(မိုးမခ) ဇူလိုင် ၂၅၊ ၂ဝ၁၈
ဒီနေ့မှ အိမ်ကပ်မိပြီး လှံစွပ် (Bayonet) နဲ့ တယောကို သတိတရဖြစ်မိတယ်။ တယောက ကျုပ်အဖေ လူပျိုဘဝ အသည်း နုတဲ့ကာလတုန်းက ထိုးခဲ့တဲ့တူရိယာ။ လှံစွပ်ကတော့ ဂျပန်နဲ့တွဲပြီး ဗြိတိသျှအင်ပါယာထဲကနေ လွတ်ဖို့ ကျွတ်ဖို့ တိုက်ကြ ခိုက်ကြတုန်းက ကျုပ်အဖေကို ဂျပန်စစ်ဗိုလ်က လက်ဆောင်ပေးခဲ့တာ။
အခု တယောနဲ့ လှံစွပ်တွေချိတ်ထားတဲ့ကုဗ္ဘီးတိုင်မှာ လှံစွပ်ကို မတွေ့ရဘူး။ တယောကတော့ သူ့ဘိုးတံလေးနဲ့ သူတွဲပြီ ကု ဗ္ဘီးတိုင်မှာ ငြိမ်ငြိမ်သက်သက်လေး ခိုနေတယ်။ ကျုပ်အဖေမှမထိုးရင် ဒီတယောကို ကျုပ်မျိုးဆက်မှာ ဘယ်သူမှထိုးမယ့်သူ မရှိတော့ပါဘူး။ အကြီးကောင်ကလည်း ဂီတာသာ တဂွမ်ဂွမ်တီးနေတာ။ ဒီတယောကို လှည့်တောင်မကြည့်ပါဘူး။ အလတ်ကောင်နဲ့အငယ်ကောင်ကတော့ ဘယ်လိုနေမယ်မသိသေးဘူး။
ဒါပေမဲ့ မျိုးဆက်အနေနဲ့ ချိတ်ဆက်ပြီး ပြောမယ့်သာ ပြောတာပါ၊ မျိုးရိုးလိုက်ပြီး ဝါသနာဗီဇပါတယ်မပါဘူး ပြောရလောက်အောင် ကျုပ်အဖေကလည်း စွဲစွဲမက်မက် ဝါသနာပါခဲ့တာ မဟုတ်လောက်ပါဘူး။ ကာလသားအရွယ်တုန်းကသာ ထိုးခဲ့တာ။ အမေနဲ့ အိမ်ထောင်ကျပြီးကတည်းက မထိုးတော့ဘူးလို့တော့ အမေပြောဖူးတယ်။ ကျုပ်လည်း အဖေတယောထိုးတာကို မမြင်ဖူးခဲ့ပါဘူး။ တကယ့် ဝါသနာမဟုတ်လို့လား၊ မလိုအပ်တော့လို့လား၊ ပြည်တွင်းစစ်တွေနဲ့ မအားလပ်တော့လို့လား။ ဘာတွေလဲဆိုတာတော့ မသိဘူး။ မတွေးတတ်ဘူး။
ကျုပ်လည်း မထိုးတတ်ပါဘူး။ ဘိုးဘပိုင်လေးမို့ သာသိမ်းထား၊ ထိန်းထားတာပဲရှိတာ။ ထိုးတတ်လွန်းလို့ တမြတ်တနိုးထား ထားတာ မဟုတ်ပါဘူး။ ဗီဇအမွေရလို့ တယောထိုးဖို့ ရည်ရွယ်သိမ်းထားတာလည်း မဟုတ်ပါဘူး။ ဘိုးတံတောင် ဘယ်ဟာ အထက်၊ ဘယ်ဟာ လက်ရယ်လို့ သိတာမဟုတ်ပါဘူး။ တကယ်တော့ တယောမှမဟုတ်ပါဘူးလေ။ ဘယ်အနုပညာမျိုးမဆို ကျုပ်နဲ့တော့ ကမ္ဘာတခြားဆီမှာပါပဲ။
ဒီလိုအနုပညာကမ္ဘာခြားတယောလေးက ကု ဗ္ဘီးတိုင်မှာ ချိတ်ရက်နဲ့ တွဲလောင်းရှိနေသေးတယ်။ ဂျပန့်လှံစွပ်ကြီးသာ ဓားအိမ်ကော၊ ဓားကော နှစ်ခုစလုံး မတွေ့ရတော့တာ။ ဒါဘယ်အချိန်ကတည်းက မရှိတော့တာလဲ။ ကျုပ်လည်း သတိမထားမိခဲ့ဘူး။ ၈၈ လူထုအုံကြွမှုတွေ ဖြစ်နေတုန်းကတော့ ဒီလှံစွပ်ကိုအရံအတားအဖြစ်နဲ့ ထုတ်ကိုင်ခဲ့ဖူးတယ်။ ရပ်ကွက်တွေဆီ ဟိုရွာက တက်လာပြီ၊ ဒီရွာက လုတော့မယ်ဆိုတဲ့ ကောလဟာလတွေ ပလူပျံနေတုန်းကလည်းလှံစွပ်ကို တကိုင်ကိုင်နဲ့ နေခဲ့ဖူးပါတယ်။ ညညဆို ဘယ်လိုလူတွေမှန်း မသိတဲ့လူတွေက သံချောင်းတွေ တဒေါင်ဒေါင်ခေါက်၊ ဟိုရုံးဖျက်၊ ဒီအိမ်ဖြိုလုပ်နေကြတုန်း က ဒီဓားလေးကို ကိုယ်နဲ့ကွာပြီး မထားရဲခဲ့ဘူး။ လက်ထဲ တဆဆရယ်။
ငြိမ်ငြိမ်သက်သက်ဖြစ်သွားတော့မှသာ သူ့နေရာသူ ပြန်ချိတ်ပြီးထားလိုက်တာ။ နောက်ထပ်ထပ်ပြီး မပတ်သက်မိတော့ဘူး။ အဲ့လို သတိမမူဂူမမြင်ပဲ နေလာလိုက်တာ၊ ဒီနေ့မှ ဘာရယ် မဟုတ်ဘဲ တယောနဲ့လှံစွပ်က စိတ်ထဲရောက်လာတာ။ အဲ့ကျမှ ဓားမရှိဘူးလို့  သိလိုက်ရတာ။ ဘယ်သူကိုင်ပြီး ဘယ်သူယူတာလဲ။ အကြီးကောင်လား အလတ်ကောင်လား။
ကျုပ်ကလည်း အိမ်မှာ ကပ်တယ်လို့မရှိတော့ အိမ်မှာ ဘာတွေဖြစ်နေသလဲဆိုတာလည်း မသိရဘူးပေါ့။ အိမ်မှာလည်း ကပ်ချင်၊နေချင်တဲ့စိတ်ကို မရှိပါဘူး။ဘိုးဘပိုင် အိမ်ကြီးကို ရောင်းစားပစ်လိုက်ရပြီး၊ ဒီအိမ်လေးဝယ်ပြီး နေနေကတည်းက ကျုပ် အိမ်မကပ်ဖြစ်တာ။ အိမ်သစ်မှာ မနေချင်တာလည်းပါတယ်။ အိမ်သစ်မှာ နေရတိုင်းအိမ်ဟောင်းကို သတိတွေ ရမိနေမိတာ လည်း ပါတယ်တယ်။ နှမျှောနေမိတာလည်း ပါတယ်။ နောင်တရနေမိတာလည်း ပါတယ်။ ပြန်ရဖို့ကြိုးစားနေတာလည်း ပါ တယ်။
အဲ့ဒီ့အိမ်ကြီးရောင်းစားပစ်လိုက်ရတာကို ကျုပ် လိပ်ပြာမလုံပါဘူး။ တကယ်တမ်းက အိမ်ကြီးက ကျုပ်တို့ မောင်နှမတွေ ပိုင်ကြတာလေ။ ဒါပေမယ့် မောင်နှမတွေအားလုံးရဲ့ သဘောဆန္ဒမပါဘဲ ကျုပ်ရောင်းစားပစ်ခဲ့တယ်။ ကျုပ်အစ်ကိုတွေ၊ ညီမတွေအကြောင်းကို ကျုပ်ကောင်းကောင်းသိလို့လည်း ဒီလိုလုပ်မိတာပါတာပေါ့။ ရောင်းစားမှုအတွက် သူတို့ထဲက ဘယ်သူမှ ဘာမှပြောကြ၊ ကန့်ကွက်ကြမှာ မဟုတ်ဘူးဆိုတာ ကျုပ်သိနေတယ်။ တရားတဘောင်တွေ ပြုကြမှာလည်း မဟုတ်ပါဘူး။ ရပိုင်ခွင့် အမွေတွေခွဲပေးဖို့ တောင်းဆိုမှာလည်း မဟုတ်ပါဘူး။ ဒီအထင် မှန်တယ်။
ကျုပ်ထင်တဲ့အတိုင်းပါပဲ။ အိမ်ကြီးရောင်းစားပစ်ပြီ ကြားတော့လည်း သူတို့ ဒီအတိုင်းပုံမှန်ပါပဲ။ ကျုပ်ဆီလာပြီး ဆိုးတယ်လည်းမပြောဘူး။ အပြစ်လည်း မတင်ကြဘူး။ ညီမအငယ်ဆုံးတယောက်ပဲ ငါးသောင်းနဲ့ ရောင်းလိုက်တာကိုနည်းလို့ဆိုပြီး ဟိုမေး ဒီစုံစမ်းလုပ်ခဲ့တာ။ ဒီလောက်ပဲရှိပါတယ်။ ဒါကလည်း အိမ်ရောင်းစားပစ်လို့မဟုတ်ဘဲ တန်ရာတန်ကြေးမရလို့ဆိုတဲ့ သဘောနဲ့ လုပ်တာပါ။
ခုတော့ ဒီအလွဲသုံးစားလုပ်မိတာကို ယူကျုံးမရဖြစ်လို့ မဆုံးဘူး။ ကျုပ်လည်း အလွဲသုံးစားလုပ်ချင်လွန်းလို့ရယ်တော့ မဟုတ်ဘူးပေါ့လေ။မဖြစ်နိုင်တဲ့အဆုံး အမွေဆိုင်ကိုပဲ ဗုန်းလိုက်သလို လုပ်လိုက်ရတာပဲ။ သမဆိုင်ကငွေတွေနဲ့ ငွေစုငွေချေးကငွေတွေ သုံးထားမိတာက မနည်းလှဘူးလေ။
သမဆိုင်မှာ ကျုပ်က အတွင်းရေးမှူး၊ ငွေစုငွေချေးမှာလည်း ဒီရာထူးမို့ ငွေကလွယ်လွယ်တွေ့နေတယ်။ လွယ်လွယ်တွေ့နေ တဲ့ငွေ လွယ်လွယ်ယူသုံးမိတော့ ပြန်ဆပ်ရမယ့် အကြွေးတွေက ထပ်သွားတယ်။ နေ့စဉ် စားဝတ်နေရေးအပြင် အကြီးကောင် ဒေသကောလိပ်တက်တဲ့စရိတ်၊ အငယ်ကောင်နဲ့ အလတ်ကောင်တွေရဲ့ ကျောင်းစရိတ်တွေက ကျုပ်အတွက်တော့ မသေး ဘူး။ အစိုးရကျောင်းတခုတည်းဆိုရင်တော့ ကျောင်းစရိတ်ဆိုတာ မပြောပလောက်ဘူးပေါ့လေ။
ဒါပေမယ့် ကျောင်းနဲ့တင် စာတတ်မလာကြလို့ ကျူရှင်ပို့ရတာက ငွေအပိုကုန်နေတာ။ ပြီးတော့ ဒုက္ခိတညီ လေးထွန်းကြွယ်ကိုလည်း ကျွေးထားရသေးတော့ ကျုပ်လစာငွေဟာ မနိုင်ဝန်ထမ်းနေရတာ။ ဒီတော့လည်း တလတလ လိပ်ပတ်မလည်ဘဲ လိပ်ပက်လက်ချည်း လန်နေတော့တာပါပဲ။ ကျုပ်လစာက နည်းနည်းဆိုတော့။ ကျုပ်ရတဲ့ လစာငွေနဲ့ ဘယ်လိုမှမလောက်ငဘူး။ မနက်အစောစာ မုန့်ပျားသလက်၊ညစာ အကြော်စားဖို့ ကိုပဲ တော်တော်ဦးနှောက်ခြောက်ရတာ။ ဒီတော့ သမငွေတွေ၊ငွေစုငွေချေးတွေထဲကငွေတွေ ယူယူသုံးမိတာပေါ့။ လကုန်ပြန်ထည့်မယ်၊ ပြန်ထည့်မယ်နဲ့ ယူယူသုံးမိလိုက်တာ။ လကုန်ပေါင်းများလာတော့ ပြန်မထည့်နိုင်တော့ဘူး။ ဖဲ့ဆပ်လည်း ကျေဖို့မလွယ်ဘူး။ အငတ်ခံဆပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။
တရားဥပဒေဆိုတာမှာက လူမှုရေးရယ်လို့ သိအပ်၊ ရှိအပ်တာမှ မဟုတ်တော့ ပြန်မဆပ်နိုင်ရင် အလွဲသုံးစားမှုနဲ့ ထောင်ကျဖို့ပဲ ရှိတော့တယ်။ တခြားပေါင်နှံရောင်းချစရာ ရွှေတိုငွေစဆိုတာကလည်း အနတ္ထိတရားကို လက်ကိုင်ထားတာ။ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ကျုပ်တို့မိသားစုနေနေကြတဲ့ လက်ရှိဘိုးဘပိုင်အိမ်ကြီးကိုပဲ ရောင်းပစ်ဖို့ ဆုံးဖြတ်လိုက်ရတော့ တယ်။ ညီအစ်ကိုမောင်နှမတွေဘက်က ပြဿနာမရှာဘူးလို့သိနေတော့ အိမ်ရောင်းပြီး သမငွေတွေနဲ့ငွေစုငွေချေးက ငွေတွေကို အပြတ်ဆပ်လိုက်တယ်။ ပြဿနာရှာခဲ့ရင်လည်း မောင်နှမချင်းတွေမို့ တောင်းပန်ရမှာပဲ။ ဒါပေမဲ့ တအူထုံဆင်းတွေ ဆိုတော့ အစ်ကိုတွေ၊ ညီမတွေအကြောင်း ကျုပ်သိပါတယ်။ ဟင့်အင်းလုပ်မယ့်သူ တယောက်မှမရှိပါဘူး။ တကယ်လည်း မရှိခဲ့ပါဘူး။
အိမ်ရောင်းရတဲ့ငွေနဲ့ အကြွေးတွေဆပ်။ အလတ်ကောင်နဲ့အငယ် ကောင်တွေအတွက် ကြက်ဖစက်ဘီးလေးတစ်စီးဝယ်ပေးလိုက်တယ်။ နေဖို့ ထိုင်ဖို့အတွက်တော့ ကွက်သစ်က နှစ်သောင်းတန် ဒီဝိုင်းနဲ့ အိမ်လေးကိုဝယ်လိုက်တာ။ ဝယ်သာဝယ် လိုက်တာ ကျုပ်တို့မိသားတစုလုံး နေချင်လှချည်ရဲ့မဖြစ်ကြဘူး။ ဒါကြောင့် ဝယ်ပြီးပြီးချင်းတောင် သွားမနေဖြစ်ကြဘူး။ ရုံး မှာပဲ ကုပ်ကပ်နေနေကြသေးတာ။ နှစ်လလောက်ကြာမှ ပြောင်းရွှေ့ နေဖြစ်ကြတယ်။ ပြောင်းရွှေ့ပြီး၊ နေသားကျတော့ ကျုပ် အိမ်မကပ်တော့ဘူး။ အိမ်ဟောင်းကြီးကို သတိရတယ်။ ဆုံးရှုံးလိုက်ရတဲ့အိမ်ကြီးကို ပြန်ရအောင်လုပ်မယ်။
ပြန်ရအောင်လုပ်မယ်ဆိုတော့ သိန်းအောင်တို့နဲ့ တိုင်ပင်ရတာပေါ့။ သိန်းအောင်က မေးတယ်။
“ခင်ဗျားကို သူတို့ပြန်ရောင်းပေးပါတော့မလား”
“ရောင်းကတည်းက (၁) နှစ်အတွင်း ပြန်ဝယ်ရင် ရောင်းပေးမယ်လို့ပြောထားကြတာပါ”
ဒါဆိုလည်း ချဗျာ၊ကြာသလားလို့ တဲ့။
သိန်းအောင်တို့ ချဗျာ၊ ကြာသလားလို့ဆိုတာက လေးကောင်ဂျင်ပါ။ ဒီကောင်လုပ်တတ်တာကလည်း အဲ့ဒီ့ဂျင်ကစားတတ်တာပဲ ရှိပါတယ်။ ကျုပ်ကျွမ်းကျင်တဲ့ မေဂျာကလည်း အဲ့ဒီ့ဂျင်ပဲလေ။ ရောင်းလိုက်ရတဲ့အိမ်ကိုပြန်ဝယ်နိုင်ဖို့ကလည်း ဒီတလမ်းပဲမြင် တယ်။ ကျုပ်အတွက်လည်း ဒီတလမ်းပဲရှိတယ်။ ဒီလမ်းကိုလိုက်ဖို့၊ အိမ်ရောင်းပြီး ကြွေးဆပ်၊ လိုအပ်တာဝယ်ပေးပြီး ပိုတဲ့ ပိုက်ဆံတွေထဲက အရင်းတုတ်အဖြစ်သုံးမယ့် ပိုက်ဆံကို မိန်းမဆီကနေ တတိတတိနဲ့ တောင်းယူကစားဖြစ်တယ်။
နိုင်ပွဲကို မျှော်လင့်ပေမယ့် ရှုံးပွဲကြီးမှ အိမ်ပြန်လာဖြစ်တယ်။ မိန်းမကတော့ မျက်နှာငယ်လေးနဲ့ ကြိုရှာပါတယ်။ ပြန်လာတိုင်း၊ ငွေ ပါမလာပေမယ့်၊ ထွက်သွားတိုင်း အိမ်ကငွေ ပါပါသွားတတ်တာမို့ မိန်းမခမျာ ခြံပေါက်ဝမှာ ငေးငေးရီရီနဲ့ ကျန်နေရစ်ခဲ့တာ လည်း အကြိမ်ကြိမ်ပါပဲ။ ကျုပ်ကတော့ ငွေကုန်တဲ့အခါ ချေးငှားကစားတယ်။ အချေးအငှားများလို့ မရတော့တဲ့အခါကျ အိမ် ပြန်လာတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ဂျင်ဝိုင်းရှိရာနေရာမှာပဲ အိမ်လုပ်နေခဲ့တယ်။
အခု ငွေကုန်လို့အိမ်ပြန်လာတာ။ အိမ်မှာလည်း ငွေတပြားမှမရှိတော့ဘူး။ အငယ်ကောင်တွေစီးဖို့ဝယ်ပေးထားတဲ့ စက်ဘီး လည်း ပြီးခဲ့တဲ့လကတည်းက ဂျင်ဝိုင်းမှာ ထား ထားခဲ့ရပြီ။ အဲ့ဒါကိုတော့ ရုံးကယူလာတဲ့ မောင် ဗမာစက်ဘီးစုတ်ကလေးနဲ့ ဝမ်းချပေးထားရတယ်။ စက်ဘီးက တော်တော်စုတ်နေပေမယ့် ကျေနပ်ကြလို့ တော်သေးတယ်။
ထပ်ကစားဖို့ ပိုက်ဆံသာ ကြံဖန်မရဖြစ်နေတာ။ ဘယ်ပိုက်ဆံနဲ့ကစားရမလဲ။ ဒါကိုပဲ မိုးလင်း၊ မိုးချုပ် ကျုပ်တွေးနေတယ်။ အဲ့ဒါတွေ တွေးရင်း အကြံထုတ်ရင်း နေနည်းနည်း မြင့်တဲ့အထိမထသေးဘဲ အိပ်ရာထဲ လှဲနေလိုက်တယ်။ နောက်ဆုံးတော့ ပြန်ဆပ်ထားတဲ့ ငွေဆုငွေချေးငွေတွေကိုပဲ ကျုပ်စဉ်းစားလို့ရခဲ့တယ်။ ကျုပ်ဆပ်ထားတာ၊ကျုပ်မှာ ကြွေးရှင်းနေသေးတာပဲ။ နည်းနည်းလောက်ယူပြီး ရင်းလိုက်လို့ နိုင်လိုက်ရင် … ။
ဒီအတွေးအဆုံးမှာ တက်တက်ကြွကြွနဲ့ အိပ်ရာက ကျုပ်ထလိုက်တယ်။ အဲ့ဒီ့ အထ၊ ခုတင်ပေါ်ကနေ ခြေတွဲလောင်းအချမှာ ကုဗ္ဘီးတိုင်ကိုကြည့်မိသွားတာ။ တယောကို တွေ့တယ်။ လှံစွပ်က မရှိဘူး။ ဘယ်ရောက်သွားလဲ။ ဘယ်သူ့လက်ချက်လဲ။ ယူဆော့ပြီး ပြန် မထားတာလား။ ဘာလုပ်ပစ်လိုက်ကြတာလဲ။ ပျောက်သွားပြီလား။
အခန်းထဲက အထွက်မှာ အလတ်ကောင် အိမ်ပေါ်တက်လာတာကို တွေ့ လို့ ဆီးမေးလိုက်တယ်။
“သားရေ လှံစွပ်ကြီးကော။ အဖေ မတွေ့မိဘူး”