စံပေတူး ပုံပြောမယ် – ပန်းပဲမောင်တင့်တယ်
ရွှေဘိုသား
ဖေဖော်ဝါရီ ၁၆၊ ၂၀၀၈
မာဆိုး ပြောတာကတော့ မိုးထက်နေကလည်း လူအထင်ကြီးအောင်သာ ကောင်မလေးရှိတယ်ပြောတာ၊ တကယ်မဟုတ်ဘူးလို့ပြောတာပဲ။ ထားပါတော့လေ။ ပြောချင်တာကအဲဒါမဟုတ်ဘူး။ ရွှေဘိုသား ကြားခဲ့ရဖူးတဲ့ ပုံပြင်လေးတွေအကြောင်း ပြောချင်တာ။ ရွှေဘိုသားက လူပျိုကြီးဆိုတော့ အပျိုကြီးလူပျိုကြီးတွေရဲ့ထုံးစံအတိုင်း ကလေးတွေကိုပဲ မုန့်ဖိုးကလေးပေးလိုက်။ မုန့်လေးဝယ်ကျွေးလိုက်နဲ့ ကလေးချစ်တတ်တဲ့သူလိုလို ဘာလို ပုံဖမ်းပြီး ကလေးတွေရဲ့ အဒေါ်တွေ၊ အစ်မတွေကို သမာဓိပိုးလေး ပိုးနေရတဲ့ဘ၀။
စံပေတူးက ကလေးသာဆိုတယ် လူကြီးတွေစကားဝိုင်းထဲမှာ ၀င်ဝင်နားထောင်တတ်တာရယ်၊ ရွှေဘိုသားလက်ဖက်ရည်ဆိုင်သွားရင် လိုက်လာပြီး ရွှေဘိုသားတို့ ပြောတဲ့စကားတွေ နားထောင်တတ်တာရယ်၊ ရပ်ကွက်ထဲမှာလည်း ရွယ်တူတွေကြားမှာ ကလေးဗိုလ်လိုဖြစ်နေတာရယ်၊ ပင်ကိုယ်ကလည်း သွက်လက်၊ စူးစမ်းချင်တဲ့စိတ်၊ တီထွင်ချင်တဲ့ဓာတ်ခံနဲ့ပေါင်းလိုက်တော့ သူပြောတဲ့စကားလေးတွေက အဆန်းတကြယ်ဖြစ်နေတတ်တယ်။ ကလေးပါးစပ်နဲ့ မဆံ့တဲ့ စကားလုံး ကြီးကြီး ကျယ်ကျယ်တွေလည်း ထွက်လာတတ်တယ်။
သူနေတဲ့ကျောင်းက ဆရာမကလည်း ပုံပြင်ပြော ၀ါသနာပါပုံရပါတယ်။ စံပေတူးတို့ကို ပုံပြင်တွေအမြဲလိုလိုပြောလေ့ရှိတယ်။ စံပေတူးက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရင် ရွှေဘိုသား ငှားနေတဲ့အိမ်ကလေးကို လာပြီး စပ်စုလေ့ရှိတယ်။ နောက်ပြီး သူ့ဆရာမပြောလိုက်တဲ့ပုံပြင်တွေကိုလည်း သူ့ကိုယ်ပိုင်ဗားရှင်းပြောင်းပြီး ရွှေဘိုသားကို ပြန်ပြောပြလေ့ရှိတယ်။
‘‘အော် ကြွက်သားတွေကြီးလာအောင် လေ့ကျင့်ခန်းလုပ်တာလေကွာ‘‘
‘‘ ဟာ… ဦးလေး အဖမ်းခံရမှာ မကြောက်ဘူးလား။‘‘
‘‘ဟ ငါ့ဟာငါ ၀ိတ်မတာနဲ့ ဘာလို့ဖမ်းရမှာတုန်းကွ။ ၀ိတ်မတဲ့လူတွေ ဖမ်းတော့မယ်လို့ ရပ်ကွက်ရုံးက လိုက်အော်နေတာ မင်းကြားခဲ့လို့လား စံပေတူးရ။‘‘
‘‘ ရပ်ကွက်ရုံးက ဖမ်းမှာမဟုတ်ဘူး ဦးလေးရ။ ဦးလေးကို သန်းရွှေက ဖမ်းမှာ။ ဦးလေး ဗလတွေကြီးလာရင် သန်းရွှေက ဦးလေးကို ဖမ်းပြီး မီးရှို့မယ်။ ပြီးရင် ဦးလေး နှမကို သူက ယူဦးမှာ‘‘
‘‘ အမလေး စံပေတူးရယ်။ မင်းပြောမှ ငါတောင်ကြောက်လာပြီ။ ရှင်းစမ်းပါဦး ဘာလို့ ငါ့ကိုဖမ်းပြီး ငါ့နှမကို သူကယူမှာလဲ။ ငါ့မှာ သူယူစရာ နှမလည်း မရှိပါဘူးကွာ။ နောက်ပြီး သူလည်း အသက်ကြီးပါပြီ။ ဒီအရွယ်ကြီးရောက်မှ သားစိတ်မယားစိတ်ရှိမယ်မထင်တော့ပါဘူး။‘‘
‘‘အဲဒါတော့မသိဘူး။ ဆရာမကတော့ ပြောဖူးတယ် ရှေးတုန်းကတဲ့၊ ရှေးတုန်းကဆိုတာ အခုခေတ်မဟုတ်တာကို ပြောတာနော်၊ ပန်းဆွဲမောင်တင်းတယ် ဆိုတာကိုတော့ အဲဒီခေတ်က သန်းရွှေက ဖမ်းပြီး မီးရှို့ဖူးတယ် တဲ့ဗျ။‘‘
‘‘အာ… မင်းကတော့လုပ်ရော့မယ်။ ပန်းဆွဲမောင်တင်းတယ် မဟုတ်ပါဘူးကွ။ ပန်းပဲမောင်တင့်တယ်ပါ။ ပြီးတော့ အဲဒီခေတ်က သန်းရွှေလည်း မရှိပါဘူးကွာ။‘‘
‘‘အဲဒါပြောတာပေါ့ အခုခေတ်လူကြီးများ ခက်တယ်ဆိုတာ၊ ကလေးတွေကပြောတာကိုလည်း နားမထောင်။ သူတို့ကိုယ်တိုင်လည်း သေသေချာချာမသိဘူး။ ဒီမယ် ဦးလေး၊ မသိရင် သေချာနားထောင်။ ပန်းဆွဲမောင်တင်းတယ်မှ ပန်းဆွဲမောင်တင်းတယ် အစစ်။ အခု ကျနော်သူ့အကြောင်းပြောလိုက်ရင် ဦးလေးရှင်းသွားမယ်။ ဒါပေမဲ့ ကျနော်ပြောနေတုန်း ဖြတ်မပြောနဲ့၊ ဖြတ်မမေးနဲ့။ မရှင်းတာရှိရင်စုထား။ ပြီးမှမေး။ ဟုတ်ပြီလား။‘‘
‘‘ ကောင်းပါပြီမောင်ရယ်။ မင်းဟာက ဘာမှမပြောရသေးဘူး။ ဟိန်းလိုက် ဟောက်လိုက်တာကလည်း လွန်ရော။ မင်းတော့ ကြီးလာရင် ပတ်စပို့ရုံးမှာ အလုပ်ရလိမ့်မယ်ထင်တယ်။‘‘
‘‘ဒီလိုဦးလေးရဲ့။ ကျနော်တို့မြန်မာတွေက ဇာတ်လမ်းစစချင်းတုန်းက ရေတကောင်းလုပ်ရောင်းကြသတဲ့။ ဒါပေမဲ တခြားဇာတ်လမ်းထဲမှာတော့ ကျောက်ဒယ်အိုးတွေလုပ်ပြီးရောင်းစားကြတာတဲ့။ ဒါပေမယ့် ဘယ် ဇာတ်လမ်းက အရင်မစပြသလဲဆိုတာကို ဦးလေးတို့ လူကြီးတွေက အလုပ်မရှိအလုပ်ရှာပြီး ငြင်းနေကြတုန်းတဲ့။ သေချာတာကတော့ ဘယ်သူမှ ဇတ်လမ်းအစကို မကြည့်ဖူးဘူးဖြစ်မယ်။ ဒါကြောင့်မို့ ကိုယ်ထင်ရာငြင်းနေကြတာ သေချာတယ်။‘‘
‘‘ ဟေ့ ဟေ့ စံပေတူး။ မြန်မာအစ ကျောက်ဆည်က ဆိုတာနဲ့ မြန်မာအစ တကောင်းက ဆိုတာကို ဘယ်ဟာအမှန်လဲဆိုတာ ပညာရှင်တွေဆွေးနွေးနေကြတာပါကွာ။ မင်းပြောသလို ရေတကောင်းလုပ်တာနဲ့ ကျောက်ဒယ်အိုးလုပ်တာ ငြင်းကြတာမဟုတ်ပါဘူးဟ။‘‘
‘‘တော်ပြီဗျာ။ ဦးလေးမသိဘဲ အဲဒီလို ထင်ရာတွေဝင်ပြောမယ်ဆိုရင် ကျနော်ဆက်မပြောတော့ဘူး။ အခုဟာက ဦးလေးကို ဗဟုသုတလည်းရ၊ နားလည်းလည်အောင် အစကနေပြောပြနေတာ။ စေတနာပျက်အောင်မလုပ်နဲ့။‘‘
‘‘ဟုတ်ပါပြီ စံပေတူးရယ်။ စံပေတူးရဲ့သဘောထားအမှန်ကို နားလည်သဘောပေါက်ပါပြီ။ ဆက်လက် ပြောပြပေးတော်မူပါ။‘‘
‘‘ အဲလိုလိမ်မာစမ်းပါ ဦးလေးရာ။ လူငယ်တွေနဲ့ပေါင်းတာ ဦးလေး ဗဟုသုတ တိုးပါတယ်။ အခုဖြစ်တာက အဲဒီရေတကောင်းလုပ်တဲ့ ဇာတ်လမ်းထဲမှာဖြစ်တာဗျ။ အဲဒီရေတကောင်းလုပ်တဲ့တိုင်းပြည်မှာ ပန်းဆွဲမောင်တင်းတယ် ဆိုတာရှိသတဲ့။ သူက ပန်းဆွဲသရက်ကို အရမ်းကြိုက်လို့ သူ့နာမည်ရှေ့မှာ အဲဒီ သရက်သီးနာမည် ထည့်ထားသတဲ့။
သူက ကာယဗလ အားကြီးလိုက်စားတယ်တဲ့ ဦးလေးရ။ သူက ၀ိတ်မလိုက် သူ့ဗလကြီးကို ကြည့်လိုက်နဲ့ အမြဲ ကျေနပ်နေတတ်တယ် တဲ့။ အထူးသဖြင့် သူ့အိမ်ရှေ့က ဖြတ်သွားတဲ့လူတွေကို အဲဒီဗလကြီးပြပြီး ကျုပ်ဗလက ကြီးတယ်မဟုတ်လား၊ တင်းတယ်မဟုတ်လားနဲ့ မေးတတ်လို့ သူ့နာမည်ကို မောင်တင်းတယ်လို့ ခေါ်တာ။ ဒါကြောင့် ပန်းဆွဲ မောင်တင်းတယ်။ ဦးလေးပြောတဲ့ ပန်းပဲမောင်တင့်တယ်မဟုတ်ဘူး၊ ရှင်းပြီးလား။
ဒါနဲ့ ဦးလေးလည်း ဂွေးသီးကြိုက်တယ်မဟုတ်လား။ ဂွေးသီးရွှေဘိုသားလို့ပြောင်းလိုက်ပါလား။ ရပ်ကွက်ထဲ ကျနော်လိုက်ပြောပေးမယ်လေ။ ဦးလေးနာမည်အသစ်ကို‘‘
အော်… သိပြီ။ အဲဒီခေတ်က သန်းရွှေက သိတော့ ဟာ ဒီကောင် ဒီလောက် ဗလကြီး ကြီးနေတာ တော်ကြာနေ ငါ့ကိုဆန္ဒပြပြီး မေတ္တာပို့နေလိမ့်မယ်၊ ဖမ်းပြီး ထောင်ထဲထည့်ထားတာ ငါ့အာဏာအတွက် စိတ်ချရတယ်ဆိုပြီး၊ ထောက်လှမ်းရေး အဲ… ဟုတ်ဖူး မှားလို့၊ စအဖရယ်၊ ကြံ့ဖွတ်ရယ်၊ စွမ်းအားရှင်ရယ်၊ ရပ်ကွက်လူကြီးရယ်ကို သွားဖမ်းခိုင်းသတဲ့။ ဒါပေမယ့် ဘာရမလဲ မောင်တင်းတယ်ကို ပြည်သူလူထုက သတင်းပေးထားတော့ မောင်တင်းတယ် မဲဆောက်ကို အရောက်ပြေးတာပေါ့ဗျာ။ မမိလိုက်ဖူးတဲ့။‘‘
