>Burmese Community in Newyork State rasie fund for Burmese HIV AIDS patients

>

 နယူးယောက်ပြည်နယ်ရှိ မြန်မာ့ကွန်မြူနီတီ၏ ပြည်တွင်းရှိ HIV/AIDS ဝေဒနာရှင်များအတွက် အလှူခံပွဲတော် စည်ကား အောင်မြင်
မိုးမခအထောက်တော် နယူးယောက်
ဒီဇင်ဘာ ၆၊ ၂၀၁၀
ဒီဇင်ဘာလ ၅ ရက်နေ့ နယူးယောက်မြို့တွင် မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင်များအတွက် ရန်ပုံငွေရှာဖွေပွဲတခုကို ကျင်းပခဲ့ရာ အလှူရှင် ဧည့်သည် တထောင်ကျော် လာရောက် အားပေးကြကြောင်း သတင်းရပါသည်။

 

အဆိုပါ တတိယအကြိမ် စတုဒိသာ နိဗ္ဗာန်ဈေးနှင့် မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင်များအတွက် ရန်ပုံငွေရှာဖွေပွဲတခုကို နယူးယောက်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသား လူငယ်လူကြီးမရွေး အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံတို့စုစည်းကာ နယူးယောက်မြို့ Queens ရှိ PS 12 ၌ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပါသည်။ ရန်ပုံငွေမြှင့်တင်ပွဲသို့ တက်ရောက်သူများထံမှ အနည်းဆုံး ရန်ပုံငွေ ၅ ဒေါ်လာကောက်ခံကာ   အစားသောက်အလှူရှင် ၅၀ မှ လှူဒါန်းသော မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများကို စတုဒိသာအဖြစ် သုံးဆောင်နိုင်ခဲ့ကြပါသည်။

ပွဲလာရောက်သူတဦးကတော့ ” ကျမတို့နယူးယောက်မှာ မြန်မာပြည်မှာ အရေးပေါ်လိုအပ်နေတဲ့ လူမှုရေးရန်ပုံငွေကို စည်စည်ကားကား ကျင်းပနိုင်တဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းသာမိပါတယ်။ လာတဲ့လူတွေကလည်း တအားပဲ။ လှူကြတာလည်း အရမ်းကိုအားရစရာပါ။ သတ်မှတ်ထားတာကတော့ ၅ ဒေါ်လာဆိုပေမယ့် အဲဒီထက်မက အများကြီးကို လှူကြပါတယ်။ ကျမအနေနဲ့ အင်မတန်မှ ဝမ်းသာပီတိဖြစ်မိပါတယ်။ AIDS ရောဂါဝေနာသည်တွေအတွက် အားတွေဖြစ်စေမှာ အမှန်ပါပဲ။”
လို့ပြောပါသည်။

 

  ဖိတ်ကြားထားသော ဆရာတော် သံဃာတော်များကို နေ့လည် ၁၁ နာရီတွင် ဆွမ်းဆပ်ကပ်လှူဒါန်းပြီး လှူဖွယ်ပစ္စည်းများဆပ်ကပ်ကာ  HIV/AIDS ဝေဒနာရှင်များအတွက် ကုသိုလ်ပြုခဲ့ကြသည်။
“ဒီပွဲမှာ ထူးထူးခြားခြား တွေ့မိတာကတော့ လူငယ်လူရွယ်တွေရဲ့ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြတာပါ။ ဒီလူငယ်လေးတွေရဲ့ လုပ်အားပေးမှုကြောင့်လည်း ဒီပွဲဒီလောက်အထိ အောင်မြင်မှုရတာလို့ ကျတော်ယုံကြည်ပါတယ်။ ပြီးတော့ အစားအသောက်တွေကလည်း အရမ်းကို ကောင်းတယ်ဗျာ။ အစားအသောက် စေတနာရှင်တွေကို တကယ်ကို ချီးကျူးသာဓုခေါ်တယ်ဗျာ။” လို့ နယူးယောက်မြို့ခံတဦးက ပြောပါသည်။
လာရောက်လှူဒါန်းကြသော ဧည့်ပရိသတ်များကို အဆိုတော် သားစိုး၏ ရောသမမွှေ ကိုယ်ပိုင်သီချင်းများဖြင့် အားပါးတရ ဖျော်ဖြေတင်ဆက်သည်ကို တွေ့မြင်ခဲ့ရပါသည်။ စွယ်စုံအနုပညာရှင် မချောအိသိမ်းမှ အခမ်းအနားမှူးအဖြစ်လုပ်ဆောင်ပြီး မြန်မာသီချင်းများဖြင့်လည့် ဖျော်ဖြေခဲ့ပါသည်။ အဆိုပါ ဖျော်ဖြေရေးအစဉ်များကို နေ့လည် ၁ နာရီမှ စတင်ကာ မရွှေစင်၏ ဆီမီးခွက်အက၊ ကိုဇော်ဌေး၏ မြန်မာ့တေးဂီတ၊ မေစန္ဒာစိုးညွန့်၏ မြန်မာ့အကနှင့် ကိုညီညီ (ရှမ်းပြည်) ၏ မြန်မာ့တေးများကို DJ ဝင်းအေးက DJ ဆောင်ရွက်၍ ဖျော်ဖြေတင်ဆက် သွားခဲ့ပါသည်။ နယူးယောက်မြို့နေ ဂီတပညာရှင်၊ ဝါသနာရှင် လူငယ်များစုစည်းထားသည့် EXIT တေးဂီတဝိုင်း၏ဖျော်ဖြေတင်ဆက်မှုမှာလည်း ပရိသတ်၏ အထူးအားပေးမှုများ ရရှိခဲ့ပါသည်။

 

 နယူးယောက်မြို့ ပြည်သူ့ဂုဏ်ရည်အသင်းဝင် မိသားစုကလည်း ရန်ပုံငွေရှာဖွေပွဲတွင် ခေါက်ဆွဲသုပ် လှူဒါန်းကုသိုလ်ယူပြီး အခမ်းအနားအပြင်အဆင်နှင့် ဝေယျာဝစ္စလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြပါသည်။ ပြည်သူ့ဂုဏ်ရည် လုပ်ငန်းစဉ်များကို ရှင်းလင်းထားသည့် လက်ကမ်းစာစောင်များမှင့် ၂၀၁၀ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူပုံပါ ပို့စကတ်များကိုလည်း ဝေငှပေးခဲ့ကြပါသည်ကို တွေ့ရသည်။
  
သားစိုး၏ ဖျော်ဖြေမှုကို YouTube မှာ ကြည့်နိုင်ပါသည်။
(ဓာတ်ပုံ –  ZORM – အပြည့်အစုံ ကြည့်ရန်