>Zay Hmine – March Issues

>

မတ်လကိစ္စများ
ဇေမှိုင်း
မတ် ၂၅၊ ၂၀၁၀
ဖုန်ထူထူလှည်းလမ်းမှာ
လွမ်းစရာ ဗေဒါတွေနဲ့
ဒါ ရွာကလေးတရွာ ဖြစ်ခဲ့ပါတယ်။
တောင်ယာခင်း စိမ်းစိမ်းလေးတွေရဲ့ ရနှံ့
တခါတရံ  ပျံ့လာတဲ့ တေးချင်း
အဲဒီမှာ ခုနှစ်ဝါနဲ့ ရှစ်နွေပေါ့။
ကျန်ခဲ့သူများက
တံခါးပေါက်ချောင်းလို့
အရှင်လတ်လတ် ထွက်ခွါရသူကိုယ်က
ကိုယ့်ကိုကိုယ် ပြန်ချောင်းလို့။
ဗြုန်းကနဲ အရောင်တွေ အသံတွေကြား
နှလုံးသား သူငယ်နဲ့
ဒီတည ဖျာတချပ်စာတော့ ရပါစေပေါ့လေ။
ဟုတ်တယ်
ကိုယ်က မျက်နှာကြီးအိုးအိမ်မဲ့လေ
လေတချက် ခြွေလိုက်တိုင်း
မြို့ပြကြီးမှာ ယောင်ကိုင်းနေရတာ၊၊
ညီမလေးနဲ့တွေ့ချင်တယ်
ချော  ခင်ဗျားကို ကျွန်တော်
မီးလှုံသလို လှုံခဲ့ရ
ဆရာပွင့်ရဲ့ နွားကျောင်းသားနဲ့
မြေတွေဆွရ
ဒီမြေကြီးတွေနဲ့ ဒီသစ္စာတွေ
နွေးတယ်။
အရွယ်ငယ်ငယ်နဲ့ အိုမင်းအောင်လုပ်ထားခံရတဲ့
မန်ကျီးပင်လေးကတော့
ဆီပုန်းခွံထဲမှာ ကျန်ခဲ့ပေါ့။
သမီးရေ …
ငတ်ဖေါ်ငတ်ဖက် ကြောင်မလေး မိညိုရေ
မင်း ငါ့ ကို
မြေကြီးပေါ် ဝပ်ပြီး ချောင်းလို့ မရတော့ဘူးကွယ်။
ငါက
မြို့ပြတောနက်နက်ကြီးထဲ
အလိုမပါဘဲ သွားရတော့မှာ
တံခါးအထိ မလိုက်နဲ့ ပြန်တော့နော် သမီး ။
ကိုယ်ပိုင်ခြေအစုံ မရှိသူအဖို့
ကွယ်ကာစရာမရှိ
လွင့်မျောရာသီသာ အိမ်မှာ
အိမ်
ဟုတ်စ ဒါအိမ်ကိစ္စ
ကျနော်ပြောပြနေတာလေ
စိုထိုင်းကာလ တခုကိုကျော်ရင်း
နွေရင်ပြင်ကို တကျော့ပြန်ရမယ်။
သေချာတဲ့ ကိစ္စတွေက
မသေချာတော့တဲ့ အခါ
စူးနစ်ချစ်ခဲ့ရ အလယ်ရိုးမကဗျာများ
အစ်ကိုကြီးကိုသင်းခိုင်နဲ့ အိုအောင်တို့ရဲ့
ပျဉ်းမနားညများ
ကိုလေးအောင်ချစ်ခဲ့သလို
ကျနော်တို့ ချစ်ခဲ့ကြ ရေကျော်ညနေများ
အမှန်တရားက ခါးတယ်
အမေ့ဆိုင်က အဖြူက ခါးတယ်
ကျနော်တို့ကလည်း အခါးတွေနဲ့ တဝေဝေ
နေခဲ့ကြ နေရဲခဲ့ကြ
ကြွေခဲ့ကြ ကြွေရဲခဲ့ကြ။
ဗူးဝကတည်းက
တဖွဖွ ရွတ်ခဲ့ရ ဆုတောင်းလေးပါဗျာ
ဒါနဲ့တောင် တထိုင်စာလောက်
ပြည့်ပဲ မပြည့်တော့ဘူးလား
လူက
နှင်းနွံထဲမှာ နစ်လို့  
“၂ဝဝ၄ မတ်လ ၁ ရက်နေ့
ထောင်ထွက်အမှတ်တရနဲ့ မတ်လကိစ္စများအတွက်”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts