>3rd Anniversary of TDS Food Faire to raise Charity

>

ဆန်ဖရန်ဘေးဧရိယာ ထေရ၀ါဒဓမ္မအသင်း ၃ နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပ
မိုးမခအထောက်တော် ၀၀၂၊ ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၅၊ ၂၀၁၀
ယနေ့ နေ့ခင်းက ဆန်ဖရန်ဘေးဧရိယာ၊ ဒေးလီးစီးတီးအရပ်ရှိ ဆယ်ရီမွန်တီး၊ လစ်တီးလ်သီယေတာတွင် “ထေရ၀ါဒဓမ္မ” ဗုဒ္ဓဘာသာ သာသနာပြုအသင်း၏ ၃ နှစ်ပတ်လည် အထိမ်းအမှတ် အလှူဒါနဈေးပွဲတော် ကျင်းပခဲ့သည်။ အလှူရှင် မြန်မာမိသားစုများ ၅၀၀ ကျော် ကြွရောက် အားပေးကြပြီး၊ ဈေးဆိုင်ပေါင်း ၂၀ ကျော်က မြန်မာအစားအသောက်များ တည်ခင်း ရောင်းချကြပြီး အသင်းကို ထောက်ပံ့လှူဒါန်းကြခြင်းဖြစ်သည်။
         ထေရ၀ါဒဓမ္မ အသင်းသည် ၂၀၀၇ က ဗုဒ္ဓဘာသာဝင် မြန်မာလူကြီး၊ လူငယ်များ စုပေါင်း ထူထောင်ကြပြီး ဘေးဧရိယာရှိ ဆရာတော်များ၏ သြ၀ါဒခံယူလျက် ပြည်တွင်း ပြည်ပရှိ ဆရာတော်များအား ပင့်ဖိတ်ပြီး ဓမ္မသင်တန်းများ၊ တရားပွဲများ ကျင်းပသည့် ဝေယျာဝစ္စကုသိုလ်ပြုခြင်းဖြင့် စတင်ခဲ့သည်ဟု သိရသည်။ ထို့အပြင် မြန်မာကလေး လူငယ်များကို ဗုဒ္ဓ ဓမ္မစာပေများ သင်ကြားပေးခြင်း၊ ဓမ္မစာပေများ၊ မှတ်တမ်းများ ဖြန့်ဝေကုသိုလ်ပြုခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။ ဘေးဧရိယာရှိ မြန်မာမိသားစုများ၊ ဗုဒ္ဓဘာသာ လေ့လာသင်ကြားလိုသူများ၊ တရားရှုမှတ်လိုသူများအတွက် စုဝေးရာ ဓမ္မရိပ်သာတခုအဖြစ် အများက အသိအမှတ်ပြုသော အသင်းတခု ဖြစ်သည်ဟု ဆိုသည်။ 
        ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီတွင် ဘာသာရေးနှင့် လူမှုရေးကူညီမှု ရန်ပုံငွေပွဲများ ဆက်လျက် ရှိရာ လာမည့်အပတ် ဒီဇင်ဘာ ၁၂ တွင် Project Help Burma ၏ ရန်ပုံငွေ ဈေးရောင်းပွဲတော်တခု ကျင်းပရန် စီစဉ်ထားသည်။