ကျော်ကျော် (မြရည်စမ်း) ● တွေးမိသော နေ့တစ်နေ့
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၈
၁။
ကျွန်တော်၏ အတွေးများသည် စာပေဟောပြောပွဲအတွက် ပြင်ဆင်နေကြသူများကို ကြည့်နေရင်း အတိတ်သို့ရောက်သွားမိသည်။ စာရေးဆရာဒါရိုက်တာရုပ်ရှင်မင်းသားဗိုလ်ဗကိုသည် ရခိုင်ပုဆိုးအနီရဲရဲ၊ တက်ထရက်တိုက်ပုံ အဖြူဆွတ်ဆွတ်နှင့်ဖြစ်ပြီး စာရေးဆရာကြီးစိန်ခင်မောင်ရီက နေမကောင်းပျောက်စဟုဆိုကာ လောင်းကုတ်ရှည်ကြီးဝတ်ဆင်ထား သည်။ စာရေးဆရာကြီးဦးအောင်သင်းကတော့ တိုက်ပုံအင်္ကျီအညိုရောင်လေးနှင့်ဖြစ်ပြီး ပုဆိုးအရောင်ကိုမူ မမှတ်မိတော့ ပါ။
အထိမ်းအမှတ်အဖြစ်ကျင်းပသည့် စာပေပြိုင်ပွဲများမှ ဆုရရှိသူများကို စာရေးဆရာကြီးများကိုယ်တိုင် ပေးအပ်ချီးမြှင့်သည်။ ဆုပေးပွဲပြီးတော့ ဟောပြောပွဲအခမ်းအနားစတင်သည်။
စာရေးဆရာဗိုလ်ဗကို ပြောဟောနေသည့် ရုပ်ရှင်မင်းသားကျော်ဟိန်းနှင့် မင်းသမီးစန္ဒာအကြောင်းကို ပရိသတ်က စိတ်ဝင်တစားနားထောင်နေကြသည်။ ကျော်ဟိန်းလမ်းလျှောက်ပုံကို ‘ပေါင်ကြားထဲ အုန်းသီးကြီးညှပ်ထားသလိုပဲ’ ဟုမြင်သာအောင်ပြောသောအခါ တဝါးဝါးနှင့် သြဘာပေးကြသည်။ မင်းသမီးစန္ဒာအကြောင်း ပြောပြသောအခါ သနားဂရုဏာသက်ကြပြန်သည်။ ဆရာစိန်ခင်မောင်ရီကတော့ ဘာသာပြန်ရသစာပေအကြောင်း ပြောပြီး သူဘာသာပြန်ခဲ့ဖူးသည့် အနာတဟန် ဝတ္ထုရှည်အကြောင်းကို စကားဆက်သည်။ ပရိသတ်က တိတ်ဆိတ်ငြိမ်သက်စွာ ရသရေလျဉ်မှာ မျှောနေကြသည်။ ဆရာဦးအောင်သင်း ကတော့ လူငယ်တွေကို ဦးတည်ချက်ထားပြီး ဟောပြောသွားပါသည်။
“တစ်ဆင့်ထက်တစ်ဆင့် မြင့်မလာဘဲ နိမ့်သွားကြရင် မြေကြီးထဲရောက်ကုန်မှာပေါ့” ဟူသည့် စကားကို ယနေ့ထက်တိုင် မှတ်မိနေပါသည်။ ဆယ့်နှစ်ပွဲဈေးသည်များကဲ့သို့ ဆယ့်နှစ်လရာသီလှည့်ပတ်ဟောပြောမနေကြသဖြင့် ရံဖန်ရံခါမှ ကြားရသော စကားများသည် နားထောင်သူပရိသတ်အတွက် မှတ်သားစရာများသလို တန်ဘိုးလည်း ကြီးလှပါသည်။
၂။
‘စာစီစာကုံးကို ဘယ်အချိန်မှာ စပြီးရေးဖူးခဲ့သလဲ’ ဟု ပြန်စဉ်းစားကြည့်မိလျှင် စာဆိုတော်ရာသီ ဟူ၍ သတ်မှတ်ထားသော နတ်တော်လထဲတွင် ရေးခဲ့ဖူးသည်ကို ပြန်အမှတ်ရမိသည်။ ဆောင်း၏ အအေးဓာတ်ကြောင့် ဖောင်တိန်ကိုင်ရတာ လက်တွေကျဉ်နေသည်ကိုလည်း ပြန်သတိရမိသည်။ ကြာတော့ အတော့်ကို ကြာခဲ့ပြီ ဖြစ်ပါသည်။ နှစ်ပေါင်းသုံးဆယ်ပင် ကျော်ရော့မည်။
ထိုစဉ်က စာပေဟောပြောပွဲ ဟူသည် မြို့တိုင်း၊ ရွာတိုင်းအတွက် တကယ့်ကိုထွတ်ထွတ်မြတ်မြတ်ဒုလ္လဘတရားတစ်ခုဖြစ်ခဲ့ဖူးပါသည်။ ယနေ့အချိန်အခါလို ဆယ့်နှစ်လရာသီစာပေဟောပြောပွဲခေတ်မဟုတ်ပါ။ စာရေးဆရာကြီး၊ စာရေးဆရာမကြီး များကို ထိုအချိန်အခါ၌သာ ခရီးတွင်တွင်သွားကြသည်ကို တွေ့မြင်ရသည်။ စကားဖောင်ဖောင်ပြောသည်ကို ကြားကြရသည်။ ကျန်အချိန်များတွင်တော့ ဆရာကြီး၊ ဆရာမကြီးတို့သည် အဖိုးတန်စာကောင်းပေမွန်များကို ရေးသားသီဖွဲ့နေကြဟန်တူပါ သည်။
ကျွန်တော်တို့မြို့လေးတွင်ရှိသော စာပေချစ်မြတ်နိုးသူများသည် ထိုကာလသို့ရောက်လျှင် စာပေဟောပြောပွဲကျင်းပမည့် ရက်မတိုင်မီ ငါးရက်တပတ်ခန့်စော၍ စာပေပြိုင်ပွဲများ ကျင်းပပေးကြသည်။ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ စသည့် ပြိုင်ပွဲများ အပြင် ကျွန်တော်တို့လို ပဉ္စမတန်းကျောင်းသားလေးများအတွက် စာစီစာကုံးပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပပေးခဲ့သည်။ ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာစသည့် စာမူများကို မိမိနေအိမ်တွင်ရေးသားနိုင်ကြသော်လည်း စာစီစာကုံးကိုမူ ရေးသားချိန်တစ်နာရီသတ်မှတ်ပေးကာ စာသင်ခန်းအတွင်း ဖြေဆိုကြရသည်။ ဖြေဆိုရမည့် ခေါင်းစဉ်ကို ကြိုမသိရပါ။ အခန်းအတွင်းရှိ သင်ပုန်းကြီးပေါ်တွင် ရေးပြလိုက်မှသာ ကျွန်တော်တို့သိခဲ့ကြရသည်။ စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဖြစ်သော်လည်း ခေါင်းစဉ်သည် ‘တို့ဖေဖေ’ လည်း ဖြစ်ချင်ဖြစ်တတ်သလို၊ ‘ဆိပ်ကမ်းသာ’ လည်း ဖြစ်နေတတ်ပါသည်။
ကျွန်တော်တို့ငါးတန်းကျောင်းသားများအတွက်နှင့်ခြောက်တန်း၊ ခုနှစ်တန်းများအတွက်လည်း ခေါင်းစဉ်က တစ်ခါတရံ အတူတူပင်ဖြစ်နေတတ်သေးသည်။ မည်သို့ဆိုစေ ထိုကာလလေးသည် ပြန်တွေးလျှင် လွမ်းဆွတ်ဖွယ်အပြည့်။ အခန်းထဲရောက်မှသိရမည့် စာစီစာကုံးခေါင်းစဉ်ဖြစ်နေ၍ လည်းကောင်းကိစ္စအတွက် ကြိုတင်ကျက်မှတ်ထား၍လည်း မရနိုင်ပါ။ အနုပညာခံစားတတ်၍စိတ်ကူးရွက်လွှင့်တတ်စေရန် လေ့ကျင့်ပေးခဲ့သည့်ထိုစဉ်ကလူကြီးများကို ကျွန်တော်ကျေးဇူးတင်နေမိပါသည်။
‘တို့ဖေဖေ’စာစီစာကုံးကို ရေးသားသည့် ငါးတန်းကျောင်းသား ကျွန်တော်သည် ကလေးအတွေးထက်တော့ ကျော်လွန်၍ မရခဲ့ပါ။ ကျွန်တော်သာ နတ်သားလေးဖြစ်ပါက တာဝတ္တံသာနတ်ပြည်သို့ ပန်းရထားလေးဖြင့်တင်ပြီး ဖေဖေ့ကို ခေါ်သွားချင်ပါသည်ဟူ၍ ကျွန်တော်ရေးမိလျှင် ဆုရွေးချယ်သောအဖွဲ့က လူးလွန့်လေသော စိတ်ကူးကို ကလေးအရွယ်နှင့်မတန်ဘူး ဟူ၍ အကဲဖြတ်ကြပေမည်။
‘ဆိပ်ကမ်းသာ’ စာစီစာကုံး၌
ဆိပ်ကမ်းရယ်သာ
အိပ်တန်းကိုယ်စီရှာကြ
သောင်ဖီလာသီတာဦးမှာ
လင်းပြာကမြူး …
ဟူ၍ ကဗျာလေးထည့်ရေးလိုက်ပါက ငါးတန်းကျောင်းသား ကျွန်တော်၏ စာကွန့်မှုကို အတွန့်တက်ကောင်း တက်ကြပေမည်။ ယခုအရွယ်မှသာ ထိုအတွေးဝင်ခဲ့ရခြင်း ဖြစ်ပါသည်။ အစွန်းအထင်းနည်းပါးလှသော ထိုအရွယ်က ရိုးသားစွာ မတွေးမိခဲ့ပါ။ စာဆိုတော်နေ့အထိမ်းအမှတ် ပြိုင်ပွဲတိုင်း၌ ရေးခဲ့ဖူးသမျှ စာစီစာကုံးတိုင်းသည် ရိုးသားမှုအပြည့်ပါခဲ့သည်။ ယခုအရွယ်ညစ်ကျယ်ကျယ်အနေအထားဖြင့် ထိုစာစီစာကုံးလေးများကို ရေးသားရန်မစွမ်းသာတော့ပါ။
၃။
ငယ်စဉ်အခါက စာစီစာကုံး တစ်ပုဒ်ရေးသားရာတွင် နိဒါန်း၊ စာကိုယ်၊ နိဂုံး စလယ်ဆုံး သုံးပါးစလုံး ညီညွှတ်မျှတစေရန် ကြိုးစားခဲ့ရပါသည်။ အများသောအားဖြင့် နိဒါန်းတွင် အစပျိုးထားခဲ့သည်များကို စာကိုယ်တွင် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ရုပ်လုံးသွင်းရင်း နိဂုံးတွင် အချောသတ်ပြီးစီးနိုင်ရန် ကြိုးစားအားထုတ်ရပါသည်။ ထိုသို့ ဖြစ်မှသာ ဆုရွေးချယ်ရေးအဖွဲ့က နှစ်သက်သော စာစီစာကုံးတစ်ပုဒ်အဖြစ် သတ်မှတ်ခံရပါသည်။
ငယ်စဉ်ဘဝက စာစီစာကုံးနှင့်ယဉ်ပါးခဲ့သောကျွန်တော်သည် တစ်ခါတရံ၌ ရသစာတမ်းငယ်လေးများကို ရေးသားချင်လာမိသည်။ လူမှုဘဝထဲ သွားလာနေထိုင်ရင်း တွေ့ကြုံခဲ့ရသည်များကိုရင်းနှီးခင်မင်စွာ ဖောက်သည်ချချင်လာသည်။ နာခဲ့ ရခြင်းများ သာခဲ့ရခြင်းများ၏ အကျိုးအပြစ်တို့ကိုသံဝေဂယူရင်း အရာရာကို ကတ္တားချမိလာပါသည်။ ငယ်စဉ်ကလေးဘဝ စာစီစာကုံးရေးသားရာ၌ ဆရာဗန်းမော်တင်အောင်ကဲ့သို့၊ ဆရာကြီးဒဂုန်တာရာကဲ့သို့ ရဲရင့်ခွင့်မရ၊ နုထွတ်ဆန်း သစ်ခွင့် မရသည်များကို ယခုအချိန်မှာ အတိုးချရေးချင်မိတော့သည်။
ဆရာသိန်းဖေမြင့်သည်လည်း ‘ကျောင်းစာစီစာကုံးမှ ရသစာပေဆီသို့’ ဟူသောခေါင်းစဉ်ဖြင့် သူ့ကျောင်းသားဘဝအတွေ့အကြုံကို ဖော်ပြခဲ့ဖူးသည်။ ကျွန်တော်သည်လည်း ငယ်စဉ်ကလေးဘဝက ရေးသားခဲ့ဖူးသည့် ‘တို့ဖေဖေ’ စာစီစာကုံးကို ဆရာသိန်းဖေမြင့် ရေးသားသည့် ‘အမေ’ စာတမ်းငယ်ကဲ့သို့ ကလောင်လူးလွန့်ချင်လာမိသည်။ ငယ်စဉ်ကလေးဘဝက ရေးသားခဲ့သော အဖေ့အကြောင်း စာစီစာကုံးတွင် အဖေ့ကိုသာ မြင်ကြရသည်။ ကျွန်တော့်ကို မြင်ကြရမည်မဟုတ်ပါ။ ကျွန်တော့်ရင်ဘတ်ထဲသို့ မြင်ဖို့ဆိုသည်မှာ သာ၍ဝေးလွန်းလှပါ၏။
အလားတူပင် ‘ဆိပ်ကမ်းသာ’ စာစီစာကုံးကို ယခုအချိန်တွင် ရသစာတမ်းငယ်အဖြစ် ရေးခွင့်ရပါက ငယ်ဘ၀စာစီစာကုံးရေးသားသကဲ့သို့ ဆိပ်ကမ်း၏ သာယာပုံလေးနှင့် တင်းတိမ်မနေနိုင်တော့ပဲ ဧရာဝတီမြစ်ရေများ နောက်ကျိသွားပုံ၊ ထိုသို့ဖြစ်ရသည်မှာ မေခနှင့်မလိခမြစ်နှစ်သွယ်မှ ရေအားလျှပ်စစ်ထုတ်ယူရန်ကြံစည်နေကြသည့် လောဘသမားများကြောင့် ဖြစ်ရပုံ၊ မြစ်၏ အထက်ပိုင်းမှ ရွှေဖောင်များဖြင့် ရွှေရှာနေကြသော လောဘသမားများမတောမသတ်နိုင်ကြပုံ၊ စသဖြင့်..သော
အတွေးများကိုပါ ထည့်သွင်းရေးသားမိလေမည်လား စဉ်းစားမိပါသည်။
ထိုသို့စဉ်းစားနေမိရင်း ကျွန်တော့အတွေးများ ထက်မြက်လာကြသည်မှာ နိုင်ငံတော်အစိုးရတစ်ရပ်ဆီသို့ပင် ပေါက်ရောက်သွားပါသည်။ သူတို့သည် အစိုးရမဖြစ်မီ နိုင်ငံရေးပါတီအဖြစ် မဲဆွယ်စဉ်က အစိုးရဖြစ်လျှင် ပြည်သူလူထုအား ဘာတွေလုပ်ပေးကြမည်။ ညာတွေလုပ်ပေးကြမည်။ ငြိမ်းချမ်းရေးရအောင် ဘယ်နည်းဘယ်ပုံ ကြိုးစားပါမည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေကို ဘယ်လိုဝန်ဆောင်ပေးပါမည်။ ပြည်သူလူထု၏ သားသမီးသဖွယ်ကျင့်ကြံနေထိုင်ကြပါမည်။ စသဖြင့်သော ကတိကဝတ်ပေါင်းများစွာကို ပေး၍စည်းရုံးခဲ့ကြပါသည်။ ထိုကာလများကို စာစီစာကုံးတစ်ပုဒ်နှင့် ယှဉ်ထိုးကြည့်ပြီး နိဒါန်းအစဟု ကျွန်တော်သဘောထားကြည့်သည်။ အစိုးရဖြစ်လာပြီးကာလများကိုတော့ စာကိုယ်ဟု တွေးထား၊ တေးထား လိုက်သည်။ ကျွန်တော်တို့ကတော့ ဆုရွေးချယ်ရေး အဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ဘာသာမှတ်ယူထားလိုက်သည်။
အစိုးရတစ်ရပ်၏ ၄င်းတို့သက်တမ်းအတွင်း လုပ်ကိုင်ဆောင်ရွက်ကြသည့် ကောင်းခြင်း၊ သင့်ခြင်း၊ ညံ့ခြင်းများကို သက်တမ်းအလိုက်စိစစ်တိုင်းတာပြီး စာစီစာကုံးတစ်ပုဒ်အဖြစ် စိတ်ကူးယဉ်ကြည့်နေမိသော ကျွန်တော့်အတွေးများသည် ရသများဖြင့် နွယ်ယှက်ကာနုရာမှရင့်လာခဲ့ရပါသည်။
ဆရာများ၏ အဆိုအရ ဆောင်းပါးသည် စာရေးသူ၏ ဦးနှောက်မှလာ၍ ရသစာတမ်းငယ်သည် စာရေးသူ၏နှလုံးသားမှ လာသည်ဟု မှတ်သားခဲ့ရဖူးပါသည်။ ဆောင်းပါးသည် အချက်အလက်အားကိုးကာရေးဖွဲ့သောကြောင့်တစိမ်းဆန်ပြီး သိစ ရာ၊ မှတ်စရာ သုတများသည်ဟုလည်းသိရပါသည်။ ရသစာတမ်းငယ်မှာတော့ ကြမ်းတစ်ပြေးတည်း ထိုင်ပြီးစကားပြောကြ သလို ရင်းနှီးနွေးထွေးစွာ ထဲထဲဝင်ဝင် ရှိသည်ဟု သိရပါသည်။ ကျွန်တော့်အနေဖြင့် သုတသာပေးသော အေးစက်စက်နိုင်လွန်းသည့် ဆောင်းပါးထက် ရသပေးသော စာတမ်းငယ်ကို ပိုမိုနှစ်သက်စွာ ခံစားတတ်ပါသည်။ ဦးနှောက်မှလာသော သိစရာ၊ မှတ်စရာဗဟုသုတများထက် နှလုံးသားမှ သွေးခုန်နှုန်းနှင့်အပြိုင် ယိုစိမ့်လာသော အတွေးအမြင်ကြောင့် ပေါက်ဖွားလာသည့် စကားများကို ပိုမိုတောင့်တမိပါသည်။
အစိုးရတစ်ရပ်သည်လည်း ဆောင်းပါးရေးသကဲ့သို့ ဦးနှောက်မှလာသော အချက်အလက်များအားကိုးဖြင့်သာ အေးစက်စက်မနေပဲ နှလုံးသားမှပေါက်ဖွားလာသော ဆင်ခြင်တွေးဆမှုများဖြင့် ကျွန်တော်တို့အား ရင်းနှီးနွေးထွေးစွာ စကားစမြည်ပြောပါလျှင် မည်မျကောင်းလေမည်နည်း ဟု တွေးမိပြန်လေသည်။ ကျွန်တော်တို့ကိုယ်တိုင်သည်လည်း စာစီစာကုံးအကဲဖြတ်သည့် ဆုရွေးချယ်ရေး အဖွဲ့ဝင်များ မဟုတ်ကြဘဲ နှလုံးသားဖြင့်ရေးထားသည်ကိုနှလုံးသားဖြင့် ဖတ်ရှုနေသည့် ရသစာတမ်းငယ်ရွေးချယ်မည့် စာပေဝမ်းစာပြည့်၊ အယ်ဒီတာကြီးတွေ ဖြစ်ချင်လာပါသည်။
စာစီစာကုံးသည် နိဒါန်း၊ စာကိုယ်၊ နိဂုံး စလယ်ဆုံး သုံးပါးစလုံး မညီညွှတ်ပါလျှင် အကဲဖြတ်အမှတ်ပေးရန် ခက်ခဲသည်ဟု သိမှတ်ခဲ့ရဖူးပါသည်။ ရသစာတမ်းငယ် ဟူသည်ကား စလယ်ဆုံး သုံးပါးလုံးမညီညွှတ်ခဲ့လျှင်လည်း အမှတ်ပေး၍ ဖြစ်နိုင်မည် ထင်ပါ၏။ ချက်ကော့၏ ဝတ္ထုမဟုတ်၍ ပြောသလို မဖြစ်ခဲ့လျှင်လည်း ခွင့်လွတ်နိုင်မည် ထင်ပါ၏။ အရေးကြီးသည်မှာ ခပ်မာမာဆင်ခြေများမဟုတ်ပဲ နိဝါတတရားများပါသော နွေးထွေးမှုသာ ဖြစ်ရပေလိမ့်မည်။
၎။
စာပေဟောပြောပွဲများကို ကြုံဆုံရလေတိုင်းငယ်စဉ်ကလေးဘ၀က စာရေးဆရာကြီးမျုား ဟောပြောခဲ့ကြသည်ကို ပြန်သတိရမိသည်။ ရေးသူဖတ်သူ ဆွေးနွေးကြသည်များကို ပြန်မြင်မိသည်။ အတွေးများ ကွန့်မိသည်။ သတိအရဆုံးနှင့် ယူကြုံးမရအဖြစ်ဆုံးမှာ ကျွန်တော်တို့မြို့လေးမှ ဆရာဗိုလ်ဗကို ပြန်သွားပြီး မကြာမီအချိန်လေးမှာ ကွယ်လွန်ခဲ့ခြင်းပင်။
၅။
ကလေးဘ၀တွင် အတွေးများ လွန့်လူးခွင့်မရခဲ့ပါ။ ရေးသူဖတ်သူ ဆွေးနွေးပွဲများတွင်လည်း အသက်အရွယ်အရ မပါဝင်ခဲ့ရ။ စာရေးဆရာကြီးဗိုလ်ဗကိုသာ သက်ရှိထင်ရှားရှိနေသေး၍ စာပေဟောပြောပွဲလာရောက်မည်ဆိုလျှင်။ “ဆရာကြီး ခင်ဗျာ…၊ ဆရာကြီးအနေနဲ့ လူထုအောင်သံဇာတ်လမ်းမှာ ရဲဘော်အောင်ဝင်းအဖြစ် သရုပ်ဆောင်စဉ်က ဘယ်လိုခံစားခဲ့ရပါသလဲခင်ဗျာ” ဟု မေးမိမည်လားဟု အတွေးကွန့်မိပြန်ပါသည်။
ကျော်ကျော် (မြရည်စမ်း)