>privatization affecting Government’s employees in the industry

>

ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများမှ ၀န်ထမ်းများဘ၀မသေချာ

ဝင်းမြတ်
ရန်ကုန်၊ မတ် ၂၄၊ ၂၀၁၀
 ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်မည့် နိုင်ငံပိုင်လုပ်ငန်းများမှ အစိုးရ၀န်ထမ်းများ၏ အလုပ်အကိုင် ဆက်လက်ရပ်တည်ရေးမှာ မရေမရာဖြစ်နေသည်ဟု ၄င်းဝန်ထမ်းများကပြောကြသည်။
လက်ရှိလုပ်ကိုင်နေသော အစိုးရ၀န်ထမ်းများထဲမှ ကျွမ်းကျင်ဝန်ထမ်းအချို့ကို လွှဲပြောင်းရယူလုပ်ကိုင်မည့် ပုဂ္ဂလိကလုပ်ငန်းများက ခေါ်ယူရန်ညှိနှိုင်း ဆောင်ရွက်နေသည်။
`ကုမ္ပဏီမှာပြောင်းလုပ်ချင်ရင် စာရင်းလာပေးလို့ အရာရှိကလာပြောတယ်။ စာရင်းလာမပေးရင် သူတို့ရွေးပြီးလွှတ်ရလိမ့်မယ်လို့ပြောတယ်´ ဟု
ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပုဂ္ဂလိကသို့လွှဲပြောင်းတော့မည့် လုပ်ငန်းတစ်ခုမှ အစိုးရ၀န်ထမ်း တစ်ဦးကပြောသည်။
တစ်ချိန်တည်းမှာပင် အသက် ၅၅ နှစ်အထက်ဝန်ထမ်းများနှင့် လုပ်သက် ၁၀ နှစ်အောက်ဝန်ထမ်းများ စာရင်းကိုလည်း ပြုစုနေသည်ဟုသိရသည်။ ၄င်းကန့်သတ်ချက်ဘောင် အတွင်းဝင်နေသော ၀န်ထမ်းများမှာ ၄င်းတို့၏ အလုပ်အကိုင်နှင့်ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်နေကြသည်ဟုဆိုသည်။
လုပ်ငန်းများခွဲဝေပေး လိုက်ရခြင်းကြောင့် လက်ရှိဝန်ထမ်းဦးရေထက် လျော့ချရန် လိုအပ်လိမ့်မည်ဟုလည်း ၀န်ထမ်းများက သုံးသပ်ကြသည်။
ယခုနှစ်ဆန်းပိုင်းက ၀န်ထမ်းများအခြေခံလစာ ကျပ်နှစ်သောင်း မတိုးမီကောက်ယူထားသည့် ၀န်ထမ်းကိုယ်ရေး မှတ်တမ်းများကိုကြည့်၍ လွဲပြောင်းရယူမည့် ကုမ္ပဏီများမှ မိမိစိတ်ကြိုက် ၀န်ထမ်းများကို ခေါ်ယူရန်ကမ်းလှမ်း နေခြင်းဖြစ်သည်ဟုလည်းသိရသည်။
လုပ်ငန်းများကိုသာ ပုဂ္ဂလိကသို့ ရောင်းချခြင်းမဟုတ်ဘဲ လူများကိုပါရောင်းချ နေခြင်းဖြစ်သည်ဟု ၀န်ထမ်းများကပြောဆိုကြသည်။
ရုံးအုပ်ကြီးတစ်ဦးက ` ကုမ္ပဏီပြောင်းသွားလို့လိုက်ပြောင်းလည်း လခစားပဲ။ အစိုးရဆီမှာဆက်လုပ်လည်း လခစားပဲ။ ကျွန်တော်တို့ဘ၀ကတော့ ထူးပြီးဘာမှပြောင်းလဲ လာမှမဟုတ်ပါဘူး။ အလုပ်ပျောက်မသွားရင်ဘဲ တော်သေးတယ်လို့ဆိုရမယ်´ ဟုပြောသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ မြန်မာ့လေကြောင်းလုပ်ငန်း နှင့် ဆိပ်ကမ်းများအား ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်သည်။ 
(ဓာတ်ပုံ – မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းပိုင် ပဲခူးသင်္ဘောအား ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားစဉ်၊ မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts