ဆရာ မောင်ဝံသရဲ့ အမည်ပေးမထားတဲ့ မိုးမခကစာများ
မိုးမခ ၀မ်းနည်းမှတ်တမ်း၊ သြဂုတ် ၁၁၊ ၂၀၁၃
သတင်းစာဆရာကြီး မောင်ဝံသကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်အတူ၊ အတွေးအမြင်၊ ပြည်သူ့ခေတ်နှင့် မြန်မာစာဖတ်ပရိသတ်များ၊ စာနယ်ဇင်းမိတ်ဆွေများနှင့်အတူ ၀မ်းနည်းကြောင်း မိမိတို့မှ မှတ်တမ်းပြုလိုက်ပါ၏။ ဆရာ၏ မိုးမခ အပေါ် စေတနာဖြင့် ပြောကြားရေးသားခဲ့သော စာများ စုဆောင်းမိသလောက် ပြန်လည်ဖော်ပြပြီး ဆရာ့ကို ဂါရ၀ပြုလိုက်ပါသည်။ (Photo – Saya @ Hollywood, LA, 26th Dec 2010)
လေးဘက်ထောက်၊ စောရနဲ့ အဓမ္မလွှတ်တော်ကို ဆက်လက်ရှုတ်ချကြပါ
ဝါလတ်နိုင်ငံရေးသမားတဦး
ဇန်န၀ါရီ ၃၊ ၂၀၁၁
မိုးမခဆရာများခင်ဗျား
မြန်မာနိုင်ငံမှာ ၂၀၁၀မှာ စစ်အစိုးရက ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီနဲ့ လက်ဝေခံ မဲရုံအဖွဲ့တွေ၊ ရွေးကောက်ပွဲ ကော်မရှင်တွေပါ ပက်ပက်စက်စက် ပူးပေါင်းပြီး မဲလိမ် မဲခိုး ညစ်ပတ်စုတ်ပဲ့ခဲ့တာကို တစ်လလောက်ကြာသွားရင်ပဲ ကျူးလွန်ခဲ့သူတွေရော ခံခဲ့ရသူတွေကပါ မေ့ချင်နေကြပါပြီ။
အမှားကြာ အမှန်ဖြစ် ဆိုသလို ဖြစ်တော့မယ်ထင်ပါရဲ့။
တကယ်ကတော့ မဲလိမ်မဲခိုး ယုတ်မာတာဟာ ပြိုင်ဘက်တွေကို မတရား အနိုင်ယူတာတင် မကဘူး။ မဲဆန္ဒရှင် ပြည်သူတွေကိုပါ မတရားစော်ကားလိုက်ကြတာပါ။ နိုင်ငံတကာ မိသားစုတွေကိုလဲ ဘောင်းဘီကြယ်သီးတွေ ဖြုတ်ပြလိုက်တာပါ။
လွှတ်တော်ခေါ်ပြီး ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါ အဲဒီသတင်းတွေက လွှမ်းသွားပြီး သူတို့ ယုတ်မာခဲ့တာတွေကို ပိုပြီး မေ့သွားကြတော့မှာ မြင်ယောင်သေးတယ်။
အဲဒါကြောင့် အဲဒီကောင်တွေဟာ သူခိုးတွေ သူခိုးတွေ၊ သူတို့ ဒီလိုဒီလို ခိုးခဲ့တာ …
ကြိုတင်မဲဆိုတာတွေကို ပီနံအိတ်တွေနဲ့ ထည့်ပြီး ဗြောင်လိမ်ဗြောင်စားလုပ်ခဲ့တာ၊
ဒီလို ဒီလို ၁၀၀ ရာခိုင်နှုန်းကျော်နဲ့ နိုင်တယ်ဆိုပြီး ကြေငြာခဲ့တာ
ဒီလို ဒီလို ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့နေရာမှာတောင် ကြံ့ဖွတ် နိုင်တယ်ဆိုပြီး ကြေငြာခဲ့တာ
သက်သေမရှိ စိတ်ကြိုက် မဲလိမ် မဲခိုးလို့ရအောင် နိုင်ငံတကာရော ကုလသမဂ္ဂကိုပါ ဘယ်သူမှ လာစရာ မလိုဘူး လို့ ပိတ်ပင်ခဲ့တာ …
စသဖြင့် မသမာမှုမှန်သမျှကို နေ့စဉ် ဒို့တာဝန် အရေး ၃ ပါး နေရာကနေ ထည့်ပေးစေချင်ပါတယ်။
ကမ္ဘာပေါ်မှာကို ဘယ်မှမှ မရှိဖူးတဲ့ မဲလိမ်မဲခိုးမှုကြီးတွေ ဖြစ်ပေမယ့်
မြန်မာလူမျိုးတွေရဲ့ မေ့လွယ်ပျောက်လွယ် ခွင့်လွှတ်လွယ် အမှတ်သည်းခြေ မရှိတတ်တာကို သိလွန်းလို့ ခုလို နှိုးဆော်ရတာပါ မိုးမခမင်းများခင်ဗျား။
မြန်မာလူမျိုးတွေရဲ့ မေ့လွယ်ပျောက်လွယ် ခွင့်လွှတ်လွယ် အမှတ်သည်းခြေ မရှိတတ်တာကို သိလွန်းလို့ ခုလို နှိုးဆော်ရတာပါ မိုးမခမင်းများခင်ဗျား။
ခုလို ဖော်ထုတ်ရှုတ်ချတော့ ဘာဖြစ်လာမှာမို့လို့လဲ လို့ မေးချင်သလား။
(၁) လူယုတ်မာ ကြံ့ဖွတ်တွေနဲ့ မဲရုံတာဝန်ခံတွေ ရွေးကောက်ပွဲ ကော်မရှင်တွေကို သူတို့ ကျူးလွန်ခဲ့တဲ့ အမှုတွေကို ငါတို့သိတယ်လို့ အသံချဲ့စက်နဲ့ ရွာထိပ်က အော်ပြောနေသလို ဖြစ်မယ်။ သူတို့ မရှက်တတ်ရင်တောင် သူတို့ မိသားစုထဲက လူစိတ်ရှိတဲ့ တစ်ယောက်တလေကတော့ ရှက်မှာပဲ။
(၂) ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက်ပါကွာ၊ နောက်တော့လဲ မေ့သွားကြမှာလို့ ထင်နေသူတွေ သူတို့နောက်က အကုသိုလ်ကြီး အရိပ်လို လိုက်နေတယ်လို့ ထင်နေစေရမယ်။
(၃) ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပါတယ်လို့ အရှက်မရှိ ကမ္ဘာကို ပြောရဲနေသူတွေကို လူလိမ်တွေပါလို့ သက်သေထူရာရောက်မယ်။
ဒါပါပဲ ခင်ဗျား။ ဒီစာကို ဖတ်မိသူသည် ၁၀ မေးလ် အထက် ဆက်ပြီး ဝေငှရမည်။ မဝေငှရင် သင်သည် ဘာမှ မဖြစ်။ သို့သော် တရားမျှတမှုကို လိုလားသူ မဟုတ်ရာ ရောက်မည်။ သင့်ကိုယ်စောင့်နတ်က သင့်ငယ်ထိပ်ကို ခေါက်လိမ့်မည်။
တောင်းဆိုသူ – ၀ါလတ် နိုင်ငံရေးသမားတစ်ဦး။ (၀ါရင့် ၀ါနုမဟုတ်တဲ့ ၀ါလတ်)
မိုးမခရဲ့ သဘောထားကိုပါ ဖော်ပြပေးပါ။ အဖြေမတတ်ရင် သင်တို့ပါ ကြံရာပါ ဖြစ်မည်။
(မိုးမခ စာတည်းမှတ်ချက် – စစ်အစိုးရနဲ့ အပေါင်းအပါများသည် ယခု ရွေးကောက်ပွဲမှာမှ မတရားမှုများဖြင့် တဖက်သတ်လုပ်ခဲ့တာတင် မဟုတ်ပါ၊ ယခင် လွန်ခဲ့တဲ့ အနှစ် ၂၀ – ၁၉ ၉ ၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲကိုလည်း ကျင်းပရုံ ကျင်းပခဲ့ပြီး သူတို့စိတ်တိုင်းကျ အာဏာကို မချယ်လှယ်နိုင်ခဲ့လို့ ပြည်သူ့လက်ထဲ အာဏာကို မလွှဲနိုင်လို့ ကောက်ကျစ်ယုတ်မာခြင်း၊ မတရားမှုများ ကျုးလွန်ခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းနှင့် တိုင်းပြည်ကြီး တခုလုံး ကာလနာတိုက်အောင် လူ့ရာဇ၀တ်မှုကြီး ကျူးလွန်ခဲ့ပြီး ဖြစ်ပါသည်။ ကြားထဲမှာလည်း သူတို့အာဏာသက်ဇိုး ရှည်အောင်လို့ ၂၀၀၈ အခြေခံဥပဒေကိုလည်း မတရား တဖက်သတ် အတည်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခု ပေါ်ပေါက်လာတဲ့ အတုအယောင်လွှတ်တော်တင်သာမက စစ်အာဏာရှင်နဲ့ စစ်အုပ်စု တခုလုံး၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မတရားမှုများ အားလုံး အားလုံးကို အဆက်မပြတ် ဖော်ထုတ် ရှုတ်ချ မှတ်တမ်းတင် ဖြန့်ချိနေဖို့လည်း ကျနော်တို့ တာဝန်ဖြစ်တယ်လို့ ဆိုချင်ပါတယ်)
သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ
ဒေါ်စုနဲ့ အင်န်အယ်ဒီက ရန်လိုသတဲ့လား
မိုးမခ
နိုဝင်ဘာ ၁၉၊ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး တပတ်မပြည့်ခင်မှာ သူလည်ပတ်ခဲ့တဲ့ အင်န်အယ်ဒီ လူမှုအထောက်အကူလုပ်ငန်းတခုဖြစ်တဲ့ HIV / AIDS လူနာများ စောင့်ရှောက်ရေးဂေဟာတခုက လူနာတွေကို ဧည့်လက်မှတ် ရက်မတိုးပေးတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတယ်။ ဒေါ်စု တရားရင်ဆိုင်ဖို့ ၀င်ထွက်သွားလာနေတဲ့ ရန်ကုန်မြို့က တရားရုံးချုပ်ကို နေပြည်တော်ကို ရွှေ့တော့မယ်ဆိုတဲ့ သတင်းဖြစ်လာတယ်။
ဒေါ်စုဖက်က စစ်အစိုးရရဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ဘာမှ အတိအကျ သဘောထား မပြောရသေးဘူး။ ဒေါ်စုဖက်က စစ်အစိုးရဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဘယ်လို အရေးယူ ဆောင်ရွက်မယ် ဆိုတာ မပြောရသေးဘူး။ ဒေါ်စုဖက်က သူ့စိတ်ကူးထားတဲ့ ဒီမိုကရေစီကွန်ယက်တခု နိုင်ငံတကာအထိ ဆန့်တန်းဆက်သွယ်မှု ဘယ်လိုတွေ အကောင်အထည် ဖော်လိုက်မယ် ဆိုတာ မပြောရသေးဘူး။
အဲသည်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကိုယ်တော်ဆန်တဲ့ သူရဲကောင်းတဦး ဖြစ်တယ်။ ဒေါ်စုဟာ မြန်မာပြည်နိုင်ငံရေးထွက်ပေါက်အတွက် အတားအဆီးဖြစ်တယ်။ ဒေါ်စုဟာ သဘောထားတင်းမာတယ်။ ရန်လိုတယ်။ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း တသဘောတည်း ဖြစ်တယ် ဆိုတဲ့ ၀ါဒဖြန့်ချိမှုတွေ အောက်မှာ မြန်မာဒီမိုကရေစီရေးလိုလားသူတွေ၊ လှုပ်ရှားသူတွေက တခြားရွေးစရာ ဘာလမ်းတွေ ရှိသလဲ။ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ မြန်မာပြည်လား။ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေနဲ့ မြန်မာပြည်လား။
အဲသည် မေးခွန်းတွေကို မြန်မာသတင်းစာဆရာကြီးတဦးနဲ့ စကားပြောဖြစ်တယ်။ သူ့အတွေး သူ့အမြင်တွေကို မိုးမခစကားလက်ဆုံအဖြစ် သင့်တော်သလို ကောက်နုတ်ပြီး တင်ဆက်လိုက်ပါတယ်။
အစရဲ့ အစ – ၁၉၉၀ ရွေးကောက်ပွဲ
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အင်န်အယ်ဒီ အနိုင်ရတယ်။ ဒေါ်စု၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့ အထိန်းသိမ်းခံထားရချိန်မှာ အင်န်အယ်ဒီပါတီဟာ ဦးကြည်မောင် ဦးဆောင်မှုနဲ့ အနိုင်ရတာ ဖြစ်တယ်လို မြင်ပါတယ်။ လူထုကလည်း အများကြီးအားတက်တယ်။ စစ်အစိုးရဖက်ကလည်း မမျှော်လင့်ဘဲ အငိုက်မိတဲ့ အချိန်ဖြစ်တယ်။ အဲသည်အချိန်မှာ နှစ်ဖက်စလုံးက ပြင်ဆင်မှုတွေ လုပ်နေတယ်။ အဲသည်တုန်းက ဦးကြည်မောင်ရဲ့ မီဒီယာအင်တာဗျူးတခုမှာ စစ်ဗိုလ်ချုပ်တွေကို နှူရင်ဘတ်စစ်ခုံရုံးတင်ရမယ်လို့ ပြောလိုက်တာဟာ ရန်လိုမှု၊ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်တယ်။ အပျက်ပျက် ဖြစ်စေတယ်လို့ ပြောကြတယ်။ ဒါကို ဘယ်လို ပြောမလဲ။
ကျနော်သိတာကို ပြောရရင် ဦးကြည်မောင်ကို သတင်းထောက်တွေက မေးကြတယ်။ အဲသည်မှာ သတင်းထောက် ဒိုးမနစ်ဖောင်ဒါက မေးတယ်။ စစ်ဗိုလ်ချုပ်တွေကို ဘယ်လိုအရေးယူမလဲ။ ဦးကြည်မောင် ဖြေတာက မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ ဘာမှ စိတ်ပူနေစရာမလိုပါဘူး၊ နူရင်ဘတ်စစ်ခုံရုံးမှာ ဂျာမန်စစ်ဗိုလ်ချုပ် ဘယ်နှစ်ယောက်ကိုများ အရေးယူခဲ့တာ ရှိသလဲ လို့ ဖြေခဲ့တာ ဖြစ်တယ်။ သူ့မှာ တခြား အရေးကိစ္စတွေ အများကြီး ရှိနေတယ်။ ဒါကို သူ ဘယ်လိုမှ သဘောမထားဘူးလို့ ဆိုလိုတာ ဖြစ်တယ်။ [Link] ဒါပေမယ့် သတင်းထောက်က သတင်းထဲမှာ ကွင်းစ ကွင်းပိတ်နဲ့ (ဗိုလ်ချုပ်ခင်ညွန့် လိုမျိုး) လို့ ဖြည့်လိုက်တယ်။ ဒါကို ဗိုလ်ခင်ညွန့်က မခံမရပ်နိုင်ဖြစ်ပြီး ဦးကြည်မောင်ကို သတင်းစာရှင်းလင်းပွဲတွေကနေ ဖြေရှင်းချက်တောင်းတယ်။ ရန်တွေ့တယ်။ ဦးကြည်မောင်က ပြန်ရှင်းပြခဲ့တယ်။ သတင်းထောက်က ရေးတဲ့အာဘော်ကတော့ သူ့အာဘော်မဟုတ်ဘူး၊ သတင်းထောက်ကို ရှင်းခိုင်းလို့ ပြောလိုက်တယ်။ ဒါကို အင်န်အယ်ဒီရဲ့ ဗဟိုကော်မီတီအစည်းအဝေးမှာ ပြန်ပြီး အစီရင်ခံ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း စစ်အစိုးရက ဖမ်းပြီး ဦးကြည်မောင်ကို ထောင်ချပစ်လိုက်တယ်။ ဒါဆိုရင် ဒီမိုကရေစီရေးလှုပ်ရှားသူ အင်န်အယ်ဒီဖက်က၊ ခေါင်းဆောင်တွေဖက်က ရန်လိုတာမျိုး၊ သဘောထားတင်းမာတာမျိုး ပြခဲ့တာ မဟုတ်ဘူး လို့ ပြောချင်တယ်။
အာဆီယံတို့၊ တရုတ်တို့၊ အာရှနိုင်ငံတွေကို အင်န်အယ်ဒီက ရွေးကောက်ပွဲ အနိုင်ရခဲ့စဉ်မှာ ဂရုမစိုက်လုပ်ခဲ့တာတွေရှိလို့ အခုအချိန်အထိ အင်န်အယ်ဒီပါတီ၊ ပါတီခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး အေးစက်နေတာတွေ ရှိနေတာလား။
အဲသလိုလည်း မမြင်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရစဉ်တုံးက တရုတ်ပြည်က သံအမတ်ကြီးကိုယ်တိုင် အင်န်အယ်ဒီက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီခေါင်းဆောင်တွေနဲ့ နှုတ်ဆက်ခဲ့တာတွေ ရှိတယ်။ အဲသည်တုန်းက တွေ့ခဲ့သူတွေထဲမှာ ဦးခင်မောင်ဆွေတို့၊ ဗိသုကာဦးကျော်မင်းတို့ ပါတယ် လို့ မှတ်မိတယ်။ ဒါတွေကို ကျနော့်အမြင်ကတော့ အများပြည်သူစိတ်ထဲမှာ စွဲမှတ်မိသွားအောင် မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့၊ ထောက်ပြခဲ့တဲ့ အကြိမ် နည်းတယ်။
၉၀ ရွေးကောက်ပွဲ အလွန်
၁၉၉၁ အောက်တိုဘာ မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု ချီးမြှင့်တယ်။ ဒေါ်စုက ဆုငွေကို မြန်မာပြည်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေအဖြစ် ၁၉၉၂ မှာ သတ်မှတ်လိုက်တယ်။ အဲသည်မှာ ဒေါ်စုက စစ်အစိုးရကို ဖြုတ်ချဖို့၊ ဆူပူလှုံဆော်ဖို့ အဲသည်ငွေကြေးတွေ မသုံးခဲ့ဘူး။ ဒါတွေက ရန်လိုတဲ့ သဘောထားတင်းမာတဲ့ လုပ်ရပ်လို့ ကျနော်တို့ကတော့ မမြင်ပါဘူး။
ဟုတ်ပါတယ်။ ဒေါ်စုကို ၁၉၈၉ ဇူလိုင်ကတည်းက စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားတယ်။ ၁၉၉၄ မှာမှ ဗိုလ်ချူပ်တွေနဲ့ သန်းရွှေတို့ ခင်ညွန့်တို့နဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ သတင်းထွက်လာတယ်။ အဲသည်အချိန်မှာ စစ်အစိုးရဖက်မှာ ကြံ့ဖွံ့အဖွဲ့ကြီးကို ၉၃ မှာ ထူထောင်ပြီးပြီ။ အမျိုးသားညီလာခံတွေလည်း သူတို့က လုပ်နေပြီ။ အဲသည် ညီလာခံမှာ တိုင်းရင်းသားတွေကော၊ နိုင်ငံရေးပါတီတွေကိုယ်တိုင်က လွတ်လပ်စွာ ထုတ်ဖော်ဆွေးနွေးခွင့်မရဘူး၊ ပြည်ထောင်စုစနစ်အကြောင်း ပြောဆိုတင်ပြခွင့်မရဘူးလို့ မီဒီယာတွေကတဆင့် ထုတ်ဖော် ဝေဖန်နေကြပြီ။ အဲသည်ညီလာခံမှာ ဦးအောင်ရွှေဦးဆောင်မှုပေးနေတဲ့ အင်န်အယ်ဒီကလည်း တက်နေတယ်။ အဲသည်လို စစ်အစိုးရရဲ့ တဖက်သတ် အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ လုပ်နေချိန်မှာ အချိန်စေ့လို့ ဒေါ်စုကို လွှတ်လိုက်တာ ဖြစ်တယ်။
အဲသည်အချိန်တုန်းက ဒေါ်စုကို ဇူလိုင်လဆန်းမှာ လွှတ်ပေးတယ်။ အန်ကယ် ဦးတင်ဦးနဲ့ အန်ကယ် ဦးကြည်မောင်တို့လည်း ၉၅ နှစ်ဆန်းမှာ လွတ်လာကြတယ်။ သူတို့တတွေက အမျိုးသားညီလာခံကို ရန်လိုခဲ့ကြတယ်။ သဘောထားတင်းမာမှုတွေ ပြသခဲ့ကြတယ်လို့ စစ်အစိုးရက စွတ်စွဲခဲ့တယ်။ ဒါကို ဘယ်လို ပြောမလဲ။
အဲသည်အချိန်တုန်းက လွတ်မြောက်လာတဲ့ ပါတီခေါင်းဆောင်တွေက ပါတီတွင်း၊ ပါတီအပြင်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ကျနော်တို့ သတင်းသမားတွေ အသိဆုံးပဲ။ သဘောထားတွေ တောင်းခံတယ်။ အချို့က ညီလာခံကို လက်မခံဘူး။ အချို့က အခြေအနေကြည့်ဖို့၊ ကောင်းကွက်၊ ဆိုးကွက်တွေကို နှိုင်းယှဉ်ပြီး တင်ပြကြတာတွေ ရှိတယ်။
၁၉၉၅ နိုဝင်ဘာ အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်စုက အမျိုးသားညီလာခံကနေပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးအဖြေရှာနိုင်ဖို့ မလွယ်ဘူး၊ လွတ်လပ် ပွင့်လင်းမှုတွေ မရှိဘူးလို့ ဝေဖန်ထောက်ပြတယ်။ ထွက်မယ်လို့ မပြောခဲ့ဘူး။ နိုဝင်ဘာ ၂၂ မှာ သတင်းစာရှင်းလင်းပွဲ၊ နိုဝင်ဘာ ၂၇ မှာ အမျိုးသားညီလာခံ ပြန်စတယ် ထင်တယ်။ အဲသည်မှာ ဦးအောင်ရွှေတို့က အမျိုးသားညီလာခံက နိုဝင်ဘာ ၂၉ မှာ နှုတ်ထွက်လိုက်တယ်။ ဒါက အင်န်အယ်ဒီပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်မှာ ရှိသလောက် တွေ့ဆုံဆွေးနွေးပြီးမှ ထွက်လာတဲ့ ရလဒ်လို့ မြင်ပါတယ်။
ဒီညီလာခံက နှုတ်ထွက်တာက သဘောထားတင်းမာတာကို ပြတာလဲ မဟုတ်ဘူး၊ ရန်လိုတာလည်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ညီလာခံက ၂၇ မှာ စပါတယ်။ ပါတီကနေပြီး ညီလာခံကော်မရှင်ကို တင်ပြထားတာတွေ၊ တောင်းဆိုထားတာတွေ ရှိတယ်လို့ သိရတယ်။ စစ်အစိုးရက ညီလာခံမှာ ဒါတွေကို ပြန်လည် အကြောင်းပြန်ခြင်း မရှိဘူး။ ဒါတွေကို စစ်အစိုးရ မီဒီယာတွေက မပြောခဲ့ဘူး။ ပြည်တွင်းက မြန်မာပြည်သူတွေမှာလည်း သေသေချာချာနားလည်နိုင်ဖို့ အခြေအနေမရခဲ့ဘူး။ လူတွေက တဖက်သတ်ပြောနေတာတွေကိုပဲ ကြားနေရတာကိုး။
ဒါဆိုရင် ၁၉၉၆ နဲ့ နောက်ပိုင်းကာလတွေမှာ ဒေါ်စုခြံရှေ့ ဟောပြောပွဲတွေနဲ့ လူတွေကို ဆူပူလှုံဆော်လာအောင် သွေးထိုးမြှောက်ပင့်တယ်။ ရန်လိုတယ်။ သဘောထားတင်းမာမှုတွေ ပြသခဲ့တယ်လို့ စစ်အစိုးရက တောက်လျောက် စွပ်စွဲခဲ့တယ် မဟုတ်လား။ ဒါတွေကိုကော ဘယ်လို ပြောမလဲ။
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲတွေဟာ သမိုင်းဝင်လူထုဆွေးနွေးပွဲ၊ လူထုဟောပြောပွဲတွေ ဖြစ်တယ်လို့ မြင်ပါတယ်။ မြန်မာပြည်မှာ အဲသည်တုန်းက အခုလိုမျိုး ဆက်သွယ်ရေး နည်းပညာတွေ မရှိလို့ တကမ္ဘာလုံးက တပြည်လုံးက မြန်မာတွေ ကျယ်ကျယ်ပြန့်ပြန့် မသိရှိခဲ့ကြဘူး။ ဒါပေမယ့် အင်န်အယ်ဒီခေါင်းဆောင် ၃ ဦး ဖြစ်တဲ့ ဦးကြည်မောင်၊ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုဆွေးနွေးနေတာတွေက တိုင်းသူ ပြည်သားတွေရဲ့ ခံစားချက်တွေ၊ မေးမြန်းစုံစမ်းတာတွေကို ကိုယ်စားပြုပြီး ပြောနေတာတွေချည်းပဲ။ ဒါပေမယ့် လူထုရဲ့ အသံကို စစ်အစိုးရနဲ့ အပေါင်းအပါတွေက မလိုလားပါဘူး။ ခြံရှေ့ ဆွေးနွေးပွဲတွေမှာ အာဏာပိုင်တွေရဲ့ အလွဲသုံးမှုတွေ၊ မတရားမှုတွေဟာ အများရှေ့မှာ ပေါ်ပေါက်လာတယ်။ ဒါတွေကို စစ်အစိုးရက မလိုလားဘူး။ တားမြစ် နှိမ်နင်းဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၆ နိုဝင်ဘာမှာ မော်တော်ကားတန်းနဲ့ အထွက်မှာ ရန်ကုန်ဆင်ခြေဖုံးမှာ ကြံ့ဖွံ့လူအုပ်ကြီးတခုနဲ့ ၀ိုင်းဝန်း ရိုက်နှက်ဖို့ ကြိုးစားခဲ့တယ်။ ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ ဒေါ်စုတို့ကားတွေကို တုတ်တွေ၊ ခဲတွေနဲ့ ရိုက်တာ ပစ်ခတ်တာတွေ လုပ်တယ်။ နောက်က လုံခြုံရေးဆိုပြီး လိုက်လာတဲ့ ထောက်လှမ်းရေးတွေကိုယ်တိုင် အငိုက်မိသွားတယ်လို့ တွေ့ရတယ်။ အဲသည် ဒေါ်စု လွတ်မြောက်နေတဲ့ ၉၅ ကနေ ၂၀၀၀ ကာလမှာ စစ်အစိုးရဖက်က ဒေါ်စုတို့ဖက်က လှုပ်ရှားမှုတွေအားလုံးကို အင်အားသုံးပြီး အကြမ်းဖက်တာတွေ၊ ပိတ်ဆို့တာတွေနဲ့ တုန့်ပြန်တာတွေချည်းပဲ။
အဲဒါတွေကို စာရင်းလုပ်ပြပါဦး။
၁၉၉၆ နဲ့ နောက်ပိုင်းမှာ အင်န်အယ်ဒီပါတီဟာ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးတွေ လုပ်တဲ့ကာလတွေဖြစ်ပါတယ်။ ဟောပြောပွဲတွေ ရှိတယ်၊ ဆွေးနွေးပွဲတွေရှိတယ်။
၁၉၉၆ ဧပြီမှာ ဒေါ်စုခြံရှေ့ သင်္ကြန်ပွဲ မကျင်းပဖြစ်အောင် ဖိနှိပ်မှုတွေ လုပ်တယ်။
၁၉၉၆ ဇွန်လမှာ ဒေါ်စုရဲ့ ခြံရှေ့ဟောပြောပွဲတွေကို စစ်အစိုးရက တားမြစ်ပိတ်ပင်တာတွေ လုပ်ခဲ့တယ်။
ပါတီညီလာခံတွေ လှုပ်ရှားမှုတွေ လုပ်လာတာနဲ့ စက်တင်ဘာမှာ အင်န်အယ်ဒီပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို သိမ်းကျုးံဖမ်းခဲ့တယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှာ ညီလာခံလုပ်ဖို့ ရောက်လာတဲ့သူ ၁၄၊ ၁၅ ယောက်လောက်ပဲ ရောက်လာခဲ့တယ်။
၁၉၉၆ အောက်တိုဘာ မှာ ကျောင်းသားအရေးအခင်းဖြစ်ခဲ့တယ်။ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းတယ်။ ဖမ်းဆီးတယ်။ ဦးကြည်မောင်ကိုလည်း ကျောင်းသားတွေကို လှုံဆော်တယ်ဆိုပြီး စွပ်စွဲခဲ့သေးတယ်။ တပတ်လောက် ဖမ်းဆီးထားခဲ့တယ်။
၁၉၉၆ နိုဝင်ဘာမှာ ဒေါ်စု၊ ဦးတင်ဦး နဲ့ ဦးကြည်မောင် ကားယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်။
၉၆ ခုနှစ်မှာ ဒေါ်စုဘက်က စစ်အစိုးရရဲ့ မြန်မာ့ခရီးသွားနှစ်ကို ဝေဖန်ပြောဆိုခဲ့တယ် လို့ သူတို့ဖက်က အကြိမ်ကြိမ် ပြောတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးကို ဖျက်ဆီးတယ်လို့ ပြောတယ်။ ဒါပေမယ့် အခုလိုမျိုး ကိုယ်ထိလက်ရောက် အကြမ်းဖက်တာ၊ ဖမ်းဆီးတာတွေက စစ်အစိုးရဖက်က ကျုးလွန်နေတာချည်းပဲ လို့ ပြောချင်ပါတယ်။
ဒါကြောင့်မို့လို့ အနောက်အုပ်စု နိုင်ငံတွေက စစ်အစိုးရကို ပိတ်ဆို့အရေးယူတာတွေကို စတင်လုပ်ဆောင်လာတာကို တွေ့ရတယ်။ ပြည်တွင်းမှာ လက်နက်မဲ့ ပြည်သူတွေ၊ နိုင်ငံရေးပါတီဝင်တွေကို ဖိနှိပ် ဖမ်းဆီး ရိုက်နှက်နေတာကို ပြည်ပနိုင်ငံတွေက လက်ပိုက်ကြည့်မနေဘဲ သူတို့ဖက်က နိုင်ငံရေးအရ အရေးယူတာတွေ လုပ်လာတယ်လို့ ပြောလို့ရပါတယ်။
၉၆ ဒီဇင်ဘာမှာ ကျောင်းသားအရေးအခင်းတွေ ဖြစ်ပွားတယ်။ ဒေါ်စုကို စစ်အစိုးရ နေအိမ်မှာ တားမြစ်ထိန်းသိမ်းထားတယ်။ ကျောင်းသားအရေးအခင်းကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းပြီး ဖြေရှင်းလိုက်တယ်။
၁၉၉၇ ဒီဇင်ဘာမှာ ဦးကြည်မောင် ဟာ ဒေါ်စုနဲ့ ပါတီကနေပြီး စိတ်သထားချင်း မတိုက်ဆိုင်လို့ အနားယူသွားပြီလို့ စစ်အစိုးရက ပြောသေးတယ် မဟုတ်လား။
ဟုတ်တယ်။ ဦးကြည်မောင်ဟာ ပါတီအတွက်၊ ဒေါ်စုအပါအ၀င် ပါတီခေါင်းဆောင်တွေအတွက် အကောင်းဆုံး အစွမ်းကုန် ရပ်တည်ပေးတယ်။ ဆောင်ရွက်ပေးတယ်။ နောက်ဆုံး ကွယ်လွန်ချိန်အထိ တိုင်းပြည်အတွက်ကော၊ အားလုံးအတွက် ရပ်တည် ပေးဆပ်သွားတယ်လို့ သတင်းစာဆရာတယောက်အနေနဲ့ မိမိသိထားတဲ့အတိုင်း ရဲရဲကြီး ပြောလိုပါတယ်။ စစ်အစိုးရပြောတာ မဟုတ်ပါဘူး။
၂၀၀၀ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ ပြန်အထိန်းသိမ်းခံလိုက်ရတယ်။ ဒေါ်စုနဲ့ အင်န်အယ်ဒီဘက်က ဘာတွေ ရန်လိုတာတွေ၊ သဘောထားတင်းမာတာတွေ လုပ်ခဲ့တာတွေ ရှိသလဲ။ သူတို့ ဘာတွေ လုပ်ခဲ့သလဲ။ ဘာတွေ ဖြစ်ခဲ့သလဲ။ ဆက်ပြောပါဦး။
အဲသည် ၁၉၉၅ – ၂၀၀၀ ကာလကို ပြောရင် စစ်အစိုးရဖက်က သတင်းစာတွေ၊ ရုပ်သံတွေ၊ ကြံ့ဖွံ့တွေ၊ ထောက်လှမ်းရေးတွေနဲ့ ဖမ်းဆီးတာ၊ တိုက်ခိုက်တာ၊ အကြမ်းဖက်တာ၊ ထောင်ချတာတွေ အများကြီးပဲ။ လူထုကိုလည်း ဖိနှိပ်ထားမှုက အပြင်းထန်ဆုံးပဲ။ အဲသလို မြင်တယ်။ သူတို့အချင်းချင်းမှာလည်း လာဘ်စားလို့ ဗိုလ်ချုပ်တွေကို ရာထူးက ချပြီး စစ်ကောင်စီကို အသစ်ဖွဲ့ခဲ့ကြသေးတယ်။
အင်န်အယ်ဒီနဲ့ ဒေါ်စု တို့ဖက်က ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီကို လွှတ်တော်တရပ်မခေါ်နိုင်ခင် ကြားကာလမှာ လုပ်ကိုင်နိုင်အောင် ဖွဲ့စည်းခဲ့တယ်။ စစ်အစိုးရက လက်မခံခဲ့ဘူး။
ပုဂ္ဂိုလ်ရေးတချက်ပြောရရင် ဒေါ်စုရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ် ကွယ်လွန်တယ်။ မိုက်ကယ်အဲရစ်က ဒေါ်စုဆီကို နောက်ဆုံးခရီးအဖြစ် လာရောက်ခွင့်ကို စစ်အစိုးရက မပေးခဲ့ဘူး။ ငြင်းပယ်ခဲ့တယ်။
၁၉၉၉ ခုနှစ်တွေမှာ ဒေါ်စုတို့ အင်န်အယ်ဒီရဲ့ လှုပ်ရှားသွားလာမှုတွေကို တားမြစ်တာတွေ၊ ကန့်သတ်တာတွေ၊ ပိတ်ဆို့တာတွေ အများကြီး ပြုလုပ်ခဲ့တယ်။
ဒီလောက် ပြောရင် ရပြီ ထင်ပါတယ်။
ဟုတ်ကဲ့ပါ။ ကျနော်တို့အနေနဲ့က ဒါတွေကို ဆရာနဲ့ ပြန်လည် စကားလက်ဆုံပြောရတာက ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတယ်။ ပြည်သူလူထုတရပ်လုံး၊ တိုင်းရင်းသားတွေအားလုံး၊ နိုင်ငံတကာမိသားစုများအာလုံးက အားတက်ဝမ်းမြောက်နေကြတယ်။ အကောင်းဖက်က ရှုမြင်သုံးသပ်နေကြတယ်။ မျှော်လင့်ချက်တွေ ထားနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၉၅ ခုနှစ်တုန်းကထက် တည်ငြိမ် ရင့်ကျက်မှု၊ အေးချမ်းမှုနဲ့ ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နေတာကို တွေ့နေရပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအဖြေအတွက် တင်းမာလွန်းသူ၊ ရန်လိုသူ၊ ထိပ်တိုက်ရင်ဆိုင်သူအဖြစ် စွပ်စွဲကြတာတွေ၊ ပြစ်တင် ဝေဖန်နေကြတာတွေ တဖက်က အမြဲ ပြောဆိုဝါဒဖြန့်မြဲ ဖြစ်တာမို့ ၈၈ အရေးတော်ပုံနောက်ပိုင်း ပထမ ၁၀နှစ်တာ ကဏ္ဍကို အခုလိုမျိုး ဆွေးနွေး တင်ပြလိုက်တာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။ ။
(ဒီအင်တာဗျူးကို အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကြည်မောင်နဲ့ ကျဆုံးခဲ့၊ ကွယ်လွန်ခဲ့ကြပြီဖြစ်တဲ့ ဒီမိုကရေစီသူရဲကောင်းတွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေကို အလေးပြုရင်း တင်ဆက်ပါတယ်)
သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ
ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ဆူးညှောင့်ခလုတ်တွေလား
မိုးမခ
နိုဝင်ဘာ ၂၀၊ ၂၀၁၀
ဒီတရက်မှာ သတင်းစာဆရာကြီးနဲ့ ဆက်ပြီး စကားပြောဖြစ်တယ်။ မြန်မာပြည်တွင်းမှာ လက်ကိုင်ဖုန်းတွေ သက္ကရာဇ် ၂၀၀၀ အကျော်မှာ အတော် ပေါများလာတယ်။ အင်တာနက်တွေ မပွင့်တပွင့် ဖြစ်လာတယ်။ အဲသည်တုန်းက လက်ဝါးကြီးအုပ်ထားတယ် ဆိုတဲ့ ဗိုလ်နေ၀င်းမိသားစုတွေကို စစ်ဗိုလ်ချုပ်တွေက ဖယ်ရှားလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုတို့ဟာ အကျယ်ချုပ်ချထားစဉ်မှာ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ကြတယ် ဆိုတာမျိုးတွေကို ပြည်သူတွေက မီဒီယာများကတဆင့် သဲ့သဲ့ကြားနေရပြီး အသေးစိတ်တော့ ပြည်သူတွေက မသိခဲ့ကြရဘူး။
ကဲ … ၂၁ ရာစုအ၀င်မှာ မြန်မာပြည်ရဲ့ နိုင်ငံရေးရေချိန်ကို ပြောပြပါလား ဆရာ။
၂၁ ရာစုအ၀င်မှာတော့ အချို့သောပြည်သူတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဝေးကွာသွားတဲ့ သဘောရှိပါတယ်။ နိုင်ငံရေးနိုးကြားမှုတွေ အေးစက်နေတဲ့ကာလလို့ ပြောရင်တောင် ရမယ်။ ဒေါ်စုနဲ့ အင်န်အယ်ဒီတို့ရဲ့ စစ်အစိုးရနဲ့ကြား တွေ့ဆုံဆွေးနွေးကြတာတွေ၊ ဥပဒေကြောင်းအရ ရွေးကောက်ပွဲရလဒ်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတာတွေဟာ သာမန်လူတွေအတွက် အသေးစိတ်နားလည်သိရှိမှုတွေ မရနိုင်တဲ့ အခြေအနေလို့ ဆိုချင်ပါတယ်။ သာမန်ပြည်သူတွေအဖို့ ကြောက်ရွံစိုးရိမ်မှုတွေ ရှိနေတယ်။ ပြီးတော့ အဲသည်တုံးက နိုင်ငံရေး လှုပ်ရှားလာမှုတွေကို ဥာဏ်မမီကြဘူး ဆိုပြီး ကြည့်နေရတဲ့ သဘောလို့ ပြောရမယ် ထင်ပါတယ်။
အဲသည်အချိန်တုန်းက တချို့ဖြစ်ရပ်တွေ မီးမောင်းထိုးပြပါလား။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမွေဆိုင်အဖြစ် အောင်ဆန်းဦးတို့ လင်မယားက တရားစွဲတယ်။ အဲသည်တုန်းက အတွင်းရေးမှုး ၂ နဲ့ စစ်ဗိုလ်ချုပ်အချို့ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးတယ်။ အမျိုးသားရင်ကြားစေ့ရေးတို့၊ တိုင်းရင်းသား၊ တပ်မတော်နဲ့ ဒေါ်စုဦးဆောင်တဲ့ အင်န်အယ်ဒီတို့ ၃ ပွင့်ဆိုင် ဆွေးနွေးသင့်တယ်ဆိုတာတွေ ပြည်တွင်း ပြည်ပမှာ ပြောလာကြတယ်။ တပ်မတော်ကို လုပ်ကြံတယ်ဆိုပြီးတော့ ဦးနေ၀င်းရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ် လျို့ဝှက်ဆွေးနွေးပွဲတွေ လုပ်နေသော်လည်း ထူးခြားတဲ့ ပွင့်လင်းမှုတွေကို လူထုက မမြင်ကြရဘူး။ မြန်မာပြည်ရဲ့ တပါတီအာဏာရှင်ကြီး ဦးနေ၀င်း ဆုံးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တယ်။ အဲသည်လိုမျိုး ၂၀၀၁ ကနေ ၂၀၀၂ အတွင်းကို ပြောရမယ် ထင်ပါတယ်။
၂၀၀၃ မေလမှာ မြန်မာပြည်အနှံ့ကို စည်းရုံးရေးခရီးစဉ်တွေ ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ စစ်အစိုးရ ကျောထောက်နောက်ခံပေးနေတဲ့ အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလိုက်တယ်။ မြန်မာပြည်သူတွေအားလုံးကော၊ နိုင်ငံတကာက လူထုတရပ်လုံး အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားကြတယ်။ ပြည်တွင်းမှာ သတင်းမှောင်ချထားပြီး အကြီးအကျယ်ဖိနှိပ်ချုပ်ချယ်ထားလို့ သတင်းတွေ ဖြစ်ရပ်မှန်တွေကို လူတွေက မသိကြရဘူး။ ပြည်ပမှာလည်း အခုလိုလုပ်ကြံမှုကြီးကို ဖော်ထုတ်အရေးယူနိုင်ဖို့လည်း ဖြစ်မလာခဲ့ဘူး။ အများက မျှော်လင့်နေတဲ့ အင်န်အယ်ဒီပါတီခေါင်းဆောင်တွေဆီကလည်း ပွင့်လင်းတဲ့ ထုတ်ဖော်ပြောဆိုမှုတွေ မရခဲ့ကြဘူးလို့ ထင်ပါတယ်။ အဲသည်နောက်ပိုင်းမှာ ဘာဖြစ်လာသလဲ။
၂၀၀၄ ခုနှစ်မှာ အမျိုးသားညီလာခံ ပြန်တက်ဖို့ကို စစ်အစိုးရနဲ့ အင်န်အယ်ဒီကြားထဲမှာ ပြန်ညှိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သဘောတူတယ်။ အဲသည်တော့ ဗိုလ်ခင်ညွန့်နဲ့ ညှိနှိုင်းတာမှာ အောင်မြင်သွားတယ်။ အင်န်အယ်ဒီဖက်က လူရွေးပြီးသွားပြီလို့ သိရတယ်။ သို့သော် ဗိုလ်သန်းရွှေက အဲဒီကောင်တွေ မမြင်ချင်ဘူးကွာလို့ ပြောလိုက်တာ။ အဲသည်မှာ အောက်ကလူတွေက အင်န်အယ်ဒီမလာပါနဲ့လို့ ပြောရတော့တာပဲ။ သိပ်မကြာပါဘူး။ ဗိုလ်ခင်ညွန့်လည်း ရာထူးက ဖယ်ရှားခံရတော့တာပဲ။
အမျိုးသားညီလာခံကို တက်ဖို့ ညှိတဲ့နေရာမှာ အင်န်အယ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေကို ပါ လိုက်လံညှိနှိုင်းခဲ့တာ ဖြစ်တယ်လို့ သိရတယ်။ အင်န်အယ်ဒီက အထုတ်ခံထားရတဲ့ အမတ်ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အမတ်တွေဆိုတာက လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အမတ်တွေကိုယ်တိုင်ကလည်း အလေးအနက်ထားကြတယ်လို့ သိရတယ်။ သို့သော်လည်း အမတ်တွေကလည်း တညီတညွတ်တည်းပဲ ပါတီက ကိုယ်စားလှယ်အဖြစ် ရွေးပေးလို့ အမျိုးသားညီလာခံကို တက်ကြရတာမျိုး လိုလားတယ်လို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုတယ်။ အဲသည်လိုမျိုး နိုင်ငံရေးအခြေအနေတရပ် ဖြစ်ပေါ်လာမယ်လို့ ဖြစ်လာစဉ်မှာပဲ ဗိုလ်သန်းရွှေက ဒီကောင်တွေ မမြင်ချင်ဘူးလို့ ပြောလိုက်တာမှာ ပျက်ပြယ်သွားတာပဲ။
အဲသည်နောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ လူကြီးတွေ၊ လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှုက ပြန်လည် ပေါ်ပေါက်လာတယ်လို့ ထင်ပါတယ်။ အဲသည်မှာ လူထုတွေရဲ့ စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းချုပ်ထားချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တယောက်တလက် နိုင်ငံရေးအလုပ်တွေ၊ လူမှုရေးအလုပ်တွေ လုပ်ကြဖို့ စိတ်တွေ ဖြစ်လာတယ်။ အဲသည်ကို ဦးတည်လာကြတယ်လို့ မြင်မိတယ်။ ဘယ်လို ပြောချင်သလဲ။
ဒေါ်စုမပါဘဲနဲ့ နိုင်ငံရေးလုပ်ရမယ်၊ အပြောင်းအလဲတွေ လုပ်ရမယ်ဆိုတဲ့ အင်အားစုတွေ၊ အတွေးအမြင်တွေကတော့ လူတစုမှာ၊ လူတချို့မှာ ရှိနေတယ်လို့ ပြောချင်ပါတယ်။ သူတို့တတွေက ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ဒီအတွေးအမြင်ကို သွေးတိုးစမ်းတယ်။ ထုတ်ဖော်ပြောဆိုတယ်။ လူထု အများစုကြီးက ဒေါ်စုမပါဘဲနဲ့ လုပ်ကြမယ်ဆိုတဲ့ နိုင်ငံရေးအတွေးအမြင် မရှိဘူးလို့ ဆိုရမယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ခံထားရချိန်မှာ၊ သူတို့ကို တိုက်ရိုက်ဦးဆောင်မှု မပေးနိုင်ချိန်မှာ လူကြီး လူငယ် နိုင်ငံရေးလှုပ်ရှားသူတွေက၊ တက်ကြွလာသူတွေကိုယ်တိုင်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ တယောက်တလက်နိုင်ငံရေး ဆိုလို့ ပြောနိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။
၂၀၀၄ နဲ့ ၂၀၀၅ နောက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတယ်။ သူတို့တတွေက ၈၈ မျိုးဆက်ကျောင်းသားများဆိုတဲ့ အစုအဖွဲ့နဲ့ လှုပ်ရှားတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတွေကို တောင်းဆိုတယ်။ နောက်တော့ လှုပ်ရှားမှုတွေဟာ အင်န်အယ်ဒီပါတီက လူငယ်တွေနဲ့ လက်တွဲပြီး လှုပ်ရှားမှုတွေ ဖြစ်လာတယ် လို့ မြင်ပါတယ်။ အဲသည်လိုမျိုး စုဖွဲ့မှုတွေဟာ စစ်အစိုးရရဲ့ သဘောထား တင်းမာမှု၊ ရန်လိုမှုတွေနဲ့ပဲ ရင်ဆိုင်ရတယ်လို့ ထင်ပါတယ်။ ဥပမာ အာဇာနည်နေ့ အလေးပြုဖို့ သွားရောက်တဲ့ကိစ္စတွေမှာ ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေက တားမြစ်တာတွေ၊ စသည်ဖြင့် …
ဟုတ်ပါတယ်။ အဲသည်တုန်းက အမှတ်ရတာလေး တခုပြောရရင်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေကို အတိုက်အခံနိုင်ငံရေးထက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့စပ်ဆွေးနွေးပေးနိုင်တဲ့ အင်အားစုအဖြစ် ရပ်တည်ပေးကြပါလားလို့ အကြံဥဏ်ပေးကြတာမျိုးတွေ ကြားရတယ်။ စစ်အုပ်စုနဲ့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်စုဦးဆောင်တဲ့ နို်င်ငံရေး အင်အားစုတွေ ကြားထဲမှာပေါ့နော်။ ဒါပေမယ့် ၈၈ မျိုးဆက် ကျောင်းသားတွေကိုယ်တိုင်လည်း ၂၀၀၇ သြဂုတ်လ လောင်စာဆီအရေးအခင်းမှာ နိုင်ငံရေးလှုပ်ရှားမှုထဲကို ၀င်ရောက်လာကြတော့တာပဲ။
အဲသည်မှာ နောက်ထပ် အမှတ်ရတာတခုပြောရရင် ၁၉၈၉ မှာ မင်းကိုနိုင်တို့ အင်းစိန်ထောင်ထဲမှာ ရှိနေတုန်းက ၈၈မျိုးဆက် ကျောင်းသားတွေအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေးတော်ပုံရဲ့ ရဲဘော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေလို သဘောထားတယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အခု ၁၀ စုနှစ် အကျော်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်တဦးအဖြစ် သူတို့ ၈၈မျိုးဆက်တွေက သဘောထားလိုက်ကြတယ်။ အင်န်အယ်ဒီလူငယ်တွေနဲ့ အတူ လက်ချင်းချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါတဲ့ တီရှပ်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေက စစ်အစိုးရကို ရင်ဆိုင်နေရတာကို တွေ့ကြရတယ် လို့ ပြောချင်ပါတယ်။
နောက် အမှတ်ရတာတွေ ပြောရရင် ခုနင်ကပြောတဲ့ တယောက်တလက်နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ဖြူဖြူသင်းတို့က အေအိုင်ဒီအက်စ်၊ အိပ်ခ်ျအိုင်ဗီ လူနာတွေ စောင့်ရှောက်မှု၊ မစုစုနွေးတို့ရဲ့ အဓမ္မလုပ်အားပေးအမှုတွေကို ထုတ်ဖော်တွန်းလှန်မှုတွေ၊ မသန်းမြင့်အောင်တို့ စာပေအနုပညာရှင်တွေရဲ့ လူမှုရေးလုပ်ငန်းတွေ၊ တကိုယ်တော် ဆန္ဒပြတဲ့သူတွေ၊ ရှေ့နေကြီးတွေဖြစ်တဲ့ ဦးအေးမြင့်၊ ဦးမြင့်အေးတို့က လူ့အခွင့်အရေးဆိုင်ရာ အမှုအခင်းတွေ ရင်ဆိုင် ထုတ်ဖော်လာတာတွေ ရှိလာတယ်။ မီဒီယာတွေမှာ အထူးသဖြင့် ပြည်ပရေဒီယိုတွေမှာ ပြည်တွင်းကနေပြီး အစိုးရကို ပြန်ဝေဖန်တဲ့သူတွေ ရှိလာတယ်။ လူထုဒေါ်အမာတို့လို လူထုဦးစိန်ဝင်းတို့ကိုယ်တိုင်က မြန်မာပြည်အရေးကို ပြောဆိုမှုတွေ အများကြီးပဲ။ နောက်တော့ ကိုဇာဂနာက စစ်အစိုးရကို ဝေဖန်လို့ဆိုပြီး အပိတ်ခံရတယ်။ ဒါတွေဟာ တယောက်တလက်နိုင်ငံရေးလှုပ်ရှားမှုတွေ လို့ ပြောရမယ် ထင်တယ်။ အော် နောက်ပြီးတော့ ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း လှုပ်ရှားမှုတွေလည်း လူငယ်တွေက စိတ်ဝင်စားကြတယ်ဗျ။
ဟုတ်ကဲ့ပါဆရာ။ နောက်တခု ထပ်ပြောချင်တာက အင်တာနက်ဆက်သွယ်ရေးက မွေးဖွားလိုက်တဲ့ လှိုင်းသစ်ပေါ့နော်။ ဘလော့ဂ်တွေ၊ ဇော်ဂျီဖောင့်နဲ့ အင်တာနက်မှာ တိုက်ရိုက် မြန်မာလို ရေးသားလာကြတာတွေက အစပျိုးနေပြီလေ။ ၂၀၀၇ မတိုင်ခင်ကတည်းက လူငယ်တွေကိုယ်တိုင်က သူုတို့ ခံစားချက်တွေ အတွေးအမြင်တွေကို လွတ်လပ်စွာ ဖော်ထုတ် တင်ပြတာတွေ၊ ဆွေးနွေး ငြင်းခုံကြတာတွေ ရှိလာနေပြီလို့ ပြောလို့ ရမယ် ထင်တယ် ဆရာ။
ဟုတ်တယ်။ ခင်ဗျားတို့ ၂၀၀၇ မှာ ရွှေဝါရောင် တော်လှန်ရေးဖြစ်လာတာကို ခင်ဗျားတို့ မျှော်လင့်ထားသလား။ ဆူးလေးဘုရားလမ်းမကြီးမှာ သံဃာတော်တွေက မေတ္တာသုတ်တွေ ရွတ်ဆိုပြီး ကြွချီလာကြတယ်။ မျိုးဆက်သစ်လူငယ်တွေက ဘေးကနေ လက်တွေ စီတန်း ချိတ်လို့ လိုက်ပါလာတာဗျာ။ ကျနော်တို့မှာ ကြက်သီးတွေ တဖြန်းဖြန်းထတယ်။ ရင်ထဲမှာ တုန်လိုက်တာလေ။ မြန်မာပြည်ကြီးအတွက် ငြိမ်းချမ်းစွာနဲ့ အသွင်ကူးပြောင်းမယ်၊ အမျိုးသားပြန်လည် ရင်ကြားစေ့မယ်၊ ညီညွတ်ကြတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ အရမ်းကို မြင့်မားလာခဲ့တယ်လေ။
ဒါပေမယ့် ကျနော်တို့ မျက်စိရှေ့မှာ ဂျပန်သတင်းထောက် ကို စစ်အုပ်စုက ပစ်သတ်လိုက်တယ်။ သတင်းတွေကလည်း ဘယ်လောက်မြန်သလဲဆိုရင် ကျနော်တို့က ရန်ကုန်မှာ မျက်ဝါးထင်ထင် တွေ့နေရသလိုမျိုး အင်တာနက်မှာ သတင်းတွေ တက်နေပြီ။ မြန်မာပြည်အနှံ့ကလူတွေက အယ်ဂျာဇီးရားက သတင်းတွေကို ကြည့်နေရပြီ။
ဒါပေမယ့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ချေမှုန်းခဲ့သလိုမျိုးပဲ၊ အခုပေါ်ထွက်လာတဲ့ ရွှေဝါရောင်တော်လှန်ရေးက အင်အားစုတွေ၊ လှုပ်ရှားမှုတွေကို ချေမှုန်းခဲ့တာ ဖြစ်တယ် လို့ ပြောချင်ပါတယ်။ ပြောချင်တာ တခုက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တောင်းဆိုနေတာတွေက တိုင်းပြည်ကို ပျက်စီးစေတဲ့ ဆူးညှောင့်ခလုပ်တွေမို့လို့ စစ်အုပ်စုက ဖယ်ရှားပစ်လိုက်တာလားလို့ မေးချင်စရာဖြစ်လာတယ်။
တကယ်တမ်းကတော့ ဆရာရယ်၊ ကျနော်တို့မြင်တာကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေကို အဲသည်တုန်းက စစ်အုပ်စုက သြဂုတ်လ လောင်စာဆီအရေးအခင်းမှာ ဖမ်းတယ်။ စုစုနွေးတို့၊ ကိုထင်ကျော်တို့လူတွေကို ဖမ်းတယ်။ စက်တင်ဘာ ရွှေဝါရောင်မှာ ဘုန်းကြီးကျောင်းတွေကို စီး၊ သံဃာတွေကို နှင်ထုတ်၊ ရွှေဝါရောင်အရေးအခင်းကြောင့် လူတွေ၊ သံဃာတွေဟာ တိုင်းတပါးအထိ ထွက်ပြေးကြရတယ်။ ကိုကျော်သူတို့၊ ဖြူဖြူသင်းတို့၊ သန်းမြင့်အောင်တို့ကို ရန်ရှာတယ်။ ပိတ်ဆို့တယ်။ ကိုဇာဂနာကို တွေ့ဆုံဆွေးနွေးတယ် ဆိုပြီး ခေါ်ယူ ထိန်းသိမ်းလိုက်တယ်။ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ၊ လူငယ်တွေ၊ ဘုန်းကြီးတွေကို ၂၀၀၈ မှာ ထောင်ဒဏ် နှစ် ရှည်တွေ ချတယ်။ ဒါတွေကို ပြောမယ်ဆိုရင် ဆုံးမယ် မထင်ပါဘူး။ ဒါပေမယ့် အဲသည်မှာ တယောက်တလက် နိုင်ငံရေးက တကယ်တန်းမှာ ဘယ်ကိုပဲ လမ်းကို ဦးတည်သလဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီကိုပဲ အားလုံးရဲ့ အာရုံက ပြန်ရောက်သွားတယ် မဟုတ်လား ဆရာ။ နိုင်ငံရဲ့ အဖြေဟာ နိုင်ငံရေးအကြပ်အတည်းရဲ့ ထွက်ပေါက်က ဒေါ်အောင်ဆန်းစုကြည် ပတ်သက်မှုကိုပဲ ပြန်ဦးတည်တယ် မဟုတ်လား။
၂၀၀၇ မျိုးဆက်တွေကို အမှတ်ရတာ ပြောရရင် သူတို့ဟာ အသက် ၂၀ နဲ့ ၃၀ ကြား ကလေးတွေ၊ လူငယ်လေးတွေ ဖြစ်တယ်။ ၈၈ အရေးအခင်းတုန်းက သူတို့က မွေးခါစ၊ သို့မဟုတ် ငယ်ငယ်ပဲ ရှိဦးမယ်။ သူတို့မျိုးဆက်က သံဃာ့အရေးအခင်းမှာ ပထမဦးဆုံး သံဃာတွေကို လက်ဆင့်ကမ်းချိတ်ပြီး ချီတက်လာတယ်။ ဒါဟာ စစ်အစိုးရကို သူတို့အနေနဲ့ ပထမဦးဆုံး ဆန့်ကျင်ကန့်ကွက်တဲ့ အတွေ့အကြုံပဲ။ ဒါပေမယ့် သူတို့ ဘာဆက်လုပ်ရမှန်းမသိဘူး။ ဘာဆက်လုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းက အချင်းချင်းကြားမှာ မေးကြတယ်။ ပြည်ပက အဆက်အသွယ်တွေကိုလည်း မေးမြန်းကြတယ်။ သူတို့အသိုင်းအ၀ိုင်းမှာ တကယ်တန်းကျတော့ ဒီကနေ ဘယ်ဆက်လုပ်ရမယ် ဆိုတာက အဖြေမရှိဘူး။
အဲသည်မှာ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း ဘာမှ ပတ်သက်လာတာမျိုး မရှိဘူးလေ။ ဒီတော့ နောက်ဆုံးမှာ ချီတက်ကြရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရတဲ့ အိမ်ကို သံဃာတော်တွေ၊ လူငယ်တွေ ရောက်သွားတယ်။ အဲဒါဟာ ရွှေဝါရောင်အရေးတော်ပုံရဲ့ ထွက်ပေါက်ဆိုတာရဲ့ နမိတ်ပုံပဲ လို့ ပြောကြရမယ်။
ဒီလိုနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ နိုင်ငံတကာအလယ်မှာ ဖြေရှင်းရဖို့ ဖြစ်လာတော့ ပြည်သူတွေ ကိုယ်တိုင်က၊ ဒေါ်အောင်ဆန်းစုကြည်ဆီကို သံဃာတော်တွေနဲ့ ရွှေဝါရောင်တုန်းက ချီတက်ခဲ့သလိုမျိုး၊ နိုင်ငံတကာက ဒီအရေးအခင်းမှာ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့က ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးတည်ခဲ့တာကို တွေ့ရပါတယ်။ စစ်အုပ်စုက ဗိုလ်အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်တယ်။ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ပေးတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားကို နိုင်ငံတကာကို ထပ်ဆင့် ဖြန့်ချိတယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဒေါ်စုက မြန်မာပြည်အရေးကို ဖြေရှင်းဖို့ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ ထုတ်ဖော်ပြောဆိုတာတွေ ရှိလာတယ်လေ။
ဒါပေမယ့် ဒေါ်စုဟာ ပြည်သူလူထုအတွက် တိုင်းပြည်အတွက် အဖြေရှာနိုင်ဖို့ လိုအပ်ချက်ဖြစ်တယ်။ ဆူးညှောင့်ခလုတ်မဟုတ်ဘူးဆိုတာ အဲသည်မှာ ပေါ်လွင်လာတယ်လို့ ပြောချင်ပါတယ်။
ကဲ … ဒီမှာ ခဏ နားကြပါစို့ဗျာ။ ကျနော်တို့ ရန်ကုန်မှာက ဖုံးတွေကို အကြာကြီး ဒါမျိုး ပြောလို့ သိပ်ကောင်းတာ မဟုတ်ဘူး။
သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ
ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ပြည်ထောင်စုဖြိုခွဲသူလား
မိုးမခ
နိုဝင်ဘာ ၂၆၊ ၂၀၁၀
ဒီတပတ်မှာ သတင်းစာဆရာတဦးနဲ့ စကားလက်ဆုံမှာတော့ ၂၀၀၇ နောက်ပိုင်း အခြေအနေတွေကို တွေ့မိမြင်မိသလောက် ပြောဆိုဖြစ်တာတွေ ဖြစ်ပါတယ်။
အယင်က စကားဆက်ကို ပြန်ကောက်ရရင်တော့ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ နိုင်ငံတကာဖိအားတွေအရ ပြည်တွင်းက လူထုရဲ့ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာတာကြောင့် စစ်အစိုးရက ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပေးတာတွေ လုပ်လာတယ်။ အဲသည်မှာလည်း ဒေါ်စုနဲ့လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။ အဲသည်မှာလည်းပဲ လူထုက ဘာမှ မသိရှိရတဲ့ လျို့ဝှက်ဆွေးနွေးပွဲတွေပဲ ဖြစ်တာပဲ မဟုတ်လား။
ဟုတ်ပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းကြောင့် နိုင်ငံတကာဖိအားတွေ၊ ပြည်တွင်းနိုင်ငံရေး တင်းမာမှုတွေကို ဖြေရှင်းနိုင်တဲ့သူ၊ မျှော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်။ စစ်အစိုးရကိုယ်တိုင်ကလည်း တွေ့ဆုံတယ်။ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးနေတာတွေက ဘာမှ သတင်းထုတ်ပြန်မှုတွေ ၂ ဖက်စလုံးဆီက လူထုက မကြားသိရဘူး။ နောက်တော့ ဗိုလ်သန်းရွှေက ဒေါ်စုနဲ့ တွေ့ဖို့ကို ကြိုတင်သတ်မှတ်ချက်တွေ ချလိုက်တာက တွေ့ဆုံရေးကို ပျက်ပြားသွားစေတယ်။
ဟုတ်ကဲ့။ ၂၀၀၇ အောက်တိုဘာမှာ ဗိုလ်သန်းရွှေက ဒေါ်စုသည် တိုင်းပြည်ကို ပျက်စီးစေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး၊ နောက် ထိပ်တိုက်ရင်ဆိုင်ရေးသဘောထားတွေကို စွန့်လွှတ်ကြောင်း ကြေငြာမှသာလျင် သူက ဒေါ်စုနဲ့ တွေ့ဆုံမယ်လို့ ပြောလိုက်တာ မဟုတ်လား ဆရာ။
ဟုတ်တယ်။ အဲသည်နောက်မှာ စစ်အစိုးရက အမျိုးသားညီလာခံရဲ့ ရလဒ် အခြေခံဥပဒေဥပဒေကို လူထုဆန္ဒမဲခံယူပြီးတော့ အတည်ပြုချက် ခံယူတော့မယ်ဆိုပြီး လုပ်လာတယ်။ အဲသည်မှာ ပြည်တွင်း ပြည်ပမှာ သဘောထားတွေ မျိုးစုံပေါ်ပေါက်လာတယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ထူးခြားတဲ့ ထုတ်ဖော်ပြောဆိုမှု မလုပ်နိုင်ဘူး။ ဒေါ်စုကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီကနေပြီး တဆင့် ထုတ်ဖော်ပြောဆိုမှုတွေ လုပ်နေတာထက် တကိုယ်တော်နိုင်ငံရေးအလုပ်တွေ၊ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်လာတယ်လို့ ထင်တယ်။ ဥပမာ – ကုလကိုယ်စားလှယ် ဂမ်ဘာရီကနေတဆင့် စာရေးသားပြီး ခုနင်ကပြောသလို ပြည်သူတွေ၊ တိုင်းရင်းသားတွေကသာ လက်ခံတယ်ဆိုရင် ကျမက ဆောင်ရွက်ပါ့မယ် ဆိုတာမျိုး ပြောလာတာ။ ခြံရှေ့က တံခါးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ချိတ်ဆွဲထားတာတွေ။
ဟုတ်ကဲ့။ အဲသည်အချိန်တုန်းက ပြည်တွင်းက တယောက်တလက်နိုင်ငံရေး အင်အားစုတွေကြားမှာ မဲပေးရေး၊ မပေးရေး လှုပ်ရှားမှုတွေ၊ ဆွေးနွေးချက်တွေ ပေါ်လာတယ်။ ကိုဇာဂနာကလည်း အဲသည်တုန်းက အပြင်မှာ ရှိနေသေးတယ်။ တချို့က ကန့်ကွက်မဲပေးမယ်။ တချို့က မဲမပေးဘူး။ ဒါမျိုး ကွဲလွဲကြတယ် မဟုတ်လား ဆရာ။ ပြည်တွင်းမှာ ကန့်ကွက်မဲပေးဖို့ လှုပ်ရှားကြတယ် ထင်တယ်။ Vote No လှုပ်ရှားမှု …
ဟုတ်ပါတယ်။ ဒေါ်စုက ကန့်ကွက်မဲပေးမယ်လို့ ပြောတယ်ဆိုပြီး သတင်းထွက်လာတယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတာက အမျိုးသားညီလာခံကနေ ပြည်သူတွေဆန္ဒမပါဘဲ စစ်အာဏာရှင်အလိုကျ ရေးဆွဲတာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ကန့်ကွက်မဲ ထည့်မယ်။ Vote No လို့ ပြောတယ် ဆိုပြီး သတင်းဖြစ်တယ်။ အပြင်မှာ အခု ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံသင့် မခံသင့် အင်န်အယ်ဒီက ဆုံးဖြတ်ချိန် ဒေါ်စုက ဗူးသီးကြီးပေးလိုက်တယ် ဆိုသလိုမျိုး ဟိုးလေးတကျော် မဖြစ်ခဲ့ဘူး။ အဲသည်တုန်းကလည်း တယောက်တလက် နိုင်ငံရေးလှုပ်ရှားမှုပဲ။ ဒေါ်စုကိုယ်တိုင်ကလည်း သူတဦးတည်း သဘောအဖြစ် ကန့်ကွက်မဲပေးတယ်လို့ ပဲ လူတွေက နားလည်တယ်။ အားလုံးကို လုပ်ခိုင်းတယ်လို့ သိပ်မမြင်ခဲ့ကြဘူး ထင်ပါတယ်။
ဟုတ်ကဲ့။ အဲသည်တုန်းက ပြန်ကြည့်မယ်ဆိုရင် ၂၀၀၇ မှ သံဃာအရေးအခင်းဖြစ်တယ်။ ဒေါ်စုကို စစ်အစိုးရက ဟန်ပြ ပွဲထုတ်တယ်။ ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းမယ်ဆိုပြီးတော့ သူတို့စိတ်ကြိုက် ရှေ့တိုးလာတယ်လို့ ပြောရင် ရမှာလား။ အဲသည်အချိန်မှာတုန်းက တချို့က ပြောတာကတော့ ၂၀၀၇ သံဃာ့အရေးအခင်းအကြောင်းပြုပြီး ၂၀၀၈ အခြေခံဥပဒေ အတည်ပြုခွင့်ရသွားတယ်။ စစ်အစိုးရဖက်က နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပိုမို လျင်မြန်လာတယ် ဆိုပြီး အကောင်းမြင်ကြတဲ့ သူတွေလည်း ရှိလာတယ် မဟုတ်လား။
ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းတို့၊ ဦးကြည်ဝင်းတို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်တွေ ရပါတယ်။ ဒါပေမယ့် သူတို့တွေက အင်န်အယ်ဒီခေါင်းဆောင်ပိုင်းတွေက မဟုတ်တော့ ပြည်သူတွေ သိရှိနိုင်တဲ့ သတင်းစကားတွေကို ထုတ်ပြန်နိုင်ဖို့က အရမ်းမဖြစ်နိုင်ဘူး ထင်တယ်လေ။ ဘာပဲပြောပြော ၂၀၀၈ မှာ အခြေခံဥပဒေအတည်ပြုဖို့ ဆန္ဒခံယူပွဲ ကျင်းပလိုက်တယ်။ အဲသည်မှာလည်းပဲ နာဂစ်မုန်တိုင်းကြီး ကျတယ်။ ပြည်သူတွေကလည်း လက်ရှိသူတို့ရှိနေတဲ့ အနေအထားအတိုင်း တယောက်တလက်၊ ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ကြိုးစားတယ်။ အဲသည်မှာ လူတွေရဲ့ ကြားထဲမှာ ထင်ရှားတာက ကိုကျော်သူတို့၊ ကိုဇာဂနာတို့ရဲ့ ဦးဆောင်တဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ဒေသအလိုက် နယ်ပယ်အလိုက် ဆရာတော်တွေ ဦးဆောင်မှုတွေနောက်လိုက်ပြီး လှုပ်ရှားကြတယ်လို့ ထင်ပါတယ်။
ဟုတ်ကဲ့။ အဲသည်မှာ ဖြည့်ပြီးပြောချင်တာတခုက ဒေါ်စုနဲ့ ၂၀၀၇ နှောင်းပိုင်းမှာ စစ်အစိုးရက ခေါ်ယူတွေ့ဆုံဖို့ ဆောင်ရွက်ခဲ့သလိုပဲ ကိုဇာဂနာကိုလည်း စစ်အစိုးရက ခေါ်ယူတွေ့ဆုံတာတွေ ရှိပါတယ်။ ကိုဇာဂနာကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ဖြစ်ထွန်းမှုတွေကို ထုတ်မပြောခဲ့ဘူး။ ဒေါ်စုနဲ့တောင် ကိုဇာဂနာကိုယ်တိုင် စစ်အစိုးရတွေရဲ့ တွေ့ဆုံမှုတခုမှာ အ၀င်အထွက် တွေ့ခဲ့ကြသေးတယ်လို့ ပြောတယ်။ ကိုဇာဂနာကို ဒေါ်စုက အမှာစကားတခုပြောခဲ့တဲ့နေရာမှာ ကိုဇာဂနာက အမျိုးသားရေးကို လုပ်ကိုင်လာတဲ့ဆီမှာ ပြည်သူတွေရဲ့ အသံနဲ့ ခံစားချက်ကို ကိုယ်စားပြုသူတဦးအဖြစ် ရပ်တည်သွားပါလို့ မှာသွားခဲ့တယ်လို့ ကျနော်တို့ ကြားသိခဲ့ရပါတယ်။ သို့သော်လည်း ကိုဇာဂနာနဲ့ စစ်အစိုးရလူတွေ ဘယ်လိုပဲ အ၀င်အထွက် ရှိရှိ နောက်ဆုံးမှာ နာဂစ်အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုဇာဂနာက စစ်အစိုးရကို ဝေဖန်ပြစ်တင်တာတွေ လုပ်လာလို့ဆိုပြီးတော့ ကိုဇာဂနာကို ထောင်ဒဏ် အနှစ် ၆၀ ကျော်ချပြီး အရေးယူပစ်လိုက်တယ် မဟုတ်လား ဆရာ။
ဟုတ်ပါတယ်။ ဗိုလ်သန်းရွှေက ဒေါ်စုဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်ရေးတွေကို စွန့်လွှတ်မယ့်သူ မဟုတ်ဘူး၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးခြင်း မဖြစ်မြောက်ဘူး။ ဒီလိုအချက်တွေကြောင့် စစ်အစိုးရအနေနဲ့ တိုင်းပြည်ကြီး ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားအတွက်က ၂၀၀၈ အခြေခံဥပဒေကို ၀ိုင်းပြီး အတည်ပြုကြပြီးတော့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ကြဖို့ ဆိုပြီးတော့ ခြေလှမ်းလိုက်တာ ဖြစ်တယ်။ ဒေါ်စုတို့ အင်န်အယ်ဒီတို့ရဲ့ အခမ်းကဏ္ဍကို ဖယ်ရှားလိုက်သလိုမျိုးတောင် ပြောချင် ရတယ်။ နာဂစ်မုန်တိုင်းဖြစ်လာတာက သူတို့အတွက် တဖက်က နိုင်ငံတကာမှာ အရှက်ရတာတွေ ရှိသော်လည်းပဲ သူတို့အတည်ပြုချင်တဲ့ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။ ပြည်တွင်း ပြည်ပက မဲဆန္ဒခံယူတာတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြောတဲ့ကြားကပဲ အတည်ပြုခဲ့တာ ဖြစ်တယ်။
ဟုတ်ကဲ့ပါဆရာ။ ဒါပေမယ့် နာဂစ်အရေးအခင်းအလွန်မှာ ဒေါ်စုကိုယ်တိုင်ကလည်း ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေတာတွေကို ၂၀၀၈ သြဂုတ်လမှာ ငြင်းပယ်လိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပတော့မယ့် အလားအလာက ပြည်တွင်းမှာ ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကလည်းပဲ ပြည်သူတွေက မည်သို့ပင် မျှော်လင့်နေစေကာမူ စစ်အစိုးရဘက်က အရေးယူပိတ်ဆို့မှုတွေကြောင့် ပြန်လည် မှေးမှိန်သွားတယ်လို့ ပြောရင် ရမယ်ထင်ပါတယ် ဆရာ။ ပြည်သူတွေထဲက တယောက်တလက်၊ ကိုယ်ထူကိုယ်ထနိုင်ငံရေးလှုပ်ရှားမှုတွေကိုယ်တိုင်လည်း စစ်အစိုးရရဲ့ စိန်ခေါ်မှု၊ ကန့်သတ်မှုတွေကြောင့် အေးစက်မှုတွေ ပြန်ဖြစ်လာတယ်လို့ ပြောရမလားပဲ။
ဟုတ်တယ်။ ဒါပေမယ့် ၂၀၀၈ စက်တင်ဘာမှာ ထောင်ဒဏ်အနှစ် ၂၀ နီးပါးကျခံနေရတဲ့ ဦးဝင်းတင် ပြန်လည် လွတ်မြောက်လာတယ်။ အဲသည်မှာ မြန်မာပြည်သူတွေ မျှော်လင့်နေသလိုပဲ ဆရာဦးဝင်းတင်ကိုယ်တိုင်က မီဒီယာတွေက တဆင့် သူ့သဘောထားတွေ အတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ အင်န်အယ်ဒီနဲ့တကွ နိုင်ငံရေး၊ စာပေစာနယ်ဇင်း အသိုင်းအ၀ိုင်းကြားမှာ သွားလာ လှုပ်ရှားပြီးတော့ ပြန်လည် နိုးထမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ပြောရင် ရမယ် ထင်ပါတယ်။ ဦးဝင်းတင် လွတ်မြောက်လာတဲ့အခါ အလုပ်လမ်းညွှန်တွေ၊ တွေးခေါ်မှုတွေ၊ လုပ်ငန်းစဉ်တွေ ပေးလာတယ် လို့ မြင်ပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလားအလာကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဆရာဦးဝင်းတင်တို့က ၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်း ထုတ်ပြန်လိုက်တယ်လေ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့၊ ဒေါ်စုနဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ကိုင်ဖို့ ဆိုတာတွေ ထုတ်ဖော်ပြောဆိုတဲ့ ရပ်တည်ချက်တွေလေ။
ဟုတ်ကဲ့ပါ ဆရာ။ ၂၀၀၉ မေမှာ ဒေါ်စုကို နိုင်ငံခြားသား ယက်တော နေအိမ်ထဲ ၀င်ရောက်တာနဲ့ စစ်အစိုးရက အင်းစိန်ထောင်ကို ဖမ်းဆီးအရေးယူခဲ့တယ်။ ဦးဝင်းတင်နဲ့ အယ်န်အယ်ဒီပါတီဝင်တွေက အင်းစိန်ထောင်ရှေ့မှာ လူထုဆန္ဒကို ထုတ်ဖော်ပြသဖို့ ကြိုးစားတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း ပါတီက ဥပဒေပညာရှင်တွေနဲ့ တွဲပြီးတော့ စစ်အစိုးရကို တရားဥပဒေကြောင်းထဲက ရင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေဟာ ၂၀၀၉ ရဲ့ ထင်ရှားမှုတွေပဲ။ နိုင်ငံတကာနဲ့ ပြည်တွင်းက သဘောထားတွေ၊ လှုပ်ရှားမှုတွေက ဒေါ်စုရဲ့ အမှုကိစ္စမှာ တသားတည်း၊ တသံတည်း ရပ်တည်မှုတွေက ထင်ရှားနေတာကြောင့် နောက်တော့ ဒေါ်စုကို အကျယ်ချုပ် ၁၈ လ ချမှတ်ပြီး အရေးယူလိုက်တယ် မဟုတ်လား ဆရာ။ ဒီအကျယ်ချုပ် ချမှတ်မှုဟာ စစ်အစိုးကျင်းပလိုတဲ့ ရွေးကောက်ပွဲအတွက် ဒေါ်စုနဲ့ အင်န်အယ်ဒီရဲ့ အခမ်းကဏ္ဍကို ကြိုတင်ကန့်သတ်မှုတခု မဟုတ်လားဆရာ။
အဲသလို ပြောမယ်ဆိုရင် ပြောလို့ ရမယ် ထင်ပါတယ်။ အဲသည်နောက်မှာ ၂၀၁၀ နှစ်ဆန်းမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ စစ်အစိုးရ ကြေညာလိုက်တာတွေ၊ အင်န်အယ်ဒီထဲကနေ တချို့က ပဲ့ထွက်လာပြီးတော့ ရွေးကောက်ပွဲ ၀င်လာကြတာတွေ့၊ ဒါတွေကို ဒေါ်စုကော၊ အင်န်အယ်ဒီပါတီဝင်တွေကော၊ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့တွေက ဘယ်လို ရင်ဆိုင်ခဲ့ကြတယ် ဆိုတာကတော့ ခင်ဗျားတို့ရဲ့ အင်တာဗျူးတွေမှာ ဆရာဦးဝင်းတင်က အသေးစိတ်ပြောခဲ့ပြီပဲလေ။ အခုလက်ငင်းအခြေအနေတွေကိုလည်း စာဖတ်ပရိသတ်က သိနေပြီ ဖြစ်မှတော့ ဒါကို ဒီမှာပဲ တခန်းရပ်လိုက်ရင် ကောင်းမယ် ထင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ။ အခုအချိန်မှာတော့ဖြင့် စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၂၀၀၈ အခြေခံဥပဒေတွေ၊ ၂၀၁၀ ရွေးကောက်ပွဲတွေနဲ့ စစ်အာဏာရှင်အလိုကျ ပြည်ထောင်စုကြီး ထူထောင်ဖို့ အရေးကနေပြီး အခုအချိန်မှာ ဒေါ်စုနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံရေး အင်အားစုတွေရဲ့ နိုင်ငံရေးပေါင်းစည်းမှုနဲ့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးက ပြန်လည်နိုးထလာပြီလို့ ပြောရင်းနဲ့ တခန်းရပ်လိုက်ပါမယ် ဆရာရေ။