အရှင်ပညာနန္ဒ ရေခြားမြေခြား မြန်မာများ

Ashin Pyinnya Nanda – ရင်ထဲကဗိုလ်ချုပ်

 ရင်ထဲကဗိုလ်ချုပ်

အရှင်ပညာနန္ဒ၊ ဇူလိုင် ၂၁၊ ၂၀၁၂

မြင်ကွင်း (၁)

အာဇာနည်နေ့အခမ်းအနား မကျင်းပဖြစ်တာ (၂)နှစ်ရှိပြီ။ ခရီးလွန်နေတာနဲ့၊ အခြားသောကိစ္စတွေရယ်ကြောင့် ဆိုပါတော့။ ဒီနှစ်တော့ အကောင်းဘက်ကို ဦးတည်လာနေပါပြီ၊ ပြောင်းလဲလာနေပါပြီ ၊ အတော်အသင့် လွတ်လပ်ပါပြီလို့ ပြောနေကြတဲ့ ဦးသိန်းစိန်အစိုးရလက်ထက် (အချို့နေရာတွေမှာ) အာဇာနည်နေ့ ကျင်းပခွင့်မပြုကြောင်းသတင်းတွေ ဟိုက ဒီက ဖတ်ရကြားရ သတင်းတွေနားထောင်နေရလို့ အာဇာနည်နေ့အခမ်းအနားလုပ်ဖြစ်အောင် သတိပေးသလိုဖြစ်သွားပါတယ်။

ဘာလိုလိုနဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတာ (၆၅) နှစ်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း ပြည်သူတွေရဲ့ရင်ထဲမှာ ဗိုလ်ချုပ်ကိုသတိရဆဲ တမ်းတဆဲ ချစ်ခင်မြဲ ဖြစ်နေတာကတော့ တကယ့်ကို အံ့သြ၀မ်းသာစရာပါ။ ဗိုလ်ချုပ်တို့အကြောင်း စာအုပ်တွေဖတ်ရ သတင်းတွေနားထောင်ရတာ ငြီးငွေ့တယ်ရယ်လို့ မရှိလှ၊ အမြဲတမ်း စိတ်ဝင်တစားဖတ်ဖြစ် နားထောင်ဖြစ်ပါတယ်။

ဗိုလ်ချုပ်တို့်လို တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ အသက်ပေး ဆောင်ရွက်နေသူတွေ အတွက်တော့ သေသောသူကြာရင်မေ့ဆိုတဲ့မြန်မာစကားပုံဟာအသက်မ၀င်လှပေဘူး။ နှစ်ပေါင်း (၆၅) တိုင် ကြာခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့  ဂုဏ်ပုဒ်တွေကို ကို ပြည်သူလူထုက ဘာကြောင့်များယနေ့အချိန်ထိ မမေ့ပျောက်ဘဲရှိနေတာပါလိမ့်လို့ စဉ်းစားရင်း ဖတ်ခဲ့ဖူးတဲ့  နီတိဂါထာလေးတပုဒ်ကို သွားပြီးသတိရမိတယ်။

ဂုဏာ ဂုဏညူသု ဂုဏာ ဘ၀န္တိ၊ တေနိဂ္ဂုဏံ ပါပျ ဘ၀န္တိ ဒေါသာ။

ာဒ တောယာ ပသ၀န္တိ နဇော၊သမုဒ္ဒ မာသဇ ဘ၀န္တု ပေယျာ။ ။

ဆိုလိုရင်းက ကျေးဇူးဂုဏ်ကိုသိကြတဲ့ပုဂ္ဂိုလ်အတွက်မှ ဂုဏ်ဆိုတာဖြစ်တာပါတဲ့၊ ကျေးဇူးတရားမသိသူတွေ၊ တနည်းအားဖြင့်ပြောရရင် ကျေးဇူးကန်းတတ်တဲ့ပုဂ္ဂိုလ်တွေအတွက်တော့ ဂုဏ်မဖြစ်ဘဲ အပြစ်တွေဘဲဖြစ်နေတတ်ပါတယ်တဲ့။

သူပေးထားတဲ့ ဥပမာလေးကလည်းအကောင်းသား။

မြစ်ရေဟာရေချိုပါဘဲတဲ့။သောက်လို့ သုံးလို့ရပါတယ်။ဒါပေမဲ့ အဲဒီမြစ်ရေတွေဟာ သမုဒ္ဓရာထဲ ရောက်သွားပြီ ဆိုရင်တော့ ရေငန်တွေဖြစ်သွားပြီး သောက်လို့ သုံးလို့မကောင်းတော့ပါဘူးတဲ့။

ဒီဥပမာလေးက မြန်မာစစ်ခေါင်းဆောင်ဆိုသူတွေအတွက်များ ရေးခဲ့လေသလားလို့တောင် ထင်စရာပါဘဲ။ ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ကျေးဇူးတွေကိုသိသူတွေက အာဇာနည်နေ့ရောက်တိုင်း ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ပုဒ်တွေကိုဖော်ထုတ်ပြီး အလေးပြုကြ ချီးမွမ်းကြပေမဲ့  စစ်တပ်ကိုယ်တိုင်က တပ်မတော်ဖခင်ကြီးကို အသိအမှတ်မပြုချင်တာ အလေးအနက်မထားဘဲ လစ်လျူရှုခဲ့ကြတာတွေကတော့ စစ်တပ်အတွက် သိက္ခာကျစရာ အရှက်ရစရာတွေဖြစ်ပါတယ်။

တိုင်းပြည်လွတ်လပ်ရေးရအောင် မနေမနား အသက်စွန့်ဆောင်ရွက်ခဲ့ပြီး တပ်မတော်ကို တည်ထောင်ခဲ့သူကြီးဖြစ်တဲ့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာစစ်ခေါင်းဆောင်တွေ ကိုယ်တိုင်က အလေးအနက်မထား ကျေးဇူးကန်းနေတာတွေဟာ ကျေးဇူးဂုဏ်ကိုမသိသူတွေအဖြစ် (ဂဠုန်ဦးစောလို) သမိုင်းမှတ်တမ်းမှာ အမဲစက်ကြီးအဖြစ် ကျန်ရစ်ခဲ့မှာကတော့အသေအချာပါ။

မြင်ကွင်း (၂)

ဒီနှစ်တော့ ခေတ်အဆက်ဆက် သမိုင်းကြောင်းဖျောက်လာခဲ့လို့ အာဇာနည့်နေ့ တို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆိုတဲ့နာမည်လောက်တောင် မကြားဘူးတဲ့ ပြည်ပရောက် မြန်မာကလေးငယ်လေးများအတွက် ဘုန်းကြီးကျောင်းမှာပဲ အာဇာနည်နေ့လုပ်ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ အသက်အရွယ်ကတော့ (၅)နှစ်ကနေ (၁၂)နှစ်အတွင်း ကလေးအရွယ်တွေပါ။

ကလေးအရေအတွက် မများလှပေမဲ့ စိတ်ဝင်တစားနားထောင်နေကြတာကိုကြည့်ပြီး ကျေနပ်မိပါတယ်။ အာဇာနည်နေ့အကြောင်း ဟောပြောပေးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ ကိုအောင်ကျော်မြင့်ကလည်း ကလေးတွေနားလည်အောင် အင်္ဂလိပ်လိုတမျိုး မြန်မာလိုတသွယ် ရှင်းပြပေးပါတယ်။

(၁၅) မိနစ်လောက်လောက် ဟောပြောပြီးတော့ မေးချင်တာမေးကြဘို့ ဖိတ်ခေါ်လိုက်ပါတယ်။ မထင်မှတ်ဘဲ တယောက်ပြီး တယောက် လက်ထောင်ပြနေတာတွေ့လို့တအံ့တသြဖြစ်မိပါတယ်။ အဲဒီလောက် စိတ်ဝင်တစားရှိမယ်လို့ ထင်မထားမိတာကြောင့်ပါ။ ဒီမှာမွေးတဲ့ကလေးတွေ ဆိုတော့လည်း သူတိုအလေ့အကျင့်အတိုင်း မေးခွန်းမေးဘို့ကလည်း ၀န်မလေးလှဘူး၊ ရှက်တာ ကြောက်တာ မ၀ံ့မရဲဖြစ်နေတာ သူတို့မျက်နှာမှာမတွေ့ရ။ သူတို့သိချင်တာကို လွတ်လွတ်လပ်လပ် မေးတော့တာပါဘဲ။


မေးတဲ့မေးခွန်းတွေထဲမှာ ကရင်တိုင်းရင်းသားလေး အယ်ကပေါရဲ့ မေးခွန်းလေးကတော့ ရင်ထဲမှာ အထိခိုက်ဆုံး ခံစားရပါတယ်။

ဗမာစစ်တပ်က သူတို့ကရင်လူမျိုးတွေကို ဘာဖြစ်လို့သတ်နေတာပါလဲ?

ဘာကြောင့် သူတို့ကရင်တိုင်းရင်းသူတွေကို မုဒိမ်းကျင့်နေရတာပါလဲ … တဲ့။

ထိခိုက်ကြေကွဲစွာ ခံစားချက်ပါပါနဲ့ မေးနေတယ် ဆိုတာ သူ့မျက်နှာမှာ အထင်းသားတွေ့လိုက်ရပါတယ်။ တိုင်းရင်းသားကလေးတွေရဲ့ ရင်ထဲမှာ အရွယ်နဲ့မလိုက်အောင် ဗမာစစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေက သူတို့လေးတွေရဲ့ ရင်ကိုနာကျင်စေခဲ့ပြီး တိုင်းရင်းသားအချင်းချင်းကြားမှာ အမုန်းတံခါးကြီး ဖွင့်လိုက်သလို ဖြစ်စေပါတယ်။ အနာဂတ်အတွက် ကောင်းတဲ့ အတွေ့အကြုံ မဟုတ်တာကတော့ သေချာပါတယ်။ တကယ့်ကိုသတိထားစရာတွေပါ။

သူတို့အရွယ်နဲ့ သူတို့မေးတဲ့ခွန်းတွေကို စိတ်ဝင်စားမယ်ထင်လို့မျှဝေပေးလိုက်ပါတယ်။

မေးခွန်းများ

(၁) Burmaကနေ Myanmarလို့ ဘာကြောင့်ပြောင်းတာပါလဲ။

(၂) ဗမာစစ်တပ်က ကရင်လူမျိုး (တိုင်းရင်းသား)တွေကို ဘာကြောင့် သတ်နေတာပါလဲ။

(၃) ကရင်အမျိုးသမီးတွေကို ဘာကြောင့် မုဒိမ်းကျင့်နေကြတာပါလဲ။

(၄) ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ကောင်းတာတွေလုပ်နေပေမဲ့ ဘာကြောင့် စစ်သားတွေ (စစ်အာဏာရှင်)တွေက ဖမ်းဆီး ထောင်ချခဲ့တာလဲ။

(၅) ထောင်ထဲမှာ ဘယ်လို အိမ်သာသွားရသလဲ။ (ကလေးများအားလုံးရယ်မောကြ)

(၆) လူနေတဲ့အခန်းထဲမှာ အိမ်သာတက်တော့ အခြားသူတွေက မကြည့်ကြဘူးလားတဲ့။ (တ၀ါးဝါးတဟားဟား ရယ်မောကြ)

အဲဒါတွေကတော့ သူတို့သိချင်တဲ့ မေးခွန်းတွေပါဘဲ။ သူတို့မေးခွန်းတွေက သူတို့ရဲ့ ဟန်ဆောင်မှုကင်းတဲ့ သူတို့ရင်ထဲကလာတဲ့ မေးခွန်းတွေ ဆိုတာကတော့ တကယ့်ကို သေချာပါတယ်။

အာဇာနည်နေ့အခမ်းအနားကို ကြွရောက်လာတဲ့ကလေးမင်း (လူကြီးမင်းများမဟုတ်) များကို Coca Cola (Coke) တလုံးစီ(ချော့) ပေးပြီး ညနေ(၅)နာရီမှာ အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါကြောင်း။ ။

          (အောက်ပါကဗျာလေးနဲ့ စာကို နိဂုံးချုပ် လိုက်ပါတယ်)

သမိုင်းမှာ မင်းတရားခံဖြစ်မယ် (တင်မိုး)

မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊
ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊
တရားဆိုတာ …
ညှာလဲမညှာ၊ ညာလဲမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘောသူ ဆောင်ခြင်းပဲ။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။
မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။ ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts