သတင်းပဒေသာ

ပြဿနာရှင်းပြီးမှ ထားဝယ်စီမံကိန်း ပြန်စရန် လူမှုအဖွဲ့အစည်းတစ်ခု တိုက်တွန်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ပြဿနာရှင်းပြီးမှ ထားဝယ်စီမံကိန်း ပြန်စရန် လူမှုအဖွဲ့အစည်းတစ်ခု တိုက်တွန်း

မောင်သာလင်း၊ မိုးမခ၊ ဇွန် ၁၅၊ ၂၀၁၅

ထားဝယ်ဒေသ စီမံကိန်းများတွင်  ဖြစ်ပေါ်ခဲ့ ဖြစ်ပေါ်နေသော ပြဿနာများကို တာဝန်ယူ ဖြေရှင်းပြီးမှ စီမံကိန်းများဆက်လက် အကောင်အထည်ဖော်ရန် ရန်ကုန်အခြေစိုက် လူမှုအဖွဲ့အစည်းတခုက မြန်မာ၊ ထိုင်း၊ ဂျပန် အစိုးရများ၊ ကုမဏ္ဏီများကို စနေနေ့တွင် တိုက်တွန်းလိုက်သည်။

၂၀၀၈ ခုနှစ်က အစပြုသော တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မြောက်ဘက် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် တိုင်ပင်ညှိနှိုင်းမှု မရှိဘဲ ဥယျာဉ်ခြံများ၊ ဒီရေတောများကို ရှင်းလင်းပစ်ခဲ့သည်ဟု  ပဒေသာမိုးအဖွဲ့က ဆိုသည်။

ပဒေသာမိုးအဖွဲ့က စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ လတ်တလောပြဿနာများအကြောင်း ဓာတ်ပုံပြပွဲကို   ရန်ကုန်မြို့တွင်  ၃ ရက်ကြာ ပြုလုပ်စဉ် စီမံကိန်းအကြောင်း ဖော်ပြထားသည့် စာတစ်စောင် ဖြန့်ဝေခဲ့သည်။

“စီမံကိန်းနယ်မြေရှိ ကျေးရွာ ၆ ခု ပြောင်းရွှေ့ရမည် ဖြစ်ရာ “ဒေသခံများ၏ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်ရာ အဆောက်အဦး စသည်များလည်း ပျက်စီးမည်ဖြစ်ပြီး ရှင်းလင်းမည့် နေရာများသည် မြေသက်သက် မဟုတ်ဘဲ ဒေသခံများ၏ သမိုင်း၊ ရိုးရာဓလေ့၊ ဘာသာ၊ ယဉ်ကျေးမှုထုံးတမ်း၊ တန်ဖိုးထားမှု စသည်များကိုလည်း အစိုးရအနေနဲ့ ထည့်သွင်းစဉ်းစားဖို့လိုမည်” ဟု ထိုစာတွင် ဖော်ပြထားသည်။

 ပြဿနာများ မရှင်းနိုင်သေးသော၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု မရှိသေးသော၊ ဘဏ္ဍာရေးအခက်အခဲ ကြုံနေသော ထိုစီမံကိန်းကို အီတာလျံ-ထိုင်း ကုမဏ္ဏီက ၂ဝ၁၃ တွင် ရပ်တန့်ခဲ့ပြီး လျော်ကြေးပြဿနာ၊ ထိခိုက်မှု ပြဿနာတို့ကို တာဝန်မယူခဲ့ဟုလည်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံကလည်း ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသဖြင့် လေ့လာလျက်ရှိသည်။

၂၀၅ စတုရန်းကီလိုမီတာ အကျယ်အ၀န်းဖြစ်သောကြောင့်  အရှေ့တောင် အာရှတွင် အကြီးမားဆုံးသော စက်မှုဇုန်စီမံကိန်း ဖြစ်နေပြီး ဆိပ်ကမ်း၊ စက်မှုမြို့တော်ဧရိယာ၊ မြို့ပြစီမံကိန်း၊ အပေါ့စားနှင့်အလတ်စားစက်ရုံများ၊ ရေနံနှင့်ဓာတ်စက်ရုံ၊ ဓာတ်အားပေးစက်ရုံ၊ ရေကာတာ၊ ၈လမ်းသွား အမြန်လမ်းမတို့ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် လူမှုစစ်တမ်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း၊ ကျန်းမာရေး ထိခိုက်မှု စစ်တမ်းတို့ကို ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများထံ ချပြ ဆွေးနွေးပြီး သဘောတူညီချက်ရမှ စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ပဒေသာမိုးအဖွဲ့က တိုက်တွန်းထားသည်။

ဆက်စပ်ဖတ်ရှုရန်

http://www.tavoyanvoice.com/?p=1821

http://www.tavoyanvoice.com/?p=3220

 

http://www.tavoyanvoice.com/?p=3107


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts