>Journalist on the street of Rangoon – 4th Week of March 2010

>

ရန်ကုန်ရှုခင်း မတ်လ စတုတ္ထပတ်
လမ်းလျှောက်ဂျာနယ်လစ်
မတ် ၂၇၊ ၂၀၁၀
ရန်ကုန်မြို့နေသူများနဲ့ သက်တမ်းကုန် အဆောက်အဦများ
ရန်ကုန်သင်္ကြန် စည်ကားရန် မလို
လူထုနဲ့ နိုင်ငံရေး သမားအကြားမှာ မီဒီယာ၊ မီဒီယာနဲ့ လူထုအကြားမှာ စိစစ်ရေး
အခြေအနေဆိုးလွန်းလှတဲ့ ရန်ကုန်လျှပ်စစ်မီး
(၂၀၁၀ မတ်၊ ရန်ကုန် လမ်း ၃၀ လူနေတိုက် အဆောက်အဦတခု ပြိုကျခဲ့စဉ်)

 ရန်ကုန်မြို့နေသူများနဲ့ သက်တမ်းကုန် အဆောက်အဦများ

        မတ်လ ၁၄ရက်နေ့ညနေမှာ ကုန်သည်လမ်းနဲ့ လမ်း ၃၀ ထောင့်ရှိ ရှေးဟောင်းတိုက် ရုတ်တရက်ပြိုကျခဲ့ရာမှ ရန်ကုန်က တိုက်ခန်းနေသူများ တုန်လှုပ်သွားခဲ့ကြပါတယ်။ ယခုပြိုကျခဲ့တဲ့ တိုက်ဟာ အပြင်ပန်းကြည့်ရင် ကြီးမားတဲ့ ထုထည်နဲ့ အက်ကြောင်းပေါ်တာလည်း မတွေ့ရတာကြောင့် အခုလို ရုတ်တရက်ကြီး ပြိုကျမယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ ဒါပေမယ့် တိုက်ကိုယ်ထည် ဘိလပ်မြေစွဲအား ကုန်နေတာ၊ အောက်ခြေ ခိုင်ခန့်မှု အားနည်းလာတဲ့ အကြောင်းတွေကြောင့် ရုတ်တရက် ပြိုကျတယ်လို့ ယူဆကြပါတယ်။
ရန်ကုန်မြို့လယ်မှာ အင်္ဂလိပ် ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ တိုက်တာအဆောက် အဦတွေ ရာဂဏန်းမက ထောင်ဂဏန်းနဲ့ချီ ကျန်ရှိနေပါသေးတယ်။ ပုဂ္ဂလိကပိုင် တိုက်တာအဆောက် အဦများသာမကပဲ အစိုးရရုံးများလည်း ဒါဇင်နဲ့ချီကျန်ရှိပါသေးတယ်။ အတွင်းဝန်ရုံး၊ အဲဒီနောက် ရေ၀န်ရုံးလို့ယခင်ကခေါ်တဲ့ ဆိပ်ကမ်းအာဏာပိုင်၊ တခါ ကိုလိုနီခေတ်က ပုလိပ်ရုံးကြီး နောက် လမ်းစဉ် ပါတီဌါနချုပ်တဖြစ်လဲ ယခု တိုင်းအေးချမ်း သာယာရေးရုံး အဖြစ်သုံးနေတဲ့ အဆောက်အဦ၊ အကောက်ခွန်ရုံး၊ တရားရုံးချုပ်တို့ဟာ ရှေးဟောင်းလက်ရာ အဖြစ် ထိန်းသိမ်းထားမယ် ဆိုတဲ့ ရှေးအဆောက်အဦ ရုံးတွေပါ။ သို့ပေမယ်လို့ အဆိုပါ အဆောက်အဦတွေကို စနစ်တကျ ထိန်းသိမ်းပြုပြင်တာမျိုး တခါမျှ မမြင်ရပါဘူး။ ကုန်ကျစရိတ် သက်သာတဲ့ ဆေးသုတ်ခြင်းပဲ မှန်မှန်လုပ်ဆောင်တာ တွေ့ရပါတယ်။ ၀န်ကြီးများရုံးထဲမှ အဆောင်တစ်ဆောင်ဆိုရင် အမိုးမရှိ ပြူတင်းပေါက်ဘောင်မရှိ အထဲနံရံတွေ ရေညှိနဲ့ မဲပေနေပေမယ့် အပြင်ပန်းတော့ ဆေးသုတ် အလှဆင်ထားပါတယ်။
အစိုးရအဆောက်အဦတွေလိုပဲ ပုဂ္ဂလိကပိုင် တိုက်တွေထဲမှာလည်း သက်တမ်း နှစ်၈၀မှ ၁၀၀ ကျော်ရှိတဲ့ တိုက်တွေ ဟိုနားဒီနားမှာ အများအပြားကျန်ရှိ နေပါသေးတယ်။ န၀တ တခေတ် ဆောက်လုပ်ရေး ကန်ထရိုက်တွေ ခေတ်ထစဉ်မှာ အိမ်တွေဖျက်ပြီး ပြန်ဆောက် တာတောင်မှ ရာနဲ့ထောင်နဲ့ချီကျန် ရှိနေပါသေးတယ်။
ရန်ကုန်မြို့နေသူတွေ ရှေးဟောင်း တိုက်တွေကို ဘာလို့တွယ်တာနေကြသလဲ လို့မေးရင်၊ နံပါတ် ၁ အချက်က ငွေကြေးချောင်ချောင်လည်လည် မရှိကြလို့။ ၃ထပ်တိုက်မှာ နေထိုင်သူ ၆ ဦးရှိရင် ၂ဦးလောက်က ပြန်ဆောက်တဲ့အခါ ပေးရမယ့် တိုက်ခန်းတန်ဖိုးပေးဖို့ ငွေမချောင်လည် ကြလို့ပါ။ နံပါတ် ၂ အချက်ကတော့ ရှေးခေတ်တိုက်တွေက ပြူတင်းပေါက် မြင့်မြင့် ကျယ်ကျယ် ပါရှိပြီး ယခုခေတ် ကန်ထရိုက်တိုက်တွေမှာ ခိုအိမ် ပြူတင်းပေါက်လို သေးသေးနဲ့ အရေအတွက် နည်းနည်းသာ ဖောက်ပေးလို့၊ မျက်နှာကျက် အမြင့်လည်း ခေတ်ဟောင်း တိုက်တွေလို ၁၃ပေ၊ ၁၄ပေ မဟုတ်တော့ပဲ ၉ပေ သို့မဟုတ် ထို့ထက်နိမ့်တဲ့ အတွက် နေထိုင်ရတာ စိတ်ကျဉ်းကျပ်လို့ ဖြစ်ပါတယ်။
အထက်ပါ အကြောင်းတွေကြောင့် အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ နှစ်တရာ ၀န်းကျင်သက်တမ်းရှိ တိုက်တာဟောင်းတွေပေါ်မှာ မကြောက်မရွံ့ပဲနေထိုင်နေကြတာပါ။ အဆိုပါ တိုက်တာဟောင်းတွေကို ကြံ့ခိုင်မှု စစ်ဆေးပြီး သေချာစိတ်ချအောင်ပြန်လည် ပြင်ဆင်တာမျိုးလည်း မလုပ်ဆောင်နိုင်ကြပါဘူး။ ရန်ကုန်မြို့လယ်မှ တိုက်အချို့ရဲ့ ၀ရန်တာ အင်္ဂတေတွေ အတုံးလိုက်ပဲ့ကျ ကွာကျတာလည်း မကြာခဏပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်က ကုန်သည်လမ်းပေါ်မှာ ရှိတဲ့တိုက်တတိုက်ရဲ့ ၀ရန်တာပဲ့ကျတာကြောင့် ပလက်ဖောင်းပေါ်မှာ လျှောက်လာသူ တဦးရဲ့ ဦးခေါင်းကို ထိပြီးပွဲချင်းပြီး သေဆုံးခဲ့ဖူးပါတယ်။
အခုလည်း လမ်း ၃၀နဲ့ ကုန်သည်လမ်းထောင့်က ၃ထပ်တိုက်ကြီး ရုတ်တရက်ပြိုကျတဲ့ အဖြစ်ကြောင့် အပေါ်ဆုံးထပ်မှာနေတဲ့ ၁၅နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ အခြား တဦးသေဆုံးခဲ့ရပါတယ်။ အဆိုပါ တိုက်ကို အန္တရာယ်ရှိ အဆောက်အဦ Dangerous Building အဖြစ် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌါက သတ်မှတ်ပြီးသားလို့ ဆိုပါတယ်။ သို့ပေမယ့်လည်း ဖယ်ရှားဖို့ အမိန့်တိတိကျကျ မထွက်သေးပဲ မျက်နှာစာကိုတောင် ပြန်လည်ပြင်ဆင်ဖို့ရာ ငြမ်းဆင်ထားပါသေးတယ်။
အခုအဖြစ်အပျက်က အန္တရာယ်ရှိ အဆောက်အဦ လို့သတ်မှတ်ထားတဲ့ တိုက်တွေမှာ နေထိုင်သူတွေကို မြန်မြန်ဆန်ဆန် ဆင်းခိုင်းစေဖို့ အကြောင်းဖန်လာစေပါတယ်။မြန်မြန်ပြန်ဆောက်ချင်ပြီး အန္တရာယ်ရှိ အဆောက်အဦပေါ်မှာ နေထိုင်နေကြသေးတဲ့ သူတွေကို ယခင်က ငွေပေးပြီးသော်လည်းကောင်း ညှိနှိုင်းပြီးသော်လည်းကောင်း ဖယ်ခိုင်းရတဲ့ အခြေအနေကနေ ယခုအဖြစ်ကြောင့်  ကန်ထရိုက်တွေ အနေနဲ့ နေထိုင်သူတွေကို ဖယ်ရှားရာမှာ လွယ်ကူသွားပြီဖြစ်ပါတယ်။
နေရေး ထိုင်ရေး ပြဿနာကြောင့်လည်း အဆိုပါ အခန်းတွေမှာနေသူတွေ မြန်မြန်ဆန်ဆန် မဆင်းပေးကြတာပါ။ အခုတော့ မဆင်းလို့မဖြစ်တော့၊ စည်ပင်သာယာ အမိန့်နဲ့ အကြောင်းကြားစာ ရပြီး ၇၂နာရီအတွင်း ဆင်းပေးရမယ်လို့ဆိုပါတယ်။ အိမ်ခန်းတစ်ခန်း ပြောင်းဖို့ အတွက် ၇၂နာရီ (၃ရက်) ဆိုတဲ့အချိန်ဟာ အလွန်နည်းတဲ့ အချိန်ပါ။ အခန်းငှားဖို့၊ ငေရှာဖို့၊ သယ်ဖို့ ပြောင်းဖို့ လုပ်သား စသဖြင့် စီစဉ်ရတဲ့အတွက် မိသားစုတိုင်း အဆင်မပြေကြပါဘူး။ ကုန်ခဲ့တဲ့ သီတင်းပတ်ကပဲ လမ်း ၅၀နဲ့ အနော်ရထာလမ်း ထောင့်က အိုးအိမ်ဦးစီးဌါနပိုင် တိုက်ခန်းမှာ နေထိုင်သူများကို ၇၂နာရီအတွင်း ဖယ်ရှားခဲ့လို့ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ပရိဘောဂတွေ၊ အသုံးအဆောင်တွေကို ရသလို ထုပ်ပိုးပြီး အခန်းငှားနိုင်တဲ့သူကလည်း ငှားပြီးပြောင်း မငှားနိုင်တဲ့သူတွေကျတော့ ဆွေမျိုးသားချင်းရှိရာ ရန်ကုန်ဆင်ခြေဖုံး ရပ်ကွက်က အိမ်တွေဆီ ခေတ္တမှီခိုနေကြရတာကို ကြားသိရပါတယ်။ အန္တရာယ်ရှိတဲ့ အဆောက်အဦမှာ နေထိုင်ဖို့ရာ မသင့်တော်တာ မှန်ပေမယ့် အချိန်တိုအတွင်း ပြောင်းရွှေ့ခိုင်းတာကတော့ နေထိုင်သူတွေ အတွက်အခက်အခဲ အများကြီးကြုံတွေ့ကြရပါတယ်။ ရန်ကုန်မြို့မှ ထောင်နဲ့ချီတဲ့ အိမ်ထောင်စုတွေ အတွက်တော့ အိမ်ငှားဖို့၊ အခန်းငှားဖို့ ပြောင်းရွှေ့ဖို့ အတွက်မရှိမဲ့ ရှိမဲ့ငွေကို ထုတ်ပြီးသုံးရတော့မယ့် အနေအထားလည်း ဖြစ်ပါတယ်။
နောက်ထပ် ကျန်ရှိနေသေးတဲ့ အန္တရာယ်ရှိ အဆောက်အဦများစွာကို  ဘယ်အချိန်မှာ ဘယ်လိုဖယ်ရှား ခိုင်းဦးမယ် ဆိုတာ မသိရှိရသေး ကြောင်းပါ။ 

(ဓာတ်ပုံ – ၂၀၀၉ အင်ယားလမ်း၊ သင်္ကြန်မဏ္ဍပ်များ ပြင်ဆင်နေစဉ်)

ရန်ကုန်သင်္ကြန် စည်ကားရန် မလို

နှစ်စဉ်နှစ်တိုင်း မဏ္ဍပ်ဆောက်လုပ်ပြီး ရေကစားနေကြ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းကို ဒီနှစ်မှာ မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုတော့ဘူးဆိုလို့ ရန်ကုန်မြို့ခံတွေ အားလုံး အံ့သြနေကြပါတယ်။ ဘာကြောင့်လဲ ဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။ အဖြေကတော့ နေပြည်တော်သင်္ကြန်ကို စည်ကားအောင်လုပ်ချင်လို့ ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး နေရာကို မဏ္ဍပ်ဆောက်ခွင့် မပေးဖို့ဆုံးဖြတ်တာပါ။
အရင်နှစ်တွေက စည်ကားခဲ့တဲ့  အင်းလျားလမ်းနဲ့ တက္ကသိုလ် ရိပ်သာလမ်းလိုနေရာမှာ မဏ္ဍပ်ဆောက်ကြတာလည်း လူကြီးသားသမီးလို့ ခေါ်ဆိုကြတဲ့၊ ဗိုလ်ချုပ်သားသမီးတွေ၊ ၀န်ကြီးသားသမီးတွေ နဲ့  လုပ်ငန်းရှင်သားသမီးတွေနဲ့ ပေါင်းပြီး ရန်ကုန်မြို့တော်စည်ပင်မှာ လိုင်စင်လျှောက်ကြ လိုင်စင်ရတဲ့အခါ ကိုယ်တိုင်မဆောက် လိုရင်လည်း လိုင်စင်ကိုရောင်းစားတာ၊ ကိုယ်တိုင်ဆောက်တဲ့သူလည်း မဏ္ဍပ်မှာ တရက်ရေပက်ချင်ရင် ကျပ် ၁သောင်းခွဲ ၂သောင်းနဲ့ ငွေကောက်ခံပြီး အကျိုးအမြတ်ရအောင် လုပ်ကြပါတယ်။ အဲဒီလမ်းတွေမှာ မဏ္ဍပ်ဆောက်ကြတဲ့ လိုင်စင်လျှောက်ကြတဲ့ အားလုံးနီးပါးဟာ ရန်ကုန်မြို့ရဲ့ လူ့မလိုင်အလွှာရဲ့ သားသမီးတွေပဲ အများစုပါ။
နာရီမရွေး ရေစုပ်လို့ရတဲ့ မန္တလေးမှာ ကျုံးပတ်ပတ်လည် စည်သလိုပဲ ရန်ကုန်မြို့မှာ အင်းယားကန် နဘေး အင်းလျားလမ်းတလျောက်နဲ့ တက္ကသိုလ်ရိပ်သာလမ်း တလျောက် စည်ကားခဲ့တာပါ။ အဲဒီနေရာတွေမှာ မဏ္ဍပ်ဆောက်ခွင့် မပေးတော့တဲ့ အတွက် ရန်ကုန်သင်္ကြန်ကို အသက်ကင်းမဲ့အောင် လုပ်လိုက်သလိုပါ။ ဒါ့အပြင် ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းမှာလည်း ကုမ္ပဏီကြီးတွေကိုသာ မဏ္ဍပ်ဆောက်ခွင့် ပေးမယ်လို့ဆိုပါတယ်။ ကုမ္ပဏီကြီးတွေ ဆိုရာမှာ အဲပုဂံ၊ အယ်လ်ပိုင်း သောက်ရေသန့် ၊ မြန်မာဘီယာ၊ ရန်ကုန်အဲဝေး၊ စီးတီးမတ် စတဲ့အစိုးရနဲ့ ဆက်ဆံရေးရှိတဲ့ ကုမ္ပဏီကြီးတွေသာ ဆောက်ခွင့် ရကြမှာပါ။
နေပြည်တော်ကို ပြောင်းရွှေ့ပြီး ၅နှစ်အကြာ ၂၀၁၀ နေပြည်တော် သင်္ကြန်ကို စည်ကားအောင်လုပ်မယ်လို့ နအဖက ရည်ရွယ်ထားတာ တွေ့ရပါတယ်။ ဟိုတယ်ဇုန်တွေနေရာမှာ ကုမ္ပဏီကြီးတွေကို မဏ္ဍပ်တွေဆောက်ခိုင်းတာ၊ ၀န်ကြီးဌါနမဏ္ဍပ်တွေ လည်းအသီးသီး ဆောက်လုပ်စေတာ တို့ကြားသိနေရပါပြီ။ အနုပညာရှင် အများစုကိုလည်း နေပြည်တော် သင်္ကြန်မှာ သွားရောက်ဖြေဖျော်ဖို့ ဖိတ်ခေါ်ထားတာကို ဂျာနယ် တွေသတင်းတွေထဲ ဖတ်ရှုရပါတယ်။ ရန်ကုန်ကို ဒုတိယနေရာမှာ ရှိနေစေဖို့လိုလားတဲ့ နအဖ ခေါင်းဆောင်တွေဟာ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ မဆိုင်တဲ့ ယခုလိုယဉ်ကျေးမှုရိုးရာပွဲ သင်္ကြန်ကိစ္စမှာတောင် သူတို့ရဲ့ သဘောထားကို ဖေါ်ပြ လိုက်ပါတယ်။ 

 (၂၀၁၀ မတ်လ  – သတင်းဂျာနယ်တစောင်၏ ဖြတ်ပိုင်း)

လူထုနဲ့ နိုင်ငံရေး သမားအကြားမှာ မီဒီယာ၊ မီဒီယာနဲ့ လူထုအကြားမှာ စိစစ်ရေး
ရွေးကောက်ပွဲလို့ ဆိုရင်မီဒီယာရဲ့ တာဝန်ကဘာလဲ လို့မီဒီယာသမားတွေ အရင်ဆုံး စဉ်းစားပြီး ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်။ မီဒီယာဟာ လူထုနဲ့ နိုင်ငံရေးသမား၊ ပါတီများအကြား ပေါင်းကူးပေးတယ်လို့ သတင်းစာပညာ ကဖွင့်ဆိုပါတယ်။ သို့ပေမယ့် မီဒီယာက လူထုနဲ့ နိုင်ငံရေးသမား၊ ပါတီအကြား ပေါင်းကူးပေးတယ်ဆိုတော့ လူထုကို တကယ်ရောပေးနိုင်ပါရဲ့လား လို့မေးခွန်းပေါ်လာပါတယ်။
၂၀၁၀ မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ အတွက် ဥပဒေကိုထုတ်ပြန်ကြေငြာလိုက်တော့ ပုံနှိပ်မီဒီယာက သတင်းထောက်တွေ အယ်ဒီတာတွေ အလုပ်ရှုပ်ကုန်ကြပါတယ်။ ရွေးကောက်ပွဲ မှာ ၀င်ပြိုင်မယ့်ဖို့ ပြင်ဆင်ထားတဲ့ ပါတီတွေ၊ နိုင်ငံရေးသမားတွေကို မေးကြမြန်းကြ၊ လူတွေရဲ့ တုံ့ပြန်မှုတွေ စိတ်ဝင်စားမှုတွေကိုပါ မေးကြရေးကြပေမယ့် စာမျက်နှာပေါ်ကို ၃ပုံတပုံတောင် ရောက်ရှိမလာ သေးပါဘူး။
မတ်လ ပထမပတ် အကုန်ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ထုတ်ပြန်ကြေငြာတဲ့ နောက်ပိုင်း ဂျာနယ် သတင်းထောက် တွေအနေနဲ့ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ဖို့ မေးကြမြန်းကြ ရေးကြပါတယ်။ ဒါပေမယ့် စိစစ်ရေးကတော့ ခွင့်မပြုရေးချ မပြုခဲ့ပါဘူး။ သတင်းစာထဲက ဟာကိုပြန်ကူးပြီး ဖေါ်ပြတာတောင်မှ ဘယ်လိုပုံစံနဲ့ ဖေါ်ပြရင်တော့ဖြင့် အစိုးရကို ရိတယ်၊ မထိတထိ လုပ်တယ်လို့ ယူဆလေသလား မပြောတတ်ပါဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လို့နအဖက ရည်ညွှန်း ပြောဆိုခြင်း သိပ်မတွေ့ရသလိုပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်လည်း ဝေဘန်ထောက်ပြခြင်း၊ လူထုကို အသိပေးခြင်းတွေကို လွတ်လပ်စွာ ခွင့်မပြုပါဘူး။
မတ်လ တတိယပတ် မှာမှ သတင်းဂျာနယ်တွေ မှာ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်တာ၊ ပါတီမှတ်ပုံတင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးသမားအချို့ကိုမေးမြန်းချက် တွေစတင်ဖေါ်ပြခွင့်ရလာပါတယ်။ မြန်မာနိုင်ငံ ပြင်ပ မီဒီယာများမှ နအဖ အစိုးရရဲ့ မီဒီယာကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားတာကို ဝေဘန်ရေးသားချက်၊ ထုတ်လွှင့်ချက်များကြောင့် အနည်းငယ် ခွင့်ပြုတာလား မသိပါ။ ယခု အပတ်ထုတ် အင်ဗွိုင်း အပတ်စဉ် ထုတ်မှာ အန်အယ်လ်ဒီ ပါတီက ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ၂၉ ရက်နေ့မှာ ဆုံးဖြတ်မည်ဆိုတာမျိုး ဖေါ်ပြတာတွေ့ရသလို အဆိုပါ သတင်းကိုပဲ အခြားဂျာနယ်တစောင်ရဲ့ အတွင်းစာမျက်နှာမှာ လည်းဖေါ်ပြထားတာ ဖတ်ရပါတယ်။
သို့ပေမယ်လို့ ဂျာနယ်အယ်ဒီတာများရဲ့ ပြောဆိုချက်အရဆို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိစစ်ရေးကို တင်ပြသမျှ သတင်းတွေရဲ့ ထက်ဝက်ကျော်ကို ဖြုတ်ပယ်ခံနေရတယ် ဆိုတာပါ။ စာဖတ်သူနဲ့ သတင်းရေးသူများအကြား စာပေ စိစစ်ရေးက ဖြတ်တောက်ထားတဲ့ အတွက် လူထုသိရှိချင်တဲ့အချက်အလက်တွေ ပါတီတွေက လူထုထံတင်ပြပြောဆိုလိုတဲ့ အချက်တွေဟာ လမ်းမှာ ပျောက်ဆုံး သွားရတဲ့ သဘောပါ။
ရွေးကောက်ပွဲမှာ လွတ်လပ်မှုရှိဖို့ဆိုတာ မဲပေးရာမှ လွတ်လပ်ခြင်းရှိမရှိ၊ လူတိုင်း ကိုယ့်ဆန္ဒမဲကို ကိုယ်တိုင် ပေးခွင့် ရှိမရှိ၊ လူထုက လေးစားယုံကြည်တဲ့ နိုင်ငံရေး သမားတွေ ၀င်ရောက် အရွေးခံခွင့် ရှိမရှိ၊ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ၊ မှတ်ပုံတင်ထားတဲ့ပါတီ များအနေနဲ့ လူစုဝေးခွင့် ဟောပြောစည်းရုံးခွင့် ရှိမရှိ ဆိုတဲ့အချက်တွေ အပေါ်မှာ အဓိကအားဖြင့် တည်မှီတယ်လို့ ဆိုနိုင်ပါတယ်။ ထိုသို့သော ကာလမတိုင်မီ ယခုလို အကြိုကာလမှာတောင် တစုံတရာ သောအတိုင်းအတာထိ မီဒီယာ လွတ်လပ်ခွင့် မရှိရင် လာမယ့် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဘယ်လိုလုပ်ပြီး လွတ်လပ်မှု ၊ မျှတမှုရှိပါ့မလဲလို့ သံသယ ၀င်စရာဖြစ်ပါတယ်။ 

အခြေအနေဆိုးလွန်းလှတဲ့ ရန်ကုန်လျှပ်စစ်မီး
ရန်ကုန်မှာ လျှပ်စစ်မီး ပျက်တာဟာ သတင်းမဟုတ်တော့ပါဘူး။ အခုလည်း မီးမလာတာကို ရေးရမယ်ဆို အကြိမ်ပေါင်း မရေနိုင်အောင် ရေးခဲ့တော့ ထပ်ရေးဖို့လက်တွန့်နေပါတယ်။ ဒါပေမယ့် မလာပုံမလာနည်းက တကြိမ်နဲ့ တကြိမ်မတူအောင် ဆန်းတာမို့ ရေးဦးမှလို့ အောက်မေ့မိပါတယ်။
နှစ်မကုန်မီ ရွာတဲ့မိုးလည်း ပြတ်ခါစ လျှပ်စစ်မီးလည်း ပြတ်တောင်း ပြတ်တောင်း ဖြစ်လာပါတယ်။ နှစ်ကုန်လို့ ချမ်းအေးနေတုန်းမှာတော့ လျှပ်စစ်မီးက အေ၊ ဘီ၊ စီ ၊ အိတ်ခ်ျ စသဖြင့် အုပ်စုခွဲပြီး ပေးနေတယ်လို့ လျှပ်စစ်ရုံးတွေမှာ အသိပေးဇယားတွေ ကပ်ထားပါတယ်။ အဲလိုနဲ့ နှစ်ကုန်ပြီး ဇန်န၀ါရီလ၊ ဖေဖေါ်ဝါရီလထဲ ကူးလာတဲ့အခါမှာ နကိုက ဇယားတွေဟာ စာရွက်ပေါ် ဆိုင်းဘုတ်ပေါ်မှာပဲ ရှိပါတော့တယ်။ ပျက်ချင်တဲ့အချိန်ပျက် လာချင်တဲ့အချိန်လာ ဖြစ်လာပါတော့တယ်။ လာတဲ့ အချိန်ထက် ပျက်နေတဲ့ အချိန်ကပိုများလာပါတယ်။
ရန်ကုန်ကလူတွေလည်း အရွယ်အစား မျိုးစုံ မီးစက်၊ အင်ဗာတာ ဖယောင်းတိုင်၊ တရုတ်ကလာတဲ့ LED မီးလုံးနဲ့ ထွန်းတဲ့ ဘက်ထရီမီးလေးတွေ အမျိုးစုံသုံးနေကြပါတယ်။ ရန်ကုန်မြို့ရဲ့ စည်ကားရာ အနော်ရထာလမ်း တလျှောက်မှာ မီးစက်အရွယ်စုံ ပလက်ဖောင်းပေါ် ထုတ်ပြီး လျှပ်စစ်မီးရဖို့ လုပ်ထားကြလိုက်တာ မီးစက်သံ ၊ မီးခိုးငွေ့ အပူရှိန်နဲ့ ကမ္ဘာပျက်မတတ်ပါပဲ။စတိုးဆိုင်တွေ၊ ဓါတ်ပုံကူးဆိုင်တွေ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင် ၊ ဖက်ရှင်ဆိုင်အသီးသီးဟာ လျှပ်စစ်မီး မရှိလို့မဖြစ်တဲ့အတွက် မီးစက်ကိုယ်စီနှိုးထားကြတာနဲ့ လမ်းမတလျှောက်လုံး ပူလောင်ဆူညံနေတဲ့ ပတ်ဝန်းကျင် ဖြစ်နေပါတယ်။ အသံလည်း ဆူညံ အပူရှိန်လည်းဟပ်နဲ့ နွေရာသီကို အဲလိုကျော်ဖြတ်နေကြတာပါ။
အခုသီတင်းပတ်တွေမှာ ရန်ကုန်လျှပ်စစ်မီးက ပိုပိုပြီး ဆိုးလာပါတယ်။ စီးပွားရေး လုပ်ငန်းလုပ်သူတိုင်း မီးစက်လိုင်းနဲ့ အီးပီစီ လိုင်းကိုချိန်းတဲ့ ချိန်းအိုဗာ ခလုပ်တွေတပ်ဆင်ထားကြပါတယ်။ မီးလာပြီးဆို အဲဒီခလုပ်ကို သွားချိန်းလိုက်၊ မီးပျက်ပြီဆို အဲဒီခလုပ်ကို အလယ်ကိုရွှေ့ပြီး မီးစက်နှိုးလိုက်နဲ့ တနာရီ တခါ၊ နှစ်ခါလောက် လုပ်နေကြရတာပါ။ ဆိုင်ဝန်ထမ်းတွေ အနေနဲ့ မီးစက်လှည့်တာ၊ ပိတ်တာ မီးချိန်းတာကို မတတ်ကျွမ်းလို့ မဖြစ်တတ်ကျွမ်းအောင် လုပ်ထားရပါတယ်။ တနာရီလာလိုက် ၃နာရီပျက်လိုက်နဲ့ လူအားလုံးကို မရူးရူးအောင် တမင်တကာလုပ်နေသလိုပါ။
အစိုးရအနေနဲ့ လျှပ်စစ်မီးကို မပေးတော့တာတောင် ကောင်းလိမ့်မယ်လို့ ပြောရင် လွန်မယ်မထင်ပါ။ ယခုလို လာလိုက်မလာလိုက်နဲ့ တစ်ဦးချင်းမီးစက်တွေကို အားကိုးနေကြရလို့ အလုပ်မတွင်ကျယ်သလို ပုဂ္ဂလိက မီးပေးဝေရေး စနစ်ကိုလည်း တည်ထောင်လို့ မရပါဘူး။ အစိုးမရမီးကို တစ်နှစ်မှာ ၃လလောက် အချိန်ပြည့် အားကိုးနိုင်ပြီး ကျန်တဲ့ ၉လမှာ ကိုယ်ပိုင်မီးစက်တွေနဲ့ လုပ်နေကြရတာမို့လို့ လောင်စာ၊ အချိန်၊ လူလုပ်အား၊ ငွေကြေးအားလုံး အလဟဿဖြစ်ကုန်ပါတယ်။
လျှပ်စစ်ပေးဝေရေးကို ပုဂ္ဂလိကကို အပြိုင်အဆိုင်နဲ့ လုပ်ဆောင်ခွင့် ပေးလိုက်ရင် တစ်ယူနစ် ကျပ် ၁၀၀၊ ၁၅၀ ၀န်းကျင်နဲ့ ကောင်းစွာပေးနိုင်မယ်လို့ တွက်ဆကြပါတယ်။ ဥပမာအားဖြင့် ထိုင်းနယ်စပ်မြို့တွေက ထိုင်းဘက်ကနေ လျှပ်စစ်ဝယ်သုံးရာမှာ တစ်ယူနစ် ၃ ဘတ်ဝန်းကျင်သာကျလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း သဘာဝ အရင်းအမြစ်တွေ ရှိလျက်နဲ့ လျှပ်စစ်မီး မှန်အောင် မလုပ်နိုင်တာ မရစေချင်လို့ ပဲယူဆရပါတော့မယ်။
ဒီလိုစီမံခန့်ခွဲမှုတော်ပြီး လူတွေ သက်တောင့်သက်သာ ရှိစေချင်တဲ့ အစိုးရမျိုး၊ အုပ်ချုပ်သူမျိုးကို ဘယ်မဲပေးသူက သူတို့ ပါတီကို မဲပေးမှာလဲ။ လျှပ်စစ်မီး အခြေအနေဆိုးတဲ့ အခုလိုရာသီ မျိုးမှာ နအဖကလည်း ရွေးကောက်ပွဲ လုပ်လိမ့် ဦးမယ် မထင်ပါ။ အခုလိုဒုက္ခတွေကို မဲဆန္ဒရှင်တွေ မမေ့ဖို့တော့ လိုပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts