မိန့်ခွန်း မျက်မှောက်ရေးရာ

“အခွင့်အရေးတွေ တဘက်က ရတယ်၊ တဘက်က နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်” – မင်းကိုနိုင်

 

“အခွင့်အရေးတွေ တဘက်က ရတယ်၊ တဘက်က နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်”

မင်းကိုနိုင် မိန့်ခွန်း ကောက်နုတ်ချက်၊ မိုးမခ၊ ဇွန် ၁၅၊ ၂၀၁၅ (ဓာတ်ပုံ – ThawBiTa’s Facebook)

ဇွန် ၁၄၊ ၂၀၁၅ (ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၊ နေပြည်တော်ရုပ်ရှင်ရုံတွင် ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် မင်းကိုနိုင် ပြောကြားသည့် မိန့်ခွန်း)

လူငယ်တွေ သူတို့ ဖန်တီးထားတဲ့ ရုပ်ရှင်ကားတိုတွေ တော်တော်များများကို လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ခေါင်းစဉ်အောက်က သရုပ်ဖော်ကြတယ်။

ရန်ကုန်မြို့ရဲ့ အသည်းနှလုံးဖြစ်တဲ့ လမ်းမကြီးပေါ်က ရုပ်ရှင်ရုံမှာ ကျနော်တို့ အတူ မျက်နှာချင်းဆိုင်နိုင်မယ့် အခွင့်အရေးဟာ ဒီအတိုင်းတော့ အလွယ်တကူ မရခဲ့ဘူး။

ကျွန်တော်တို့နိုင်ငံက လွတ်လပ်ရေး ရပြီးကတည်းက ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ လက်မှတ်ထိုးခဲ့တယ်။ ကတိပြုခဲ့တယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ ၀န်းကျင် ကာလကို ကြည့်လိုက်ပါ … ကိုယ်လက်မှတ်ထိုး သဘောတူထားတဲ့ ကြေညာစာတမ်း၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ဝယ်ထားရှိ ကိုင်ဆောင်မှုနဲ့ အဖမ်းခံခဲ့ရတယ်၊ ၀ရမ်း ထုတ်တယ်။ အိမ်မှာ လာဖမ်းတယ်။ ဘတ်စ်ကားပေါ်မှာတွေ့သွားလို့ အဲဒါကို ဖမ်းတယ်။

အဲဒီအချိန်ဟာ တကယ်တော့ သမဂ္ဂ ဆိုတဲ့ စာလုံး ပါရင်ကို အဖမ်းခံရဖို့ သေချာနေတဲ့အချိန်။

အခု ဒီပရိသတ်ထဲမှာလည်း ကျနော် တလေးတစားနဲ့ သွားပြီးတော့ နုတ်ဆက်ခဲ့တဲ့၊ တချိန်တုန်းက လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးတွေ စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြတဲ့ ကျနော်တို့ရဲ့ရှေ့က မျိုးဆက်တွေ၊ HRDP လို့ ခေါ်တဲ့၊ လူ့အခွင့်အရေးအတွက် အလုပ်လုပ်ခဲ့ကြတဲ့ ကျနော်တို့ရဲ့ နောင်တော်တွေ၊ ဟိုး…ပြည်မြို့မှာ လူ့အခွင့်အရေးသင်တန်းပေးလို့ အုပ်စုလိုက်ကြီး အဖမ်းခံခဲ့ရတာ၊ ဒါ … ဘာမှ ကြာသေးတဲ့ အချိန်တွေ မဟုတ်ပါဘူး။

ဒီနေ့တော့ အဲဒါတွေ ပြောရင်တော့ တော်တော် များမယ်၊ အဲဒီကနေ ကျနော်တို့အကုန်လုံး ရုန်းကန်လာကြတာ ဒီနေ့ ဒီအချိန်ကို ရောက်လာပြီ ဆိုတော့ အခွင့်အရေး ဆိုတဲ့စကားလုံး….. လူ့အခွင့်အရေးကို လိုချင်ရင် ကျနော်တို့ ဘာလုပ်ရမလဲ ဆိုတာ တွေးကြည့်တဲ့အခါကျတော့ တာဝန်ယူမှုလို့ ကျနော်က အောက်မေ့ပါတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု အဲဒါရှိမှ ကျနော်တို့က အခွင့်အရေးကိုလည်း ထိုက်တန်တယ်၊ ကျနော်တို့ ကိုယ်စီ တာဝန်ယူခဲ့ကြတယ်။ ဆက်ပြီးတော့လည်း တာဝန်ခံရမယ်။ ကျနော် အဲဒီလို နားလည်ပါတယ်။

ကျနော်တို့လူမျိုးဟာ ယဉ်ကျေးမှုအရ လူတဘက်သားရဲ့ အခွင့်အရေး ထိခိုက်မှာ စိုးရိမ်သလဲ၊ ဘယ်လောက် တန်ဘိုးထားတတ်သလဲ ဆိုရင်

ကျနော်တို့ အရင်က လူနေမှုစနစ်ကို ကြည့်ပါ၊ အိမ်မှာ အညှော်လုပ်တော့မယ် ဆိုရင် ဘေးအိမ်နီးချင်းက နေထိုင်မကောင်းတဲ့သူတွေ ထိခိုက်မှာ စိုးလို့ ညှော်ကြမယ်ဗျိုးလို့ အရင်ဆုံး ကြားအောင် အသိပေးပြီးတော့မှ ညှော်စရာ ရှိရင် ညှော်တဲ့လူမျိုးပါ။

သာမန်ကြည့်ရင် ဒါက ဘာမှမဟုတ်ဘူးလို့ အောက်မေ့စရာ ရှိပေမယ့် ကျနော်ကတော့ ဒါကို တန်ဘိုး တခု အနေနဲ့ နားလည်ပါတယ်။

ကိုယ်လုပ်တဲ့ အလုပ်ဟာ တဘက်သားရဲ့အခွင့်အရေးကို သွားပြီးတော့ မနစ်နာအောင် စဉ်းကြတဲ့လူမျိုးပါ … အခြေခံအားဖြင့်။ အဲဒီလူမျိုးရဲ့ ဂုဏ်သိက္ခာ၊ အဲဒီတမျိုးသားလုံးရဲ့ လူ့အခွင့်အရေးတွေ ဘယ်လိုပင် ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့၊

ကျနော်တို့အားလုံး ရုန်းကန်ခဲ့ရပါတယ်၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ကိုယ်စီကိုယ်စီ ရုန်းကန်ခဲ့ကြတယ်။ အဲဒီအတွက် ဒီကနေ့ ဒီအခြေအနေကို ရောက်လာတယ်။

သတင်းထောက်တချို့က ကျနော့်ကို မေးပါတယ်၊ ဒီဆိုင်းဘုတ်အောက်မှာ…အခုလို မြို့လယ်ခေါင်က ရုပ်ရှင်ရုံမှာ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ကျင်းပနေပြီ ဆိုတော့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးကို ဘယ်လိုမြင်ပါသလဲ တဲ့။

ဟုတ်တယ် …. ဒါကတော့ တကယ့်အရှိတရားပဲ။ နောက်ထပ်အရှိတရားတွေကိုလည်း မြင်ပါတယ်။

ဘာကို မြင်ရသလဲ ဆိုတော့ … အလွတ်သတင်းထောက် ကိုပါကြီးရဲ့ မျက်နှာကို မြင်ပါ၊ ကိုယ့်မြေပေါ်မှာပဲ ကိုယ်အသက်ပေးရတဲ့ လယ်သူမကြီး ဒေါ်ခင်ဝင်းရဲ့ မျက်နှာကိုလည်း မြင်ပါ၊

ဟိုး ရွှေပြည်သာဘက်မှာ အလုပ်သမားသပိတ် ဆင်နွှဲရင်းနဲ့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေ၊ ကျောင်းသားသပိတ်အတွက်နဲ့ အကျဉ်းထောင်နံရံထဲ ရောက်နေတဲ့ ကျောင်းသားတွေကိုလည်း မြင်ပါ…

အရှိတရားတွေ အားလုံးကို သုံးသပ်ရမယ်လို့ ကျနော် အောက်မေ့ပါတယ်။

အခွင့်အရေးတွေ တဘက်က ရတယ်၊ တဘက်က နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်၊ မပြေလည်နိုင်သေးတဲ့ ကိစ္စတွေ ကျနော်တို့တိုင်းပြည်မှာ အများကြီး ရှိနေသေးတာကို ဆိုလိုပါတယ်။

ဖြူးမြို့က တခုသော တရားရုံးကို ကြည့်လိုက်ပါ၊ ကျနော်ကိုယ်တိုင်လည်း ရောက်ခဲ့ပါတယ်၊ တရားစွဲခံရတာက လယ်သမားတွေပါ၊ တရားရုံးတွေရဲ့ ထုံးစံမှာ … ဆိုပါတော့… မုဒိမ်း၊ လူသတ်၊ အလောင်းဖျောက် အဲဒါတွေကို တယောက်တည်း ဒိုင်ခံ ကျူးလွန်ခဲ့တဲ့သူတောင် ကုလားထိုင်နဲ့ ကျကျနန ထိုင်ခွင့် ရှိပါတယ်၊

လယ်သမားတွေဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ရတယ်။ လူ့အခွင့်အရေးဟာ ဒီဟာနဲ့ မပတ်သက်ရင် ဘယ်ဟာမျိုးကို ဥပမာပြရမလဲ။

မြို့ပေါ်မှာရထားတဲ့ ဆိုင်းဘုတ်ထူခွင့်၊ ရုပ်ရှင်ပြခွင့်၊ စည်းရုံးလှုံ့ဆော်ခွင့်တွေကိုလည်း ပကတိတရားအတိုင်း မြင်သလို … တဘက်မှာလည်း ခုနကလို ပြကွက်မျိုး၊ မြင်ကွင်းမျိုးကိုလည်း မြင်အောင် ဆက်ပြီးတော့ အမှန်တရားကို မှတ်တမ်း တင်နိုင်ပါစေ။

အကျည်းတန်အောင်ပြုတဲ့သူတွေဟာ သံသရာအဆက်ဆက် ကမ္ဘာအဆက်ဆက်မှာ ရှိပါတယ်၊ တဘက်ကလည်း လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာအတွက် ဟောဒီလောကကို အလှဆင်မယ့် လက်တွေဟာ

 

ဒဏ်ရာ ရနေလျက်ကနေပြီးတော့ ဆက်ပြီးတော့ အလှဆင်နေလိမ့်ဦးမယ်လို့ ပြောရင်း အဆုံးသတ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts