲတခု လမ်းပေါ်မှာ လုပ်ပြခဲ့ဖူးပါတယ် လို့။ အဲဒီမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အနုပညာလွတ်လပ်ခွင့်အပေါ် သံသယကြီးလွန်းတဲ့ စစ်အာဏာပိုင်တွေက ကျနော်တို့ကို ဖမ်းဆီးထိမ်းသိမ်းပြီး ရက်အတန်ကြာအောင် စစ်ဆေးမေးမြန်းခဲ့ပါတယ် လို့ ကျနော်ရဲ့ ကိုယ်တွေ့ကို ပြောပြလိုက်မိတာပေါ့ဗျာ။

အင်း ဟုတ်တယ်။ အခုတလော စီအင်အင်ကလည်း မြောက်ကိုရီးယားမှာ အမေရိကန်တွေက သြခက်စတြာဝိုင်းကြီးနဲ့ သွားဖျော်ဖြေပြီး ဂီတနဲ့ ငြိမ်းချမ်းရေးဒီပလိုမေစီလုပ်နေတယ်ဆိုလား အထူးအစီအစဉ်နဲ့ တင်ဆက်နေတာက ကြည့်နေရတယ်ဗျ။ အဲသည်လိုမျိုး သူတို့က အထင်ရောက်နေတယ်နဲ့ တူတယ်နော်။

တခြားနိုင်ငံတွေတော့ မသိပါဘူးဗျာ။ ကျနော်တို့ တိုင်းပြည်မှာ အုပ်ချုပ်သူ လူတန်းစားဟာ အနုပညာ၊ ပန်းချီ၊ ဂီတတို့ကို နည်းနည်းလေးတောင်မှ မရူးသွပ်ဘဲ အာဏာကို ရူးသွပ်ပြီး တန်းတန်းစွဲ ဆုပ်ကိုင်ထားချိန်မှာ သူတို့ရဲ့ စင်မြင့်ပေါ်ကနေ ကျနော်တို့ အနုပညာနဲ့ သူတို့စိတ်တွေ ပြောင်းအောင် ဘယ်လို လုပ်ကြမလဲဆိုတာကို ကျနော်ကတော့ မေးခွန်းသာ ပြန်ထုတ်လိုက်ချင်တော့တာပဲ။

ကဲ အဲဒါဆိုရင် ခင်ဗျား ဖန်တီးတဲ့ အနုပညာက ဘယ်နေရာမှာလဲ။ စင်ပေါ်တက်လို့မရတော့ လမ်းပေါ်မှာလား။

အနုပညာကို ချစ်တဲ့၊ မြတ်နိုးသက်ဝင်တဲ့ ပရိသတ်ကြီးနဲ့ အတူတူ ရှိနေရမှာပေါ့။ မလွတ်လပ်တဲ့၊ မွန်းကြပ်နေတဲ့ ဒါပေမယ့် ခံစားတတ်တဲ့ ပရိသတ်ကြီးအတွက် သူတို့ကို အနုပညာတခု ဖန်တီးအသက်သွင်း ပြရတာပေါ့။

ဟုတ်တယ်နော်။ ကျနော်ပြန်စဉ်းစားကြည့်တော့ ၁၉၈၉ သင်္ကြန်မှာ အင်န်အယ်ဒီက သင်္ကြန်စင်ထိုးပြီး ကကြတယ်။ အာဏာသိမ်းပြီးစ စစ်တပ်က လူတွေကို လမ်းမတွေမှာ အတုံးအရုံး ပစ်သတ်ထားတာ သိပ်မကြာသေးဘူး။ ပြည်သူလူထုကြီးက ၀က်ဝက်ကွဲအားပေးကြတယ်။ လွတ်လပ်စွာ အချုပ်အနှောင်မဲ့ ဖန်တီးလိုက်တဲ့ အနုပညာတွေကို …

မှန်တယ်။ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းအပြီးမှာ ကိုဇာဂနာတို့၊ ကိုဂေါ်ဇီလာတို့ ၀ိုင်းတော်သားတွေရဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့် ကန်တော်ကြီးမှာ၊ အရှေ့ကြို့ကုန်းမှာ ကပြကြတယ်လေ။ ဒဏ်ရာအနာတရ အကြီးအကျယ်ရထားတဲ့ ပရိသတ်ကြီးဟာ အဲဒီ စင်ရှေ့မှာ သူတို့တွေရဲ့ လွတ်လပ်တဲ့ အနုပညာတင်ဆက်မှုတွေကို ခံစားပြီး အင်အားသစ်တွေ ရကြတယ်။ လန်းဆန်းအားဖြည့်ကြရတယ် မဟုတ်ဘူးလား။

ခင်ဗျားကိုယ်တိုင်လည်း လူရွှင်တော် တဦးပဲ။ ခင်ဗျား ထောင်ကျနေတဲ့ နှစ်တွေမှာ ၉၈ ကနေ ၂၀၀၄ အတွင်း ထောင်ထဲမှာ ပန်းချီတွေ ဆွဲခဲ့တယ်။ ပြီးတော့ ထောင်ထဲက ပရိသတ်ကိုကော ဘာတွေ တင်ဆက်ပေးခဲ့ဖူးသလဲ။

အနုပညာဆိုတာ ပရိသတ်အတွက် ကြီးကျယ်ခန်းနားတဲ့ တစုံတရာပါ။ အံ့သြဖွယ်တွေနဲ့ ပြည့်နေတဲ့ တခုခုပဲ။ အဲဒါကို အနုပညာရှင်တွေက ဖန်တီးပြီး သူတို့ကို ပေးကြတာ။ ကျနော် မန္တလေးထောင်ထဲမှာ အငြိမ့် ကခဲ့ဖူးတယ်။

အသေးစိတ် ပြောပြပါဦးဗျာ။

ထောင်ထဲက တိုက်တွေ အဆောင်တွေကို ခြားထားတဲ့ ရိုးတွေဆိုတာ ရှိတယ်။ လက်ခုတ်တဖောင်လောက်မြင့်တဲ့ အုတ်စည်းရိုးတွေပေါ့ဗျာ။ အဲဒီပေါ်ကို ထောင်သားတွေတက်ရင် ထောင်စောင့်တဲ့ ရဲတွေက သေနတ်နဲ့ ပစ်ချလို့ရတယ်။ အားလုံးကို အဲသလို ထားတာ။ ဒါပေမယ့် အဲဒီတုန်းက တခုသော သင်္ကြန်မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ စုဝေးပြီးတော့ အငြိမ့်ကကြတယ်။ ထောင်တွင်းက တိုက်တွေကြား မြေကွက်လပ်မှာ။

ဆိုတော့ ထောင်မကြီးက အဆောင်တွေနဲ့ လှမ်းလှမ်းက သီးသန်း အကျဉ်းတိုက်တန်းတွေဆီမှာပေါ့။ ခင်ဗျားတို့က အငြိမ့်က ကြတယ် ဆိုတာက

ဟုတ်တယ်။ အိုင်စီအာရ်စီက ၀င်ထွက်နေချိန်ဆိုတော့ နည်းနည်းတော့ ကျနော်တို့ လွတ်လပ်ခွင့်ရတယ်။ အဲသည်တော့ ကျနော်တို့က အငြိမ့်ကကြတယ်ပေါ့ဗျာ။ အင်န်အယ်လ်ဒီက ဦးကျော်ငြိမ်းတို့၊ တိုင်းစည်းထဲက ဦးကျော်သောင်းတို့၊ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များတယ်။ ပြောင်းဖူးတွေက မိုက်ခွက်တွေ ဖြစ်လို့၊ ကော်ခွက်ကို ကြိုးတပ်ပြီး ဂီတာလုပ်ထားတာတို့၊ ကျနော်တို့တတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့ဗျာ။ တိုက်ပုံတွေ ၀တ်ပြီးတော့တောင် အဖွင့်စကား ပြောတာတို့၊ မိန့်ခွန်းပြောတာတို့ လုပ်ကြတယ်။

သြော်။ ထောင်တွင်း တခုသော သင်္ကြန်မှာ ကြဲနေကြတာပေါ့။

ဟုတ်တယ်။ အဲဒီမှာ ဘယ်လိုက ဘယ်လို သတင်းက ပျံ့သွားတယ် မသိဘူး။ ထောင်မကြီးက အကျဉ်းသားတွေက အငြိမ့်ပွဲကို ကြည့်ဖို့ဆိုပြီး ထောင်တွင်းက ခုနင်က ရိုးတွေပေါ်မှာ တွယ်တက်၊ အဲဒီပေါ်မှာ ခွထိုင်ပြီး မျှော်ကြည့်ကြတော့တာပါပဲဗျာ။ ရိုးတွေပေါ်မှာ ထောင်ဝတ်စုံတွေ ဖွေးနေတော့တာပဲ။ ကျနော်တို့ အငြိမ့်ကို ၀ိုင်းကြည့်ဖို့ လုပ်ကြတာ။

သူတို့က ခင်ဗျားတို့ အသံတွေကို ကြားရပါ့မလား။

ဘယ်ကြားရမလဲ။ ပြောင်းဖူးရိုး မိုက်ခွက်နဲ့ကတဲ့ အငြိမ့်ကို။ သို့သော် အဲဒီ ပွဲကို အဝေးကနေ ဘယ်လိုပဲ တွေ့ရ တွေ့ရဆိုပြီး ရိုးတွေပေါ်တက်ကြည့်ကြတာနော်။ ထောင်ရဲတွေက ပစ်ချဖို့ဆိုတာ တထောင်လုံးက ထောင်သားတွေအားလုံးကို ပစ်သတ်ဖို့သာ ရှိတော့တယ်။

အဲသည်တော့ ပစ်ချလိုက်ရောလား။

ကျနော်တို့ အငြိမ့်ကို လာပြီး ဖျက်လိုက်တာပေါ့ဗျာ။ ရပ်ခိုင်းပြီး လူစုခွဲလိုက်တာပေါ့။ ဒါပေမယ့် ပြောချင်တာက ကျနော်တို့တတွေရဲ့ အနုပညာတက်ဆက်မှုဆိုတာကို ဘယ်လို ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေပါစေ ပရိသတ်ကြီးက အတင်းကို ရုန်းထပြီး ခံစားကြတယ်။ စားသုံးကြတယ်။ ချစ်ကြတယ်။ အဲဒါ …

ဟုတ်တယ် ကိုထိန်လင်း ပြောသလိုမျိုးပဲ အရှေ့ဥရောပက ဆာဘ်တွေ၊ ခရိုအက်တွေရဲ့ ပဋိပက္ခကြားမှာလည်း ဖြစ်ဖူးတယ်။ လူထုပရိသတ်ကြီးဟာ သေနတ်တွေ၊ အမြောက်တွေ၊ ဗုံးတွေ၊ လက်ဖြောင့်စစ်သားတွေ ကြားထဲမှာ အမှောင်ထုအောက်၊ တိုက်ပြိုတိုက်ပျက်တွေကြားထဲကနေ သူတို့ဆီက အနုပညာရှင်တွေ တင်ဆက်တဲ့ ဇာတ်တွေ၊ ပွဲတွေကို အသက်စွန့်ပြီး လာကြည့်ကြသတဲ့။ လူမျိုးတွေအချင်းချင်း သတ်ဖြတ်နေလို့ အကျည်းတန်မြင်ကွင်းတွေကို ဖြတ်သန်းနေကြချိန်မှာ သူတို့ဟာ သူတို့ချစ်တဲ့ အနုပညာကို ထွေးပွေ့ကြတယ်။ အဲဒီကနေ ခွန်အားဖြစ်လို့ ဆက်ပြီး အသက်ရှင်ကြတယ် တဲ့။

ဟုတ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့ မြန်မာပြည်က အနုပညာရှင်တွေဟာ မည်သို့ပင် ပိတ်ပင်တားဆီးထားပါစေ၊ ဖမ်းဆီးချုပ်နှောင်ထားပါစေ၊ သူတို့ အနုပညာတွေကို ပရိသတ်ကြီးဆီ အရောက်ပို့ပြီး သူ့တို့ခံစားချက်တွေကော သူများတွေရဲ့ ခံစားချက်တွေကိုပါ ထင်ဟပ်ပြဖို့၊ လွတ်လွတ်လပ်လပ်ကြီးကို ဖန်တီးတင်ဆက်လိုက်ဖို့ကို နောက်တွန့်နေခြင်း မရှိဘူးဆိုတာကို တွေ့နေရပြီ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

(ဓာတ်ပုံများ – Htein Lin Performance – 1 June 2008, Trafalgar Square,
ပြီးတော့ ၂၀၀၅၊ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ တွေ့ခဲ့ရတဲ့ ပန်းချီ ထိန်လင်း (ဓာတ်ပုံ – မိုးမခမိတ်ဆွေများ))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts