>
အယ်လ်အေ မြန်မာ့အရေးလှုပ်ရှားသူများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်၏စတိတ်ရှိုးကို သပိတ်မှောက်မည်
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၇၊ ၂၀၁၀
လာမည့် စက်တင်ဘာ ၁၁ ရက်နေ့ အယ်လ်အေမြို့မှာ မြန်မာစတိတ်ရှိုးတခု ကျင်းပမှာ ဖြစ်ရာ၊ မြန်မာစစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်တဦး ပါဝင်ကပြမှာ ဖြစ်လို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ကန့်ကွက် ဆန္ဒ̔ပြရုံတင်သာမက သပိတ်မှောက်ဖို့အထိ တောင်းဆိုလိုက်ပါတယ်။
အရင်က မြန်မာ့အရေးလှုပ်ရှားသူ အယ်လ်အေသြဂနိုင်ဇာအဖွဲ့ကို ပွဲစီစဉ်သူ မောင်မောင်လွင်ဆိုသူက အဆိုပါ ၀ါဒဖြန့်သရုပ်ဆောင် မပါဝင်ဘူးလို့ ပြောထားတာကြောင့် အယ်အေသြဂနိုင်ဇာများက ဆန္̔ဒမပြတော့ရန် ဆုံးဖြတ်ခဲ့ဘူးပေမယ့် ယခုတော့ အဆိုပါသရုပ်ဆောင်က မြန်မာပြည်တွင်းက အလင်းတန်းစာနယ်ဇင်းမှာကော၊ ဆန်ဖရန်ပွဲမှာပါ အယ်အေမှာ သီဆိုမယ်လို့ ကိုယ်တိုင် ပြောလိုက်တာကြောင့် မိမိတို့က ကန့်ကွက်ရတော့မယ်လို့ ဆိုလိုက်ပါတယ်။ 
ဒီလို ကန့်ကွက်ဆန္ဒပြတာဟာ စစ်အစိုးရရဲ့ သာမန်ဝါဒဖြန့်သရုပ်ဆောင်တဦးကို ရှုတ်ချတာထက် စစ်ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးဆိုင်ရာ အကြမ်းဖက်မှုများကို ကျုးလွန်ထားသူ၊ တရားမျှတမှုကို ဖုံးကွယ်၊ ဖျက်ဆီးရန် လုပ်ကြံနေသူ စစ်အစိုးရကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲအသွင် ဆောင်နေပြီ ဖြစ်တယ်လို့ ၎င်းတို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အယ်လ်အေက မြန်မာပြည်ဒီမိုကရေစီရေး လိုလားသူများအနေနဲ့ ထိုစတိတ်ရှိုး ကို သပိတ်မှောက်ကြရန်၊ ပွဲအစီအစဉ်များ အထမမြောက်ရန် ယခုကတည်းက ၀ိုင်းဝန်း လှုံဆောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။ စတိတ်ရှိုးပွဲ သွားမကြည့်ရန်၊ ၀ယ်ပြီး လက်မှတ်များ ငွေပြန်အမ်းခိုင်းရန်၊ ပွဲနေ့ ဆန္̔ဒပြပွဲမှာ လာရောက် ပူးပေါင်းကြရန် ဖိတ်ခေါ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တရားဝင်သဘောထားထုတ်ပြန်ချက်ကို ကြော်ငြာမယ်လို့လည်း ပြောထားပါတယ်။
ယခု ယာယီထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ပါ။ 
ယခင် သဘောထားထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ပါ။
အမေရိကန်ပြည်အနှံ့ကို ခြေဆန့်ခဲ့တဲ့ အဲဒီစတိတ်ရှိုးပွဲဟာ ရောက်တဲ့နေရာမှာ လူအများကို သဘောထားတွေ ကွဲပြားစေခဲ့တာတော့ အမှန်ပဲလို့ မိုးမခမိတ်ဆွေတဦးက မှတ်ချက်ပေးပါတယ်။
မြန်မာစစ်အစိုးရဲ့ ၀ါဒဖြန့်ကားရိုက်ကူးရာမှာ ပါဝင်တဲ့ သရုပ်ဆောင်တဦးကို ကန့်ကွက်တာက ပထမအချက်၊ ပြီးတော့ အဲသည်လို အငြင်းပွားဖွယ်ဖြစ်နေချိန်မှာ စတိတ်ရှိုးပွဲတွေကို အဲသည်သရုပ်ဆောင်ဖက်က ကာကွယ်ပြီး ပွဲဖြစ်အောင် လိုက်လံစီစဉ်နေသူတွေလည်း ဒုတိယ အချက်၊ နောက်ပြီး အဲသည်သရုပ်ဆောင်ကို အကြောင်းပြုပြီးတော့ အဲသည်လို အာဏာရှင်ရဲ့ နီးရာဒါးကို ကြောက်လို့ လုပ်ရတဲ့ အနုပညာသည်တွေပါဆိုပြီးတော့ ရှေ့နေလိုက် ကာကွယ်ပေးနေသူများက တတိယအချက် တခု ဖြစ်လာတဲ့အပြင် အဲသည်သရုပ်ဆောင်ပါဝင်တဲ့ စတိတ်ရှိုးကို အဲသည်လို အငြင်းပွားစရာဖြစ်နေလို့ တမင်ကို အားပေးမယ်ဆိုပြီး ဇွတ်တိုးချင်တဲ့ ပရိသတ်တွေကလည်း စတုတ္ထအချက် ဖြစ်နေတယ်လို့ ၎င်းက မှတ်ချက်ပေးပါတယ်။
နောက်ထပ် နိုင်ငံရေးရပ်တည်ချက်အရ အငြင်းပွားစရာ အချက်တခုက – အဲဒီစတိတ်ရှိုးကို စီစဉ်သူတွေထဲမှာ စစ်အစိုးရကို ဆန့်ကျင်သူ အမေရိကန်ပြည်ရောက် ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးဒုက္ခသည်များကိုယ်တိုင် ပါဝင်နေကြတဲ့ အကြောင်း ဖြစ်လာပါတယ်။ အဲသည်အင်အားစုတွေက အဆိုပါ အငြင်းပွားဖွယ်ရာအချက်တွေ ရှိနေတဲ့ကြားက ထိုစတိတ်ရှိုးတွေကို ဖြေရှင်းချက်များ ထုတ်ပြန်ခြင်း မပြုဘဲ ဖြစ်မြောက်အောင် လုပ်ခဲ့ကြပါတယ်။
“ စစ်အစိုးရရဲ့ လက်ကိုင်တုတ်၊ ၀ါဒဖြန့်သရုပ်ဆောင်တွေကို အမေရိကန်ပြည်က စစ်အစိုးရဆန့်ကျင့်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက စတိတ်ရှိုးပွဲတွေ ခေါ်ယူ ကျင်းပပြီး ရန်ပုံငွေ ရှာကြတယ် ဆိုရင် … ဒီမိုကရေစီအင်အားစုနဲ့ အနောက်အုပ်စုအပေါ် အငြှိုးအတေးကြီးတဲ့ စစ်အစိုးရကိုယ်တိုင်က ဒါကို လက်သင့်ခံနေသလား။ ဒါကို သူတို့ မသိဘဲနဲ့ ခွင့်ပြုထားမှာလား။ ဒီမေးခွန်း တက်လာတယ်။
ဘာသာရေး၊ လူမှုရေး ရန်ပုံငွေတွေအပြင် သူတို့တွေရဲ့ အဖွဲ့အစည်း ရန်ပုံငွေတွေအတွက် သည်လိုပွဲတွေ လုပ်ကြတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးသမားဆိုသူတွေက အချင်းချင်းတွေကြားမှာ အလွတ်သဘောနဲ့ ဖြေရှင်းချက်ပေးနေတယ်။ ဒါဆိုရင် စစ်အစိုးရ မသိဘူးဆိုရင်တောင် အခြားပွဲစပွန်ဆာတွေ၊ သီဆိုကပြသူ အနုပညာရှင်တွေက ဘယ်လိုမျိုး ဖြေရှင်းချက် ပေးမှာလဲ။ ကျနော် ကျမတို့က ဒီမိုကရေစီအင်အားစုတွေရဲ့ နီးရာဒါးကို ကြောက်လို့ အခုလို ပြည်ပမှာ သူတို့ရန်ပုံငွေပွဲတွေ လုပ်ပေးခဲ့ရပါတယ်လို့ မြန်မာပြည်ပြန်ရောက်ရင် အစီရင်ခံကြရမှာလား။ ဒီလို မေးခွန်းမျိုးတွေ ဖြစ်လာတယ်။
ဒါကတော့ စစ်အစိုးရဘက်လိုက်တဲ့ အနုပညာရှင်တွေလား၊ ဒီမိုကရေစီအင်အားစုတွေအတွက် ရန်ပုံငွေရှာပေးဖို့ ဒီဖက်ကို လိုက်ချင်တဲ့ အနုပညာရှင်တွေလား … တချိန်ချိန်မှာ သူတို့ ၀န်ခံကြရလိမ့်မယ်။
ကိုယ်ကျိုးစီးပွားသက်သက် စတိတ်ရှိုးသွင်း ငွေရှာရုံ သက်သက်ကတော့ ဖြေရှင်းနေစရာမလိုပါဘူး။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ရန်ပုံငွေတွေပါလို့ ဆင်ခြေပေးသူတွေကလည်း တချိန်ချိန်မှာ စာရင်းတွေ ရှင်းပြကြရလိမ့်မယ်”
လို့ မိုးမခရဲ့ ၀ိုင်းတော်သား တဦးက စာဖြင့်ရေးသားပြီး ဖြေကြားပေးခဲ့ပါတယ်။
စတိတ်ရှိုး စီစဉ်သူတွေ၊ ပွဲကြည့်ချင်သူတွေ၊ ပါဝင်ကပြမယ့် သရုပ်ဆောင်တွေက ဒီမိုကရေစီရေး အတိုက်အခံတွေကို နိုင်ငံရေးအမြတ်မထုတ်ကြဖို့၊ အနုပညာရှင်တွေ လုပ်ငန်းတွေကို အခုလိုမျိုး စစ်အစိုးရဘက်တော်သားများအဖြစ် မနှိုင်းယှဉ်ဖို့ ပြန်လည် ပြောဆိုနေတယ်လို့ ကြားရပါတယ်။ သူတို့ စတိတ်ရှိုးကပြမယ့် ရက် စက်တင်ဘာ ၁၁ ရက် ဟာ မြန်မာပြည်၊ ပဲခူးမြို့မှာ စစ်အစိုးရရဲ့ လက်နက်ကိုင်တပ်က ပစ်သတ်လို့ သေဆုံးခဲ့ရသူ အပြစ်မဲ့လူငယ် ၂ ဦး အတွက် ရက်လည်ဆွမ်းကျွေး ရက်နဲ့လည်း တိုက်ဆိုင်လျက် ရှိပါတယ်။
		