>
အိန္ဒိယနိုင်ငံက မြန်မာစာနယ်ဇင်းသမားများအား ပထမဆုံးအကြိမ် သင်တန်းပေးမည်
ဝင်းမြတ် ၊ ရန်ကုန်
စက်တင်ဘာ ၆၊ ၂၀၁၀
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်အရ အိန္ဒိယနိုင်ငံ အစိုးရက မြန်မာ ပုဂ္ဂလိက သတင်းမီဒီယာနယ်ပယ်မှ သတင်းထောက်များအား ၂ ပတ်ကျော်ကြာမြင့်မည့် သင်တန်းလုပ်ဆောင်ပေးမည် ဖြစ်ပြီး လာမည့် စက်တင်ဘာ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံမှ ထွက်ခွါကြမယ်လို့ အယ်ဒီတာ တစ်ဦးက ပြောသည်။  
စက်တင်ဘာ ၂၀မှ အောက်တိုဘာ ၆ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ပြီး သတင်းစာပညာ သင်တန်းနှင့် ဗုဒ္ဓဂါယာ ခရီးစဉ်လည်းပါဝင်သည်ဟု သိရသည်။ အဆိုပါသင်တန်းသို့ လိုက်ပါမည့် ၂၆ ယောက်တွင် ပုဂ္ဂလိက သတင်းဂျာနယ်များမှ သတင်းထောက်များ အပြင်ပြန်ကြားရေး ၀န်ကြီးဌါနလက်အောက်မှ စာပေစိစစ်နှင့်မှတ်ပုံတင်ဌါနမှ စာရေး ၀န်ထမ်းတဦး၊  မကြာမီ ရက်ပိုင်းအထိ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးဖြစ်ခဲ့ပြီး မကြာမီ ရက်ပိုင်းကမှ ကြံ့ဖွံ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်စာရင်းပေးသွင်းခဲ့သူ ဒေါက်တာတင်ထွန်းဦး၏ သမီး နုမြတ်သိဂီဦးနှင့် စာနယ်ဇင်းအဖွဲ့မှ အလုပ်အမှုဆောင် အဖွဲ့ဝင်ထဲမှ စာရေးဆရာ ဟိန်းလတ်၊ ခင်မောင်ညို (ဘောဂဗေဒ) တို့လည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ယခုအစီအစဉ်ကို စတင်အဆိုပြုခဲ့သူ ကိုကို(စက်မှု)နှင့် MRTV 4 မှ စာရေးဆရာ မျိုးမြတ်သူတို့ကလည်း အိန္ဒိယသို့ လိုက်ပါပို့ဆောင်မည်ဟု သိရသည်။ 
ပြီးစီးခဲ့သည့် စာပေနှင့် စာနယ်ဇင်း သင်တန်း အမှတ်စဉ် ၁၊ ၂၊ ၃ မှ ထူးချွန်သည့် စာနယ်ဇင်း သင်တန်းသား ၄ ဦးကိုလည်း ရွေးချယ်ထည့်သွင်းထားသည်ဟု လျှပ်တပြက်ဂျာနယ် ဖေါ်ပြချက်အရ သိရသည်။
 ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက “အိန္ဒိယ မှာလုပ်မယ်ဆိုတာတော့ ကြိုဆိုစရာပါ။ အိန္ဒိယနိုင်ငံက ဒီမိုကရေတစ်နိုင်ငံဆိုတော့ သူတို့ဆီက မီဒီယာကို လေ့လာရင် အကျိုးရှိပါတယ်။ ဒါပေမယ့် စိစစ်ရေးက ၀န်ထမ်းတွေက သတင်းစာသမား အနေနဲ့ လိုက်ပါသွားတာမျိုးကျတော့ မနိပ်ဘူး၊ သွားတဲ့ သတင်းထောက်တွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် ပြောဆိုရဲမယ် မထင်ဘူး၊ နောက် စာပေနဲ့ စာနယ်ဇင်းအဖွဲ့က လည်းသူတို့နဲ့ အလွမ်းသင့်တဲ့သူတွေကို ပါအောင်ထည့်တာမျိုးတွေက မလုပ်သင့်ဘူးလို့ ထင်တယ်´ ဟုဝေဘန်ပြောဆိုသည်။ 
		