>
ဟံသာဝတီဦးဝင်းတင် – ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ကောက်နုတ်ချက်များ (၃)
မတ် ၂၄၊ ၂၀၁၀
အပိုင်း ၁ – ငရဲဆိုတာ ဂျိုနဲ့လား
အခန်း ၃ – အရေးတော်ပုံ မသေ
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက မဆလတပါတီ အာဏာရှင်စနစ်ကို ရိုက်ချိုးချေမှုန်းနိုင်ခဲ့တယ်။ ၁၉၉၀ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီးက စစ်အာဏာရှင်စနစ် စိုးမိုးမှုကို သမိုင်းဝင်ငြင်းဆန် ပယ်ချနိုင်ခဲ့တယ်။ စစ်အာဏာယန္တရားကြီး ကသောင်းကနင်း ဖြစ်သွားတယ်။ ရှေ့တိုး နောက်ဆုတ်ဖြစ်သွားတယ်။ အင်ဂျင်ကျိုးပျက် ဖွတ်ချက် ဖွတ်ချက် ဖြစ်သွားတယ်။ ရပ်ဆိုင်းသွားခြင်းတော့ မရှိဘူး။
ဂျာအေးသီချင်းထဲကလိုပဲ ပြည်သူတွေကတော့ ငိုရဆဲပဲ။ အမှောင်တွင်းက ကယ်ထုတ်ဖို့ အရေးတော်ပုံနောက်ဆက်တွဲ လှုပ်ရှားမှုတွေက ထရံပေါက်က ခြေထောက်ကို ဆွဲပေမယ့် တွဲလွဲပဲ ဖြစ်နေတယ်။ ပလ္လင်ပေါ်က မျောက်ကတော့ ဆင်းတက်လို့ ပြေးနေတုန်းပဲ။ ပြည်သူ့ဆန္ဒ သဘောထားတွေ၊ ပြည်သူ့အာဏာတွေ၊ ပြည်သူ့တရားဥပဒေတွေ၊ ပြည်သူ့လွှတ်တော်တွေ ဆိုတာ စစ်ဖိနပ်ရဲ့ နင်းချေခံရတုန်းပဲ။
ဘုရားကား အောက်၊ မျောက်ကား အထက်ဆိုတာ ဒီနေ့ငါတို့ ပြည်သူတွေ ရင်ဆိုင် ကြုံတွေ့ ငိုညည်း ခံစားနေကြရတဲ့ ဘ၀တွေပါပဲကလား။ ငါတို့အရေးတော်ပုံတွေ မပြီးဆုံးသေး။ မပြီးတမ်း မပြတ်တမ်း တခုပြီး တခု ဆက်လက်ဆင်နွှဲသွားကြရ ဦးမှာပါတကား။ လူတွေ သေရင် သေမယ်။ အရေးတော်ပုံ မသေ။ ဒီမိုကရေစီအရေးတော်ပုံကြီး သက်တော်ရာကျော် ရှည်ပါစေ။