>Aung Way – 2010 Election & NLD Party

>

အောင်ဝေး – ၂၀၁၀ ရွေးကောက်ပွဲနှင့် အင်န်အယ်ဒီပါတီ

မိုးမခ
မတ် ၂၆၊ ၂၀၁၀
ကျနော့်သဘောထားကတော့ – NLD အပါအ၀င် အတိုက်အခံပါတီတွေ
(၁) ပါတီမှတ်ပုံမတင်ရေးနဲ့
(၂) ရွေးကောက်ပွဲမ၀င်ရေး ပဲ။
ပါတီမရှိလည်း လူထုကတော့ ရှိနေမှာပဲ။ ပါတီမရှိလည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှိနေမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပဲ။ လူထုလည်း ရှိတယ်။ လူထုခေါင်းဆောင်လည်း ရှိတယ်ဆိုရင် လူထုတိုက်ပွဲလည်း ဆက်ရှိနေမှာပဲ။
စစ်အာဏာရှင်စနစ်ကို ရွေးကောက်ပွဲနည်းလမ်းနဲ့ ဖြုတ်ချလို့ မရဘူးဆိုတာ ၉၀ ရွေးကောက်ပွဲက သက်သေပြနေပြီ။
၁၉၉၀နဲ့ ၂၀၁၀ အခြေအနေချင်း မတူတော့ဘူးဆိုတာ အထူးသတိချပ်ရမယ်။
၉၀တုန်းက ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အရှိန်သြဇာကြောင့် ရွေးကောက်ပွဲအနိုင်ရခဲ့တာ  ငြင်းလို့ မရပါ။
အခု အနှစ် (၂၀) ကြာခဲ့ပြီ။
၂၀၀၇ စက်တင်ဘာ – ရွှေဝါရောင်တော်လှန်ရေးနဲ့  ၂၀၀၈ မေ – နာဂစ်မုန်တိုင်းဘေးတွေမှာ လူထုအားလုံး အလွန်တရာကို နာကျင် ခံခက် နာကြည်းမုန်းတီးစရာတွေနဲ့ ခါးစည်းပြီး ဖြတ်သန်းခဲ့ကြရတာကို ဖိနှိပ် နင်းခြေပြီးတော့ စစ်အစိုးရဟာ ၂၀၀၈ – ဖွဲ့ စည်းပုံဥပဒေ ဆန္ဒခံယူပွဲကို အဓမ္မ အတည်ပြုနိုင်ခဲ့တယ်။
အဲသည့်နောက် – ၂၀၀၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မတရားအမှုဆင် တရားစွဲဆိုခဲ့ပြန်တယ်။ အဲသည်တုံးက လူထုကြီးတရပ်လုံးဟာ ဆရာဦးဝင်းတင်နဲ့အတူ စစ်အစိုးရရဲ့ ကောက်ကျစ်တဲ့ ဥပဒေထောင်ခြောက် အကြပ်အတည်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြရတယ်။
ဟော အခု ၂၀၁၀ မှာ စစ်အစိုးရဟာ ၎င်းတို့ စိတ်တိုင်းကျ ရွေးကောက်ပွဲကို ကျင်းပတော့မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ အခုဒီ ၂၀၁၀ “ရွေးကောက်ပွဲမ၀င်ရ” လို့ တားမြစ်ပြီးတော့ လူထုကြီးကို ထပ်မံ စိန်ခေါ်လိုက်ပြန်တာပဲ ဖြစ်ပါတယ်။
လူထုက ဒေါ်အောင်ဆန်းစုကြည်နဲ အတူလိုက်ပါဖို့ အဆင်သင့်ဖြစ်နေပါပြီ။     ။
အောင်ဝေး – မတ် ၂၃ ၊ ၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts