သရော်စာ

သောက်သုံးပစ္စည်းအရေးတော်ကြီး

ကယ်ပါတိုင်းသား
ဒီဇင်ဘာ ၂၉၊ ၂၀၁၃
သောက်တော်ဗူးရယ်နဲ့ အိုမကွာတို့။
မအိုဆေးနဲ့ အကိုလေးတို့။
ဇရက်မင်းစီးစိမ်ရှင်တို့။
သောက်သောက်လဲပါတီဝင်ရဲဘော်ကြီးတို့။
ရဲဘော်တို့ သတိရှိကြလော့။
ကနေ့ကား ရဲဘော်တို့အတွက် အခက်ခဲ အကြမ်းတမ်းဆုံးအချိန်ကြီးဖြစ်ပေသတည်း။
ရဲဘော်တို့ရေကြည်ကား မြေဆီနဲ့ချက်လုပ်ပြီမို့ သေပြီဆရာအခြေဆိုက်နေပြီတည်း။
မြေဆီနဲ့မမြတ်သမို့ အက်စစ်ပင်ထပ်ဆောင်းလိုက်လေပြီတည်း။
နိုင်ငံတော်ကြီးသည် ရဲဘော်တို့သောက်သူသောက်သားများ
သောက်စားမှုမပြတ်လပ်ရေးအတွက် လိုင်စင်လေးသောင်းကျော်ချထားပေးပြီးလေပြီ။
အနို့ သို့မို့ကြောင့် တနိုင်ငံလုံးရှိ ရမ် ဂျင် ဘီအီး
ဝီစကီးအရက်ချက်စက်ရုံများသည် မြေဆီချင်းပြိုင် အနိုင်ကျဲနေကြချေပြီ။
အက်စစ်ချင်းထပ် အမြတ်ကြီးမြတ်နေကြပေပြီ။
အက်စစ်နဲ့ တက်ခေတ်ကိုဆောက်၍ မြေဆီနဲ့ ပြည်တည်နေကြပေပြီ။
အရက်ချက်စက်ရုံများကား နိုင်ငံတော်လုပ်ကြံမှုကြီးကို
အချိန်ပြည့်အားသွန်ခွန်စိုက်နေ့ညမနားထမ်းရွက်နေကြပေပြီ။
ယင်းသို့လုပ်ဆောင်မှုကြီးကို ရှပ်တပြစ်ဂျာနယ်တော်ကြီးတွင် ဘာမသိဖင်ပြောင်
အဲလေ ရောင်လို့ ဘာမထီခင်အောင်(ရွှေဘို)ဆိုလေသူ(မွတ်စလင်)ကြီးက
ရွှေဘုရင်မအရက်ချက် အသက်ဖျက်စက်ရုံကြီးကို  (အရက်ချက်)စာလုံးဖျောက်ထားကာ
ရွှေဘုရင်မစက်ရုံဆိုသဟာကြီးက တစ်နေ့ လူပေါင်း(၃၀၀)အလုပ်ပေးထားကြောင်း
မဟာချီးမွမ်းခန်းဖွင့်ထားပေသေးသည်။
ယင်းစက်ရုံထွက် မြေဆီရောရာ အက်စစ်ပါသည့် အရက်အိုတာကြောင့်
အိုချိန်မတိုင် ပျိုချိန်ယိုင်ကြသူဘယ်လောက်၊ အိမ်ထောင်ဦးစီးအလုပ်ပျက်၍
အိမ်သူသက်ထား သမီးသားများ မစားရ မဝတ်ရ သတ်ကြပုတ်ကြ ဘဝပျက်ရသည်က ဘယ်မျှ၊
အရက်နာ အယိုင်ရွဲတွေကို လက်တွဲပြီး မျက်စိမွဲမွဲအမေအိုတွေ
ဒုက္ခတွေပိုနေရတာက ဘယ်ရွှေ့ဆိုတာတွေတော့ မပါပေ။
ကိုကြီးကျော် ဒို့ကိုကြီးကျော်တို့ခင်ဗျား
သောက်သောက်လဲပါတီဝင်ရဲဘော်များခင်ဗျား
နိုင်ငံတော်အသက်သတ်ခွင့်ရ ဝန်ကြီးဌာနများနဲ့တွဲပြီး ခင်ဗျားတို့အသက်ကို
ရက်မပြည့်ခင် ပင်စင်ပေးလေသော မြေဆီရောရာ အက်စစ်ပါသည့်
အရက်အိုတာများချက်လုပ်နေတဲ့စက်ရုံများကို သောက်ဖော်သောက်ဖက်
ချဉ်ချဉ်တူးတူးမူးပြီးရော ရဲသဘက်များကို
ဝင်ရောက်စီးနင်းခိုင်းကြပါစို့လို့ပြောရင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts