>Hanthawaddy U Win Tin – His Words and His Experience for Burma – 4

>

ဟံသာဝတီဦးဝင်းတင် – ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ကောက်နုတ်ချက်များ (၄)
မတ် ၂၆၊ ၂၀၁၀
အပိုင်း ၁ – ငရဲဆိုတာ ဂျိုနဲ့လား
အခန်း ၄ – စစ်ကြောရေးသို့ ချီတက်ခြင်း
စစ်ကြောရေးကိုတဲ့။ စစ်ကြောရေးဆိုတာ ထောင်လောကမှာ ငရဲခန်းလို့ အဓိပ္ပါယ်ပေါက်တဲ့ ဝေါဟာရတလုံး ဖြစ်ပါတယ်။ အမှန်အတိုင်း ပြောရရင် ကျနော် နည်းနည်း ဖြူံသွားတယ်။ ဒေါ်စုပြောခဲ့ဖူးတဲ့ စကားကိုလည်း ဖျတ်ခနဲ ကျနော် အမှတ်ရမိလိုက်တယ်။
          ဒေါ်စုက တခါကပြောခဲ့ဖူးတယ်။
          “ကျမ စစ်ကြောရေးမှာ လက်သည်းခွံခွာတာမျိုး၊ မျက်နှာပိတ် ရေလောင်းတာမျိုး၊ ညှို့သကျည်း ၀ါးလုံးလှိမ့်တာမျိုးတွေ လုပ်ခံရမှာ မကြောက်ဘူး။ စစ်ကြောရေးလုပ်သူတွေ ရှေ့မှာ နာလို့ မျက်နှာ ရှုံ့မိတာတို့၊ အော်သံထွက်မိတာတို့ပဲ ကြောက်တယ်။ နာလွန်းရင် အဲဒီလိုဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်ရင် အတော်ရှက်စရာကောင်းတယ်လို့ ထင်တယ်။ ကိုယ့်ကို ညှင်းပန်းနေတဲ့ လူတွေရှေ့မှာ အော်မိ၊ ညည်းမိ၊ မဲ့မိ၊ တွန့်မိတာမျိုး မဖြစ်ချင်ဘူး။ လူဆိုတော့ ညှင်းရင် နာမှာပေါ့။ နာရင် တွန့်မိ အော်မိမှာပေါ့။ ကျမကတော့ အဲဒီလိုမျိုး ဖြစ်မိမှာ စိုးတယ်။ ဖြစ်မိရင်လည်း ရှက်စရာကောင်းတယ်လို့ ထင်တယ်” တဲ့။
အခု ကျနော် စစ်ကြောရေးကို ချီတက်နေပြီ။ ချီတက်တယ်လို့ ပြောရတာက ကျနော် ရင်ကော့ပြီး လိုက်သွားနေလို့ပါပဲ။ စစ်ကြောရေးမှာ ညှဉ်းပန်းလိမ့်မယ်၊ မအိပ်ရ မနားရ မေးလိမ့်မယ်။ မစားရ မသောက်ရ ထားလိမ့်မယ်။ ဒါတွေထက် စိတ်ပိုင်းဆိုင်ရာ နားခိုဆိတ်ငြိမ်ခြင်း မပေးမှုတွေပဲပေါ့။ ဖြစ်ချင်ရာ ဖြစ်ပေါ့ကွာ။ ငါလည်း ဒေါ်စုလို ပါးကွက်သားတွေရှေ့မှာ အရှက်မရချင်ဘူး။ အဲဒီလို စိတ်ဓာတ်ရှိတဲ့လူပဲကွာ။ တွေ့ကြသေးတာပေါ့။
ငရဲဆိုတာ ချိုနဲ့လား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts