ရသဆောင်းပါးစုံ

ဝေဟင်ထဲမှ ငရဲခန်း

မောင်စံ (တောင်ငူ)
ဒီဇင်ဘာ ၂၉၊ ၂၀၁၃
ဖလော်ရီဒါ ကနေ ဆန်ဖရန်ကို ပျံသန်းရတဲ့ခရီး မနီးလှပါ။
စာမရေးဖြစ်တာကြာပြီ၊ မအားဘူးဆိုပြီး ပြစရာအကြောင်းကလည်းမရှိ၊ အဓိက ကတော့ Mood မဝင်တာပါ လေ။ စာမူတောင်းထားသူတွေက လောဆော်နေပြီ၊ မပြီးသေးဘူးလား၊ မရသေးဘူးလားပေါ့။ အင်း.. ခက်တာက ခေါင်း ထဲကို ဘာအကြောင်းအရာမှ ပေါ်မလာ။
“ထွက်စမ်းဟဲ့.. ထွက်စမ်းဟဲ့…”
“ဒုန်း.. ဒုန်း.. ဒုန်း”
“Oh! What happen to you baby?”
“Amm.. nothing nothing.. I am OK”
ရေးစရာလေးများ တစ်ပိုင်းတစ်စ ထွက်လာမလားလို့ ဖြစ်ညှစ်စိတ်ကူးပြီး လေယာဉ်ပြူတင်းပေါက်ကို သတိလက်လွတ် ခေါင်းနဲ့တိုက် လိုက်တာ ကိုယ့်ဘေးမှာအိပ်မောကျနေတဲ့ အဖြူမကြီးလန့်နိုးပြီး ပြာပြာသလဲ မေးရှာတယ်။ ဘာမှမဖြစ်သလို သူ့ကိုပြန်ပြုံးပြလိုက်ပြီး အရှက်ပြေ ပြူတင်းပေါက်ကို ဆက်တိုက်နေလိုက်တယ်၊ အဟီး။
အင်း… ဘာလိုလိုနဲ့ ပျံသန်းလာတာ (၂) နာရီတောင်ကျော်ခဲ့ပြီ၊ ခရီးက တစ်ဝက်မပေါက်သေး၊ ဒါပေမယ့် ရှူရှူး က ပေါက်ချင်နေပြီ၊ ဘေးကအဖိုးအဖွားတွေကလည်း ပြန်အိပ်ပျော်သွားကြပြီ။ သူတို့ကို နှိုးပြီးသွားရမှာ အားနာစရာ။ အိပ်ပါစေလေ… သူတို့နိုးမှပဲ သွားပါတော့မယ်။ အောင့်ထားလိုက်ဦး ဖေ့သားကြီးရေ….။
“ဟဲ့ ပလုတ်တုတ်၊ ဖြေးဖြေးလုပ်ပါ ဟဲ့”
ဟိုဒင်းဖြစ်နေပါတယ်ဆိုမှ အရေးထဲ လေယာဉ်က စွီ… ဆိုအောက်ပြုတ်ကျသွားလိုက်တာ၊ အသည်းကို အေးသွားတာပဲ၊ ဘေးကလူတွေ နိုးပလားကြည့်လိုက်တော့ တုတ်တုတ်တောင်မလှုပ်ဘူး၊ ဟွန်း။ အာတွေက ခြောက်နေပြီ၊ ရေးဗူးလေးပါပေမယ့် မသောက်ရဲ၊ မျက်စောင်းလေးပဲ ထိုးကြည့်ပြီး လျှာသပ်နေရတယ်။
အဲ… ဟုတ်ပြီ၊ အကြံရပြီ။ ရေဗူးလေးကို လွတ်ကျချင်ယောင်ဆောင်ပြီး သူ့ခြေထောက်ပေါ် လွှတ်ချလိုက်မယ်၊ အဲ့ဒီအခါ သူတို့နိုးသွားပြီး ကောက်ပေးမယ်။ ကျေးဇူးတင်တဲ့အကြောင်းပြောမယ်၊ ပြီးရင် အပြင်ထွက်မယ် အပိုင်ပဲ။
“အင့် ဟယ်…”
“ဘုတ်”
ဟာ… သွားပါပြီ၊ ရေဗူးနဲ့ ခြေထောက်လွဲသွားတယ်၊ “ဖွတ်မရ ဓားမဆုံး” ရေဗူးပြန်ကောက်လို့လည်း မရတော့ ဘူး။ ခွီးတယ်ကွာ…။
စိတ်ညစ်ညစ်နဲ့  အပြင်ဘက်ကိုပဲ ငေးနေလိုက်တော့တယ်။ အပြင်ဘက်မှာ သာယာနေတယ်၊ ကောင်းကင်ကြီး ပြာနှမ်းနေပြီး ကိုယ့်အောက်မှာ တိမ်စိုင်တိမ်လိပ်တွေက ဝါဂွမ်းဆိုင်တွေလို အပြည့်။ ပုံပြင်တွေ ကာတွန်းတွေထဲကလို တိမ်စိုင်တွေပေါ် ထိုင်နေတဲ့ ဘိုးသကြားတို့ မာတလိတို့များ တွေ့မလားလို့  စိတ်ကူးလေးနဲ့ ကြည့်နေသေးတယ်။ ဘိုးသကြားကို တွေ့လို့ကတော့ ကျုပ်တို့ဖလော်ရီဒါ သင်္ကြန်ကို လာဖြစ်အောင်လာခဲ့ဦးနော်လို့ လှမ်းဖိတ်လိုက်ဦးမှာ။
တိမ်တွေကင်းစင်သွားတဲ့နေရာရောက်တော့ ဟိုးအောက်မြေပြင်မှာ တောင်စဉ်တောင်တန်းတွေ မြစ်ချောင်း တွေကို လှလှပပ တွေ့ရတယ်၊ တောင်ထိပ်တွေမှာ စနိုးတွေကဖွေးဖွေးဥနေတော့ အမြင်တမျိုးလှတာပေါ့။ ကိုယ့်လိုပဲ ကောင်းကင်မှာ ပျံသန်းနေတဲ့လေယာဉ်တွေကိုလည်း မကြာခဏ တွေ့ရတယ်၊ အင်း… မပြောကောင်း မဆိုကောင်း … ကောင်းကင်မှာ မီးပွိုင့်မရှိဘူးဆိုတော့…ဘုရား.. ဘုရား..။
မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဟိုတွေးဒီတွေးနဲ့ စိတ်ကူးပြီး မှိန်းလိုက်လာတာ အတော်ကြာသွားတယ်။
“တင်… တောင်… Ladies and gentlemen, we are…. ”
လေယာဉ်မယ်က တွတ်တွတ် တွတ်တွတ် နဲ့ ဘာတွေပြောသွားလဲမသိ၊ အတွင်းဘက်ကို ကြည့်လိုက်တော့ လူတွေအားလုံး နိုးနေကြပြီ၊ ဂလောက်ဂလက်နဲ့ ခါးပတ်တွေ ပြန်တပ်တဲ့သူက တပ်ပေါ့။ ဘေးက အဖွားတို့လည်း  နိုးနေပြီ၊ ဟန်ကျတာပဲ လမ်းတောင်းပြီး အပြင်ထွက်ဦးမှ။
“Excuse me”
“Yes..”
အမယ်… Yes တဲ့၊ ဟုတ်နေပြီ ဟုတ်နေပြီ။
အဖွားကြီးက Yes ဆိုပြီး ပြုံးပြတယ်၊ ကိုယ်ကလည်း ပြန်ပြုံးပြလိုက်တယ် ဒါပေမယ့် မချိမဆန့်နဲ့ပေါ့။ ပြီးတော့ သူ့ကို အပြင်ခဏ ထွက်ဦးမယ်လို့ဆိုပြီး လက်တစ်ချောင်းထောင်ပြလိုက်တယ်၊ ငယ်ငယ်တုန်းက စာသင်ကျောင်းမှာ ရှူး ပေါက်သွားချင်ရင် ဆရာမကို လက် တစ်ချောင်းထောင်ပြရတယ်လေ..။ အခုလည်း နံပါတ်ဝမ်း သွားချင်တယ်ဆိုတဲ့ သဘောပေါ့။
အဲဒါဗျာ.. ဘွားတော်က ဘာသဘောပေါက်တယ် မသိဘူး၊ သူစားလက်စ အာလူးကြော်ထုပ်ကို ထိုးပေးတယ်။ စား စား တဲ့။ အမလေး… သဘောကောင်းနေလိုက်တာ။ အဲဒါနဲ့ပဲ ချော်လဲရောထိုင် တစ်ခုနှိုက်စားလိုက်ရတယ်။ ငါ့နှယ် သေချင်တော့တာပဲ။
နောက်တော့ မထူးတော့ဘူးဆိုပြီး သူ့ကိုဘာမှပြောမနေတော့ပဲ ခါးပတ်ဖြုတ်ပြီး ကုန်းထလိုက်တယ်။ ကျွတ် ကျွတ် ကျွတ်…၊ လေယာဉ်မယ် တစ်ယောက် ပြေးလာပြီး
“Oh! No no, you have to be seated. We are landing now.” ထိုင်ခုန်မှာထိုင်နေပါ၊ ကျမတို့လေယာဉ် ကွင်းကိုဆင်းနေပါပြီ..တဲ့။
ဟာ.. ဒုက္ခပါပဲ၊ အောက်ကိုမြင်နေရတာ ဝေးပါသေးတယ်။ သွားမယ်ဆို မှီသေးတာကို ပေးမသွားဘူး၊ ခက်တာပဲ။ ဒါနဲ့ စိတ်ပျက်လက်ပျက် ဆက်ထိုက်နေလိုက်ရတယ်။ ကြာလာတော့ လူလည်း မျက်စိပျက် မျက်နှာပျက် ချွေသီးချွေးပေါက်တွေ ကျလာတယ်။
အရေးထဲ လေယာဉ်က ရိပ်ကနဲထိုးဆင်းလိုက်၊ တိမ်တွေကိုတိုက်လိုက်နဲ့ ဆိုတော့ တဒုတ်ဒုတ်နဲ့ တုန်လှုပ်နေ တယ်။ သူလှုပ်တိုင်း ကိုယ်ကခံစားနေရတယ်၊ ဟူး… မသက်သာပါလား နော်။ ကဲပါလေ ဆက်ပြီးအံကြိတ်ထားလိုက်ဦး ဖေ့သားကြီးရေ….။
“ကျွီ…… ဒုန်း.. ဒုန်း.. ဒုန်း..”
“အား…. ဖြေးဖြေး… ဖြေးဖြေး..”
ဟုတ်ပြီ လေယာဉ်ကွင်းထဲဆင်းလာခဲ့ပြီ၊ တာမီနယ်ကိုရောက်ဘို့ အတော်မောင်းလာရသေးတယ်၊ ရောက်လို့ လူတွေဆင်းတော့လည်း ကိုယ်ကနောက်ထဲမှာ၊ ပြီးတော့အတွင်းပိုင်းထိုင်ခုံဆိုတော့ တော်တော်နဲ့အလှည့်မကျ၊ သွားကြပါဟ မြန်မြန်။
အဲ ဟုတ်ပြီ သွားကြပြီ၊ အပေါ်က ကိုယ့်အိတ်တောင် ကိုယ်မချနိုင်တော့လို့ နောက်လူက ကူချပေးတယ်။ မောင်မင်းကြီးသား ကျန်းမာပါစေဗျာ..။
“Bye Bye… Merry Christmas… Happy New Year…” ဆိုပြီး ထွက်ပေါက်ကနေ နှုတ်ဆက်နေကြတဲ့ လေယာဉ်မယ်တွေကို ပြန်နှုတ်ဆက်ဘို့ နေနေသာသာ ပြုံးတောင်မပြနိုင်တော့ဘူး၊ အခြေအနေက အဲလို။
LA လေဆိပ် Terminal ထဲရောက်တော့ နောက်လေယာဉ်စီးရမယ့် ဂိတ်ကိုအရင်မရှာနိုင်ဘူး၊ Restroom ရှိတဲ့ ဆီ အပြေးအလွှားသွားရတယ်။ တွေ့ပြီ တွေ့ပြီဟိုမှာ ဘာတတ်နိုင်သေးလဲ ဟင်း.. ဟင်း..။
ဝမ်းသာအားရ ခပ်သုတ်သုတ်လေး ဝင်သွားလိုက်တယ်။
“အဲ…. အား… အိုး….”
အထဲမှာ အသံတွေ ဆူညံသွားတယ်။ လန့်ဖျတ်ပြီး ကြည့်လိုက်တော့ ဝင်သွားမိတာ အမျိုးသမီး အိမ်သာခန်း။
“သေစမ်းကွာ…”
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ…

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts