ကဗျာ

ကျောက်ခတ်ည

ကျော်ဟုန်း
ဇူလိုင် ၂၀၊ ၂၀၁၂

ငါတို့ရဲ့ည
ဘာသာမပြန်နိုင်သေးတဲ့ည
ဘာသာမဖလှယ်နိုင်သေးတဲ့ည
ဘာသာစုံရောနေတဲ့ည (မလှ) ။

မြူတွေနဲ့ ယမ်းငွေ့ အမွှာညီနောင်ဖြစ်နေတဲ့ ည
ရေသောက်မြစ်ကို အကဲစမ်း လှဲဖြိုတဲ့ ည
ခေတ်သစ် ချစ်တီးများ မြေယဉ်တွေစားတဲ့ ည
ကြယ်တွေခြံရံနေတဲ့ လကိုမျှော်လင့်နေဆဲ ည
ငါတို့ညတွေမှာ လမသာသေးပါ။

ဖြူစင်သူတွေရဲ့မျက်ရည်စက်များ စတေးထားတဲ့ ည
စာနာသူတချို့ရဲ့ အားဆေးများနဲ့  ဆင်ပါးစပ်နှမ်းပက် ည
နေနိုင်သူတချို့ရဲ့ ရက်စက်ခြင်းများနဲ့ လျစ်လျူရှုခံ ည
ကြယ်တွေခြံရံနေတဲ့လကို တမ်းတနေဆဲ ည
ငါတို့ညတွေဟာ ဆေးပေါင်းမခသေးပါ။

ဗုဒ္ဓ သား/သမီးတော်တချို့ လူဝတ်ကြောင်နဲ့ မျက်နှာငယ်ရတဲ့ ည
မီးပြာရောင်အောက် ဖန်ခွက်သံယဉ်ကျေးမှုထွန်းကားတဲ့ ည
အလမ္ပာယ်ဆရာရဲ့ မာယာပွေသံ တွန်ကြူးတဲ့ ည
ကြယ်တွေခြံရံနေတဲ့ လကို ရော်ရမ်းနေဆဲ ည
ငါတို့ညတွေများ တိမ်မည်းမစင်သေးပါ။

စက်ခေါင်းတိုင်က မီးခိုးကြွတဲ့ ည
ခြံစည်းရိုးတွေ ပိုးစားခံရဆဲ ည
ရွှေဗဟိုရ်စည်ကြီး ကြွက်ဖောက်နေဆဲ ည
ကြယ်တွေခြံရံနေတဲ့ လကို မှန်းဆနေဆဲ ည
ငါတို့ညတွေကို ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ မပူဇော်နိုင်သေးပါ။

ငါတို့ညများ
လမသာ တိမ်မည်းဖုံး ဆေးပေါင်းမခသေးလဲ
ညပြီးရင် နေ့ရောက်မြဲကို သိထားလဲ
ညကို ညလိုလှဖို့
ညကို မီးစုံထွန်းစို့
ကျောက်ပဲရှိရင် ကျောက်ချင်းခတ်
ကျောက်ချင်း ခတ်ရဲကြစေတို့ ….။

illustration – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts