ခွန်ဆိုင်း ● ဦးထုတ်ပြာတွေ … လာတယ်… ကြာမယ်

ခွန်ဆိုင်း ● ဦးထုတ်ပြာတွေ … လာတယ်… ကြာမယ်
(မိုးမခ) ဇန်နဝါရီ ၆၊ ၂ဝ၁၉

ဒီမိုကရက်တစ်ရီပတ်ဘလစ်-ကွန်ဂို (DRC) မှာ သက္ကရာဇ် ၁၉၉၉-၂ဝဝဝ ကတည်းက ငြိမ်းချမ်းရေးထိမ်းသိမ်းဖို့ဆိုပြီး ဦး ထုတ်ပြာ ယူအင်န်တပ်တွေ တဖြေးဖြေးချခဲ့ပါတယ်။ ခုဆိုရင် ကမ္ဘာပေါ်မှာ ယူအင်တပ်အင်အား အများဆုံးချထားတဲ့ တိုင်း ပြည်တွေထဲက တခုဖြစ်နေပြီး ၂ဝ၁၃ စာရင်းအရ ကျွမ်းကျင်အကဲခတ်ပညာရှင်များအပါအဝင် တပ်အင်အား ၂ဝ၄၅၄ ယောက်အထိ ရှိပါတယ်။ ကုလလုံခြုံရေးကောင်စီ (UNSC) ဆုံးဖြတ်ချက် အမှတ် ၁၂၇၉ နဲ့ ၁၉၉၉ တွေအရ တပ်တွေစေ လွှတ်ချထားခဲ့တာဖြစ်ပြီး နိုင်ငံ ၆ဝ ကျော်က လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ ကွန်ဂိုကို ခုလို တပ်တွေလွှတ် မထိန်းလို့လဲ မဖြစ် တော့တဲ့အထိ အခြေအနေက ဆိုးပါတယ်။ ၁၉၉၄ ကနေ ၂ဝဝ၃ ခုနှစ်အထိ (၁၀) နှစ်လောက်အတွင်း အဲဒီမှာ အငတ်ဘေး စစ်ဘေးနဲ့ လူ (၅) သန်းကျော် သေကြပျက်စီးခဲ့ပြီးပါပြီ။

တပ်တွေချထားရတဲ့အတွက် ကုလမှာ ကုန်ကျစားရိတ်က တနှစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံမက ကုန်ကျနေပါ တယ်။ အပစ်အခတ်ရပ်ကြ ငြိမ်းချမ်းကြစေဖို့ချထားခဲ့တာဆိုပေမယ့် ခုထိ တပ်တွေ ရုတ်နိုင်မယ့်လမ်းလည်းမမြင်။ ပဋိပက္ခပြေ လည်စရာ သေချာတဲ့နည်းလမ်းတွေလည်း ရှာနေရဆဲ။ ကျွမ်းကျင်သူတွေ (နံကြားထောက်လေလား) ခန့်မှန်းတာတော့ နောက်ထပ် ၁၅ နှစ်လောက် ဆက်နေရဖွယ်ရှိတယ်ဆိုတော့ … နှစ်အစိတ်လောက် ကြာသွားနိုင်တာပေါ့။

အဓိကပြဿနာတွေမှာ ကွန်ဂိုနိုင်ငံဟာ အင်မတန်ကျယ်ဝန်းပြီး (ဧရိယာ က အနောက်ဥရောပတိုက် တတိုက်စာလောက် ကျယ်) စိန်-ရွှေ-ကြေးနီ-ကိုဘော့- ဇင့်နဲ့ ကိုလ်တန် (လက်ကိုင်ဖုန်းတွေ- လျှပ်စစ်ပစ္စည်းနဲ့ လျှပ်စစ်ကားတွေမှာ အလွန်သုံးရတဲ့ သတ္တု)- စတဲ့ သယံဇာတတွေ အလျှံပယ်ထွက်နေတဲ့ဒေသတွေရှိနေတဲ့ အချက်။ အုပ်စုကွဲ လူမျိုးကွဲတွေအချင်းချင်းကြား မသင့်မတင့်တိုက်ခိုက်နေကြတဲ့အချက်။ ပတ်ဝန်းကျင်နိုင်ငံတွေ က လည်း စစ်ထဲမှာ တနည်းနည်း ပတ်သက်နေကြတဲ့အချက် ။ဒေသအလိုက် စစ်ဘုရင်တွေစိုးမိုးထားတဲ့အချက်တွေပါပါတယ်။ မိုင်းတွင်းတွေရှိရာ ဒေသတိုင်းလိုလိုမှာ နယ်မြေလုစစ်ပွဲ လူမျိုးစုလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ မပြီးနိုင် မစီးနိုင်၊  ဒီလိုစစ်ဖြစ်နေတဲ့တချိန်တည်းမှာ နိုင်ငံခြားကုမ္ပဏီတွေက လည်း အလွန်တရာကြွယ်ဝလှတဲ့ သယံဇာတတန်ဖိုး ထရီလီယံပေါင်းများစွာကို အလုအယက်ထုတ်ယူလျက်ရှိနေကြတာဖြစ်ပါတယ်။

စစ်မြေတလင်းပေါ်က ဒေသခံတွေဘဝကတော့စစ်ရှောင်ဒုက္ခသည် – မြေဇာပင်ဘဝတွေပဲပေါ့။

● ဒီမိုကရေစီအိပ်မက်နဲ့ သိသင့်တဲ့ သမိုင်းနောက်ခံ
၁၉၆ဝ လောက်မှာ ကွန်ဂိုဟာ ဘယ်ဂျီယံ ကိုလိုနီဘဝကနေ လွတ်လာပြီး ပြည်နယ်ခွဲထွက်ရေးပြဿနာတွေတက်လာချိန် မှာတော့ ရွေးကောက်ပွဲနဲ့ တက်လာခဲ့တဲ့ ဝန်ကြီးချုပ်လူမွန်းဘားဟာ ဆိုဗီယက်ဘက်ကို ယိမ်းနေတဲ့အတွက် အမေရိကန်နဲ့ ဘယ်ဂျီယံက စိတ်ပူလာပါတယ်။ ဘယ်ဂျီယံကျောထောက်နောက်ခံ လက်နက်ကိုင်များလက်ချက်နဲ့ ဝန်ကြီးချုပ် လူမွန်းဘား အသတ်ခံရတယ်။ အဲဒီနောက် ကာကွယ်ရေးဦးစီး ဗိုလ်ချုပ် မိုဘူတူက တိုင်းပြည်အာဏာသိမ်းပါတယ်။ ၁၉၆၅ လောက်မှာ အာဏာသိမ်းသမတဗိုလ်ချုပ် မိုဘူတူက ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံကို ဇိုင်ယာဆိုတဲ့နံမည်ပြောင်းပြီး တပါတီစနစ်နဲ့ ဦး ဆောင်အုပ်ချုပ်ပါတယ်။ ရွေးကောက်ပွဲမလို တိုင်းပြည်ကို နှစ် ၃ဝ လောက် တည်ဆောက်ခဲ့ပါတယ်။ အာဖရိကတိုက် ပထမ ကမ္ဘာစစ်လို့ ခေါ်ရတဲ့ ၁၉၉၇ စစ်ကြီးဖြစ်တဲ့အထိ နှစ် ၃ဝ ကြာ အာဏာမြဲခဲ့ပါတယ်။ အိမ်နီးချင်း ရဝမ်ဒါ မှာ လူမျိုးတုန်းစစ်ပွဲတွေ ဖြစ်တဲ့အခါကျမှ ကွန်ဂိုကိုလဲ ပြဿနာတွေ ကူးစက်သွားခဲ့ပြီး မိုဘူတူ နေဝင်ချိန်ကျလာပါတယ်။

၁၉၉၄ ရဝမ်ဒါမှာ ဟူတူနဲ့ တွတ်ဆီလူမျိုး ၂ မျိုး အချင်းချင်းသတ်ဖြတ်ကြပါတယ်။ ဟူတူလွှမ်းမိုးထားတဲ့အစိုးရက တွတ်ဆီတွေ ကို လူမျိုးတုန်းသတ်ဖြတ်တဲ့အထိလုပ်ရာက ပြဿနာစတာပါ။ တွတ်ဆီတွေပြန်တိုက်တော့ ဟူတူတွေဖက်က စစ်ရှုံးတယ်။ စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ ဟူတူစစ်ခေါင်းဆောင်တွေအပါအဝင် ဟူတူလူမျိုး ၂ သန်းလောက် အိမ်နီးချင်းကွန်ဂိုကို ပြေး ဝင်ကြပါတယ်။ တွတ်ဆီစစ်တပ်ကလည်း ဟူတူတွေကို ကွန်ဂိုထဲအထိ လိုက်ရှင်းလင်းတယ်။ အဲဒီမှာ ကွန်ဂိုသမတ မူဘူတူ အစိုးရကပြေးလာတဲ့ ဟူတူတွေကို လက်ခံခိုလှုံခွင့်ပြုထားပါတယ်။။ ဒါပေမယ့်ဝင်လာတဲ့ ဟူတူတွေက အေးအေးလူလူ ဒုက္ခ သည်စခန်းတွေမှာ မနေနိုင်ဘူး။ ဒုက္ခသည်စခန်းတွေကနေ ရဝမ်ဒါကို ဆက်ရန်ရှာတယ်။ နဂိုတည်းကကွန်ဂိုမှာ ဘိုးစဉ်ဘောင် ဆက်နေလာတဲ့ ဒေသခံလူနည်းစု တွတ်ဆီတွေကို ရန်ပြုတယ်။ ဒီအရေးကို ငူတူတူ – မူဘူတူက မကိုင်တွယ်နိုင်ဘူး။ ရဝမ်ဒါ က အာဏာရ တွတ်ဆီအစိုးရကလည်း မနေဘူး။ ကွန်ဂိုထဲက သူနဲ့လူမျိုးတူ တွတ်ဆီလက်နက်ကိုင်တွေကို လက်နက်ထောက် လို့ အားပေးအားမြှောက်ပြုတယ်။ အိမ်နီးချင်း ယူဂန်ဒါအစိုးရကလည်း ရဝမ်ဒါကို ဝင်ကူညီတယ်။ ဒီလိုနဲ့ ရဝမ်ဒါက ကွန်ဂို ထဲအထိ ဝင်တိုက်နိုင်ပြီး မြို့တော် ကင်ဆာရှာအထိချီတက်။ မူဘူတူအစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ သမတ မူဘူတူက သေ ဘေးလွတ်ရာ မိုရိုကိုနိုင်ငံကို ရှောင်ရရှားရပါတယ်။ ကျန်ခဲ့တဲ့ကွန်ဂိုမှာ ဆက်အုပ်ချုပ်ဘို့ ရဝမ်ဒါအစိုးရက ထောက်ခံတဲ့ လောရင့် ကဘီလာဆိုသူ – ၁၉၉၇ မှာ အာဏာရခဲ့တယ်။ သူအာဏာရတော့ စလုပ်နိုင်တာ နိုင်ငံနံမည်ပြောင်းတာပါ။ ဇိုင်ယာ ကနေ တခါ ဒီမိုကရက်တစ် ရီပတ်ဘလစ် ကွန်ဂိုဆိုပြီး ပြန်ပြင်ပါတယ်။

ဒါပေမယ့် တက်လာတဲ့ လောရင့် ကဘီလာအစိုးရဟာ ရဝမ်ဒါအစိုးရဖြစ်စေချင်သလို သူ့နိုင်ငံထဲက ဟူတူသူပုန်တွေကို အမြစ် ပြတ် မရှင်းနိုင်ဘူး။ ဒီလို မနိမ်နင်းနိုင်ရကောင်းလားဆိုပြီး ရဝမ်ဒါက ကွန်ဂိုကို စစ်တိုက်တယ်။(ရဝမ်ဒါဘက်က ယူဂန် ဒါပါတော့ ကွန်ဂိုဘက်ကလည်း မနေပါဘူး။ ဇင်ဘာဘွေ -နမီးဘီးယား-အင်ဂိုလာတို့က ကူကြ မီးထိုးပေးကြပါတယ်) အဲဒီလို အဲဒီ ၂ နိုင်ငံစစ်ကို အိမ်နီးချင်းအာဖရိက ၉ နိုင်ငံတွေ အားတက်သရောပါဝင် ကူညီကြလို့ရယ်၊ ဆိုင်ရာဆိုင်ရာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့ပေါင်း ၂ဝ ကလည်း ဝင်တိုက်ကြလို့ရယ် လူ ၅ . ၄ သန်းအထိ သေကြေပျက်ဆီးတယ်။ အဲဒီတော့မှ အာဖ ရိကန်တွေက ဒီစစ်ကြီးဟာဖြင့် အာဖရိက ပထမကမ္ဘာစစ်ပါလားလို့ သတိတရားရလာပါတယ်။ ဘက်နှစ်ဖက်လုံး စစ်ရဲ့ ကြမ်းကြုတ်မှုများအတွင်း အင်မတန်ဆိုးဝါးတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်တွေ ပေါ်ခဲ့သလို မုဒိန်းကျင့်တာကို ၂ဖက်လုံးက စစ်လက်နက်လိုအသုံးပြုကြတာကြောင့် အမျိုးသမီးနဲ့ ကလေးတွေလည်း လိင်အကြမ်းဖက်ခံ ရတာ အထူးများပြားခဲ့ပါတယ်။ (တနှစ်ကို လူ ၄သိန်းမုဒိန်းကျင့်ခံရတယ်လို့ ခန့်မှန်းကြ) အကြမ်းဖက်ခံရတဲ့ အဲဒီလိုလူနာတွေအတွက် သီးသန့်ဆေးရုံတည် ထောင်ပြီး အမျိုးသမီးနဲ့ ခလေးလူနာ ၃ဝဝဝဝ ကျော်ကို ကုသစောင့်ရှောက်ခဲ့တဲ့ ထူးထူးခြားခြား ဆရာဝန်တဦးလည်း ရှိခဲ့ပါ တယ်။ သူ့ကိုတော့ နိုဘယ်ဆုကော်မီတီက ၂ဝ၁၈ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် ယာဇီဒီ အမျိုးသမီးတဦးနဲ့ ပူးတွဲဆု ချီး မြှင့်ခဲ့ပါတယ်။ လူအများကြီးသေရတဲ့ ဒီစစ်တွေအတွက် တာဝန်ရှိ အာဖရိကတိုင်းပြည်တွေက ခေါင်းဆောင်တွေ ကွန်ဂိုနဲ့ ရဝမ်ဒါက ခေါင်းဆောင်တွေကို လူမျိုးတုန်း တရားခံတွေအဖြစ် ကုလမှာ ခေါင်းစဉ်အများကြီးရှာတပ်ထားတာတော့ မတွေ့ပါ ဘူး။

၂ဝဝ၉ ရောက်တော့ ရဝမ်ဒါနဲ့ ကွန်ဂို စစ်အတိုက်ပြိုင်တာကို ရပ်လိုက် နိုင်ပါတယ်။ ဒါပေမယ့် ရဝမ်ဒါနဲ့ကပ်ရက် ကွန်ဂို အရှေ့ ခြမ်းနယ်မြေထဲမှာတော့ ဒီနေ့အထိ တွတ်ဆီနဲ့ ဟူတူ အဓိက နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်သတ်ဖြတ် အကြမ်း ဖြစ်တာတွေ ဆက်ဖြစ်နေဆဲပါပဲ။ တချိန်က လူမျိုးတုန်းသတ်ဖြတ်ခံရလို့ သားကောင်ဖြစ်ရတဲ့ တွတ်ဆီလူမျိုးစုတွေဘက်မှာပြန်ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်တဲ့ စစ်ဘုရင် လောရင့်နကွန်ဒါ (Tutsi warlord Gen Laurent Nkunda) နတက်ဂန် ဒါ (Bosco “Terminator” Ntaganda,) ဆိုတဲ့ အိုင်စီစီ အလိုရှိ စစ်ဘုရင်တွေလည်း ထပ်ပေါ်ပါတယ်။

ဒီနေ့ ကွန်ဂို ရွေးကောက်ပွဲများဆီက သံဝေဂ
၂ဝဝဝ ခုနှစ်မှာကွန်ဂို ကို ယူအင်တပ်တွေ တဖြေးဖြေးရောက်လာတဲ့အခါ နိုင်ငံခြားတပ်တွေတဖြေးဖြေး ထွက်သွားကြပါတယ်။ ဒါပေမယ့် ပြည်တွင်းပြဿနာအားလုံးကိုတော့ ဦးထုတ်ပြာတွေ ရှင်းမရပါဘူး။ ၂ဝဝ၁ မှာ သမတ လောရင့် ကဘီလာ အလုပ်ကြံခံရပြီး သူ့သား ဂျိုးဇက် ကဘီလာ က ကြားဖြတ်အစိုးရတာဝန်ယူတယ်။ ၂ဝဝ၆ မှာ ပထမအကြိမ်ရွေးကောက်ပွဲလုပ်တော့ ဂျိုးဇက် ကဘီလာပဲ သမတဖြစ်ပါတယ်။ သူက သန်းကောင်စာရင်း တွေ အပြီးကောက်ပြီးမှ ရွေးကောက်ပွဲတွေလုပ်နိုင်မယ်ဆိုတာကို ဖွဲ့စည်းပုံမှာ ပြင်ထည့်လိုက်တဲ့အခါ အတိုက်အခံတွေက ဆန္ဒပြကြပါတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ တိုင်းပြည်လူဦးရေ သန်းကောင်စာရင်းကို ဘယ်အချိန်မှာ ပြီးအောင်ကောက်ကြမလဲ ပေါ့ ။ ၂ဝ၁၆ မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုပြီး ကတိပေးပါတယ်။ ဒီအချိန်ဆွဲ ဗျူဟာ နဲ့ ၂ဝ၁၆ အထိ အာဏာကို ရယူလာပေမယ့် ၂ဝ၁၆ ကျတော့ လည်း သန်းကောင်စာရင်းက မပြီးပါဘူး။ဒီ တခါကျတော့ မဲပေးမယ့်လူစာရင်းကို ၂ဝ၁၇ ဇူလိုင်မှာ ပြီးအောင်အရင်လုပ်ကြမယ် ။အဲဒါ ပြီးရင် ရွေးကောက်ပွဲပေါ့။ ၂ဝ၁၇ ဇူလိုင်ရောက်တော့ မဲစာရင်းက မပြီးပြန်ပါဘူး။
အခု ၂ဝ၁၈ ထဲမှာ ပြီးအောင်လုပ်ဘို့ ကြိုးစားတော့ မြို့တော် ကင်ဆာရှာကြီးမှာ မဲရေတွက်တဲ့ စက် ၈ဝ ရာခိုင်နှုန်း က မတော်တဆ မီးလောင်တယ်။ တချို့ ဒေသတွေမှာ အီဘိုလာဖြစ်နေတယ်။ တချို့နေရာတွေက စစ်တိုက်နေတယ်။ ဒီလိုအချက်တွေနဲ့ အချိန်ရွှေ့ ၂ဝ၁၈ ကုန်သွားပါတယ်။

၂ဝ၁၉ – အခုတော့ မဲတွေ စပေးနေကြပါပြီ။ ဒါပေမယ့် တပြည်လုံး အင်တာနက်တွေဖြတ်ထားပြီး ဖုန်းကနေ ဖုန်းမက်ဆေ့ခ်ျ တွေ (Tax message ) လည်း ပို့မရပါဘူး။ အစိုးရစေတနာက လူတွေမှာ အတည်မပြုနိုင်တဲ့ အရှုံးအနိုင် သတင်းတွေအချင်းချင်း ကြိုဖြန့်ကြရင် တိုင်းပြည် ထိန်းမရမှာ စိုးလို့ပါတဲ့။ နိုင်ငံတကာက အကူအညီလည်း မယူပါဘူးတဲ့။ သူ့အချုပ်အခြာကို ထိ ခိုက်တယ်တဲ့။ အမေရိကန် ပြင်သစ် အင်္ဂလန်နဲ့ အီးယူတို့ကတော့ ရွေးကောက်ပွဲစောင့်ကြည့်ကော်မရှင် နှစ်ဖွဲ့ကို သွားလာ စောင့်ကြည့်ခွင့်ပေးဘို့ တောင်းဆိုထားပါတယ်။

လက်ရှိ သမတ ဂျိုးဇက် ကဘီလာမှာ ဖွဲ့စည်းပုံအရ သူ့သက်တမ်းကုန်နေပြီမို့ သမတ ရွေးခွင့်မရှိတော့ပါဘူး။ သူ့ပြည်ထဲရေး ဝန်ကြီး ရှတ်ဒရီ Shadary ကို သမတ တင်ဖို့လုပ်နေပါတယ်။ အတိုက်အခံတွေက စီးပွားရေးလုပ်ငန်းရှင် ဖာယူလူး Fayulu ဆိုသူကို သမတ တင်ချင်နေကြပါတယ်။ ခုထိတော့ အစိုးရကော အတိုက်အခံကကော သူတို့ မဲတွေ ရှေ့ကနေ ပြေးနေပါ တယ်လို့ ပြောနေကြပါတယ်။ အတည်မပြုသတင်းများအရတော့ ဖာယူလူးက ပထမနေရာမှာပြေးနေပြီး ရှတ်ဒရီက တတိယ နေရာက လိုက်နေတယ်ဆိုပါတယ်။

ဒီနေ့တက်တဲ့သတင်းမှာ လူဦးရေ တသန်းလောက်ရှိတဲ့အတိုက်အခံတွေ အားကောင်းတဲ့ နယ် ၂ နယ်ကို ရွေးကောက်ပွဲ မကျင်းပပေးနိုင်ဘူးလို့ အစိုးရက ကပ်ကြေငြာလိုက်ပြန်လို့ အကြမ်းဖက်မှုတွေဖြစ်ပြီး လူတွေသေနေကြပြန်ပါတယ်။

သမတ ဂျိုးဇက် ကဘီလာက တိုင်းပြည်တချို့နေရာတွေမှာ တိုက်ပွဲတွေဆက်ရှိနေပေမယ့် တဖြေးဖြေး ကောင်းမွန်လာ နေပါတယ်။ ဦးထုတ်ပြာတွေကို သက္ကရာဇ် ၂ဝ၂ဝ မတိုင်ခင်တိုင်းပြည်က ထွက်သွားစေချင်တယ်လို့ပြောပါတယ်။ ဦးထုတ်ပြာ တွေကတော့ (ပိုက်ဆံကုန်ပေမယ့်) ထွက်လို့ မရသေးပါဘူးတဲ့။ ၁ဝ နှစ်ကြာ တပ်တွေချထားတဲ့ကာလမှာ သူ့ကို အတိုက် အခိုက်ခံရလို့ ကျဆုံးတဲ့ ဦးထုတ်ပြာအရေအတွက်က -၂ဝဝ လောက်ပဲဆိုတော့ သိပ်မဆိုးလှပါဘူး။ တချို့နေရာတွေမှာလည်း (Gold for Gun) ဆိုပြီး ကုလတပ်တွေဆီက သူပုန်တွေကို လက်နက်ရောင်းတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက အမှုတင် ကြ စွပ်စွဲနေကြပြန်တယ်။ တခြားအမှုတွေလည်း ရှိသေးတယ်။ ဒါပေမယ့် ဒါတွေကို ကုလသမဂ္ဂက အတည်မပြုပါဘူး။

ခွန်ဆိုင်း
(၃၊ ၁၊ ၂ဝ၁၉)

One thought on “ခွန်ဆိုင်း ● ဦးထုတ်ပြာတွေ … လာတယ်… ကြာမယ်

  1. နောက်ဆုံးရသတင်းတွေကို အီးမေးလ်က ပို့ပေးပါ။ နောက်ပြီး တွစ်တာမှာ ဆောင်းပါးတွေ အင်္ဂလိပ်လို ပိုကောင်းအောင် တင်ပြပေးပါ။

Comments are closed.