ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေး စာပေ) – ပန်းလိုမွေး၍ ရေလိုကြည်စင်အေးမြစေသား

ပန်းလိုမွေး၍ ရေလိုကြည်စင်အေးမြစေသား
မောင်မောင်လတ် (ရွှေအင်းလေး စာပေ)

ဇွန် ၁၁၊ ၂၀၁၄


သို့….
သမီးရေ ……
အခုမှ ကကြီး ခခွေး ကျောင်းစတက်ပြီး  အိမ်စာတွေနဲ့အလုပ်ရှုပ်နေလား? အိမ်စာတွေပြီးလို့ မအိပ်ခင်လေး ဒီဆောင်းပါးတပုဒ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလား။ ဟိုတလောက ဖေ့ဘုတ်လောက ကနေ အရပ်ထဲ  ကျောင်းထဲ   အလုပ်ခွင်ထဲ တမဟုတ်ချင်းပြန့်နှံ့သွားခဲ့ရတဲ့ ဆောင်းပါးလေး။ စိတ်ပျက်လက်ပျက် ရည်ရွယ်ချက် မဲ့၊ လမ်းမဲ့၊ အလင်းရောင်မဲ့လူငယ်ထုအကြား ဆူနာမီရေလှိုင်းလို ရုတ်တရက်ရိုက်ခတ်သွားစေသလို ဖြစ်ခဲ့ရတဲ့ ဆောင်းပါးလေး။ နိုးကြားတက်ကြွတဲ့ အစုအဖွဲ့တွေအကြားမှာတော့ မနှေးအမြန် ဖတ်ကြည့်ဖို့ လက်တို့သတင်း ပို့ခံခဲ့ရတဲ့ဆောင်းပါးလေး။ ပညာတတ်ရယ်လို့ သမုတ်ကြပေမယ့် တကယ်တန်း ဘာမှမတတ်ခဲ့သူတွေ ခပ်များ များတော့ စူးစူးစိုက်စိုက် ခုံခုံမင်မင်  အရသာရှိရှိ ဖတ်ဖြစ်ခဲ့တဲ့ဆောင်းပါးလေး။ ဘန်ကောက်က နိုင်ငံတကာ တက္ကသိုလ်တခုမှာ  ဆရာမလုပ်နေတဲ့မကြည်စင်သန့်ရဲ့အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် ဥာဏ်ရည် ဥာဏ်သွေး ဆိုတဲ့ ဆောင်းပါးလေးပါ။ သမီး အသက်၂၈ နှစ်ထိ နိုင်ငံခြားသား တယောက်ယောက်နဲ့ အင်္ဂလိပ်စကား မပြောဖူးခဲ့တဲ့….။

 

အသက်၂၈ နှစ်ထိ လှောင်အိမ်မှာ ပိတ်လှောင် ချုပ်နှောင်ခံရလို့ အသိမဲ့၊ ဗဟုသုတမဲ့၊ အတွေ့အကြုံမဲ့ခဲ့တဲ့….၊ ခေတ်နောက်ပြန်ဆွဲ နောက်ကျလွန်းနေတဲ့ပညာရေးစံနစ်ကနေ ဘွဲ့နှစ်ခုရခဲ့တဲ့။ မြန်မာအမျိုးသမီး တယောက် နိုင်ငံခြားမှာ ကျားကုတ်ကျားခဲ အပတ်တကုပ်ကျိုးစားခဲ့တာတွေ အခြေခံလွှဲသင်ကြားမှုစံနစ်မှား အတွေးအခေါ် နိမ့်ကျတဲ့ ပညာရေးစံနစ်ကနေ ကမ္ဘာ့အဆင့်မှီ ပညာရေးစံနစ်ဘောင်ထဲ အံဝင်ခွင်ကျဖြစ်အောင် သေသေ ကြေကြေ ကျိုးစားဖြတ်ကျော်ခဲ့ရတာတွေ ကမ္ဘာဆိုတဲ့ရွာကြီးထဲ ဝင်ရောက်လာမဲ့ ဝင်လာတော့မဲ့   ဝင်လာလတ္တံ လူငယ်မျိုးဆက်တွေအတွက် စေတနာရေစီးကမ်းပြို တိုးတက်စေချင်တဲ့ဖြစ်ထွန်းစေချင်တဲ့  အကူအညီပေးစေ ချင်တဲ့ဆန္ဒတွေ စတာတွေ  စတာတွေကို  နူးနူးညံ့ညံ့ ပါးပါးလျှပ်လျှပ် အပိုစကားတွေမဆိုဘဲ ရေးသားထား တာမို့ ဖတ်ဖြစ်အောင်ဖတ်လိုက်နော်…. သမီး။ မရှင်းတာရှိရင် ဖေဖေ့ကိုမေး….. ဟုတ်ပြီလား…………၊၊

+ + +ဖေဖေ   သမီးဖတ်ပြီးပြီ။ နှစ်ခေါက်တောင်မှ ပြန်ဖတ်တယ်။ ဒါပေမဲ့ သိပ်နားမလယ်ဘူးဖေဖေ   အဲဒါ ဖေဖေအချိန်ရရင်  ရှင်းပြပေးပါအုံး…. အဲဒီမမ ပညာသင်တဲ့ ဘာသာတွေက အများကြီးနော်ဖေဖေ။

…………………………………………………………..၊

ဟာ သမီး အဲဒီဘာသာရပ်တွေ ခဏ ခဏထားလိုက်ပါအုံး။ အဓိက သမီးကို သိစေချင်တာက မြန်မာပြည် ပညာသင်ကြားပုံစံနစ်နဲ့ သူများနိုင်ငံမှာ သင်ကြားပုံစံနစ် ဘယ်လိုကွာခြားတာရယ်၊ ပညာသင်ကြားပုံစံနစ် လွဲ မှား ခေတ်နောက်ကျလို့ အခြေခံမပိုင်ခဲ့ရင် သူများနိုင်ငံမှာ ဘယ်လိုအခက်အခဲ ကြုံတွေ့ရသလဲ ဆိုတာရယ်၊
ကျောင်းသူကျောင်းသားအပေါ် ဆရာ ဆရာမတွေက ဘယ်လိုသဘောထားမျိုးနဲ့ မြေတောင်မြှောက်ပေး စာသင် ပေးစေချင်တာရယ်၊ အောင်မြင်မှုတခုအတွက်  ပေးဆပ်ရင်းနှီးခဲ့ရတဲ့ ဇွဲ၊ လုံ့လ၊ ဝီရီယတွေအကြောင်းတွေကိုဘဲ သိစေချင်တာပါ။ အောင်မြင်မှုနဲ့ ပေးဆပ်ရင်းနှီးတာတွေဟာ  ဖေဖေ ခဏခဏ ပြောပြောနေတဲ့ အပေးအယူ ဆိုတဲ့ သဘောဘဲလေ။ အဲဒီမမဆောင်းပါးမှာ တွေ့ပြီမဟုတ်လားသမီး.၊၊
ကောင်းပြီလေ သမီးနားလည်အောင်  ဖေဖေ အလွယ်ဆုံးစကားလုံးနဲ့ရှင်းပြမယ်နော်။ သေသေချာချာလိုက် ဖတ် သမီးစစချင်း သူ ခေါင်းစဉ်ပေးထားတဲ့အတိုင်း အတွေ့အကြုံ ၊ ကျွမ်းကျင်မှုနှင့် ဥာဏ်ရည် ဥာဏ်သွေးလို့ ဆိုထားတဲ့အတိုင်း ပထမဆုံးစကားလုံးဖြစ်တဲ့ အတွေ့အကြုံဆိုတဲ့စကားလုံးနဲ့ စလိုက်ရအောင်လား။ သာမန် ဝန်ထမ်းမိသားစုကနေ ကြီးပြင်းလာခဲ့သူတယောက် ပုံမှန် တနှစ်ပြီးတနှစ် စာမှန်မှန်ကျက်ရင်း  အရွှယ်ရောက်  သိတတ်စ အထက်တန်းရောက်တော့ မြန်မာပြည်က ပညာရေးသင်ကြားမှုစံနစ်ဟာ ကြက်တူရွေးနှုတ်တိုက် ကျက် မျက်စေ့မှတ် အလွတ်အာဂုံဆောင် ရွှတ်ဆိုသလိုဖြစ်နေတာသိလာ။ ခံစားရတဲ့ တနေ့ဒီဘာသာရပ်ကို  ဘယ်လိုပုံစံနဲ့ လေ့လာရမလဲ?..?…? ဒီဘာသာရပ်ကို လက်တွေ့ ဘယ်လိုနေရာမှာ အသုံးချရမလဲ? .? .?  အတွေးတွေ ရှင်သန်ခိုင်မာလာတာနဲ့အပြိုင် သမီး မမရဲ့ပထမဦးဆုံး အတွေ့အကြုံက ဒီလိုအညွန့်တလူလူနဲ့ လူငယ်တယောက်ပီပီ  ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ အင်္ဂလိပ်စာစီစာကုံးတပုဒ်ကို ကျိုးစားပမ်းစားရေးဖွဲ့ပြီး ဆရာမဆီ သွားအပြမှာတော့ ကြိုဆို အားပေးနှစ်သိမ့်စကားဆိုဖို့နေနေသာသာ ပြန်ပေးလာတဲ့စာရွက်ကို လှမ်း ကြည့်လိုက်တာ မှင်နီခြစ်ရာအပြည့် ပေးထားတဲ့အမှတ်ကလဲ အနည်းဆုံးလေ။ ကိုယ်ပိုင်အတွေးစိတ်ကူးနဲ့ ခဲရာ ခဲဆစ်ရေးထားတဲ့ အမှတ်အနည်းဆုံး စာစီစာကုံးတပုဒ်နဲ့ ပြင်ပအထူးထုတ်စာအုပ်ကို မှီငြမ်းပြီးရေးထားတဲ့  အမှတ်အများဆုံး စာစီစာကုံးတပုဒ်အကြား သမီးမမရဲ့အတွေ့အကြုံဆိုတဲ့အရာဟာ  ပျောက်ဆုံးခြင်းမလှ ပျောက်ဆုံးသွားခဲ့ရပြီပေါ့၊၊

အဲဒီပျောက်ဆုံးသွားခဲ့တဲ့အရာကို  ဂျပန်တက္ကသိုလ်မှာ ပြန်တွေ့လိုက်ရတော့ အချိန်ကလဲနောက်ကျ လူကလဲ နိုင်ငံတကာကျောင်းသူကျောင်းသားတွေနောက် ရောက်ခဲ့ရတာ အတင်းလူးလဲထပြီး အံ့ကြိတ်ကျိုးစားလိုက် တော့ လေးလအတွင်း   ၁၀ နှစ်အရွှယ်လောက် ပိုအိုစာရင့်ရော်သွားခဲ့သလိုဖြစ်ခဲ့တာကို သမီးဦးနှောဏ်ထဲ အရင်ထည့်ထားနော်၊၊

ကျိုးစားပမ်းစား လူငယ်တယောက်  တပတ်တကုတ် ရေးဖွဲ့သီကုံးလာတဲ့ စာတပုဒ်ကို တော်သင့်ရုံအမှတ်နဲ့ အတူ ကြိုဆိုအားပေးစကားပြောဆိုနှစ်သိမ့်ဖို့ ဝန်လေးဆွံအခဲ့တဲ့။ ငါပြောသလိုလုပ် ငါရေးခိုင်းတဲ့ အတိုင်းဘဲ ရေး ဆိုတဲ့ တချက်လွတ်အမိန့်နဲ့ ယဉ်ပါးကျင့်သားရနေတဲ့လူငယ်တယောက် တိုးတက်ကျိုးစားချင်စိတ်ကို
မြေတောင်မြောက်ပင့် လက်တွဲခေါ်ဖို့မေ့လျှော့နေခဲ့တဲ့ မြန်မာပြည်ပညာရေးစံနစ်ရဲ့ ဆရာ ဆရာမတချို့အပြု အမူနဲ့ နိုင်ငံခြားတက္ကသိုလ်မှာ  ကိုယ့်ကိုသင်ကြားပေးနေတဲ့ ဆရာ ဆရာမအပေါ် ကောင်း၏၊ ဆိုး၏၊ သင့် တော်၏၊ နားလည်လက်ခံနိုင်၏ ဆိုတဲ့ မေးခွန်းတွေ ဖြေဆိုခိုင်းရင်း အဲဒီ ဆရာ ဆရာမရဲ့အရည်အသွေး သင်ကြားမှုအဆင့်ကို အရောင်တင်ပေးတဲ့ စနစ်နှစ်ခုကွာခြားတာကိုလဲ သမီးမှတ်ထားအုံး……၊၊

ကြုံလာသမျှ အခက်အခဲတွေကို  ကြံကြံခံရင်ဆိုင်ဖြတ်ကျော် ဂျပန်တက္ကသိုလ်ကဘွဲ့ယူပြီး ဘန်ကောက် တက္ကသိုလ်မှာ ဆရာမအလုပ်စစချင်း သမီးမမ ထပ်ကြုံခဲ့ ရင်ဆိုင်ခဲ့ရတာတွေလဲ ရင်မောစရာ  စိတ်ပျက်စရာလို့ သမီးမတွေးလိုက်ပါနဲ့။ ဘယ်လိုဘယ်ပုံ ဖြေရှင်းကျိုးစားသွားခဲ့တာ မြင်အောင်ကြည့် မနေ့က စာသင်ပြတာထက် ငါဒီနေ့ပိုကောင်းအောင်သင်မယ်။ ဒီနေ့သင်တာကို  ပြန်စဉ်းစားပြီး နက်ဖြန်ကြရင် ဒီနေ့ထက်ကောင်း အောင်  ပိုပြည့်စုံအောင် သင်ပြမယ်ဆိုတဲ့ သမီးမမရဲ့ကျိုးစားအားထုတ်မှုဟာ ဖေဖေ အရင်ကပြောပြဖူးတဲ့ ဒီနေ့ အ ကောင်းဆုံးလုပ်ပါဆိုတဲ့ စကားအတိုင်းဘဲမဟုတ်လား သမီး။ ဟော် အခု သမီးမြင်ပြီနော်  အကောင်းဆုံးလုပ်ပါ ဆိုတဲ့စကားက သမီးမမရဲ့စာသင်ကြားတဲ့နာမူနာပုံစံဘဲ။ ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘူးလေ။ ကိုယ့်ဖာသာကိုဘဲ နေ့တိုင်း ပြိုင်ရမယ်ဆိုတာ သမီးဘဝမှာ  မှတ်မှတ်ရရ မှတ်ထားရမဲ့အချက်နော်သမီး……………..၊၊
နောက်တခါ အဲဒီလို ကိုယ်ကိုယ်တိုင်  တနေ့ထက်တနေ့ ကောင်းအောင် ကျိုးစားရင်း ပတ်ဝန်းကျင်က သူ့ထက် ၁၀ နှစ်လောက်ငယ်တဲ့ ထိုင်းဆရာမလေးတယောက်ရဲ့ ဘက်ပေါင်းစုံ ပညာရေး၊ လူမှုရေး၊ အားကစား၊ အလှ အပတွေအားလုံး ထူးချွန်ထက်မြက်တာကို ငဲ့စောင်းလေ့လာရင်း  အတုယူရင်း ဆက်ပြီးအမှီလိုက်ခဲ့တာလေးလဲ သမီးအတွက်အရေးပါတယ်နော်။ ပညာရှာ သူဖုန်းစားပမာ ဆိုစကားအတိုင်း သင်စရာ၊ မြင်ဆရာ၊ ကြားဆရာ ရယ်အပြင် ကိုယ်ထက်ငယ်တဲ့သူရဲ့ နည်းစံနစ်တွေကို အတုယူစရာရှိရင် အတုယူရမယ်ဆိုတဲ့စိတ်ထားလေးက  သိပ်လှပ ချစ်စရာကောင်းပါတယ်သမီး။ သမီးက အသက် ၁၈ နှစ်ဘဲရှိတော့ ကိုယ်ထက်ကြီးသူတွေရဲ့ ကောင်း တဲ့အပြုအမူစရိုက်တွေကို မြင်အောင်ကြည့်။ သင်ပေးတာ ရအောင်ယူ………၊၊
+ + + ဟုတ် ဖေဖေ ဟိုဆရာမက မမကို အမှတ်နဲနဲဘဲပေးတယ်။ စိတ်ပုပ်တယ်နော်ဖေဖေ… ဟို ဗီယက်နမ်မလဲ စိတ်ပုပ်တယ်။   မုန်းတယ် သူ့ကို။ သမီးမမကို သူလာပြောတာလေ၏

…………………………………………………………………….၊၊

ဟဲ့…. ကလေး ဒီလိုမပြောရဘူးလေ… လောကမှာ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူတွေလဲ ရှိပါတယ်။ သမီမမ က ပထမအစသာ ကံဆိုးပေမဲ့ နောက်ပိုင်းမှာ ကောင်းတဲ့ သဘောထားပြည့်ဝတဲ့ ဆရာ ဆရာမတွေနဲ့ဆုံရတာ ဘဲလေ။ ဟို ဗီယက်နမ်မလေးလဲ လူငယ်ဆိုတော့ ရှိပါစေလေ။ သမီးတောင် အလုပ်အားချိန်မှာ ကျက်ဖို့ ယူ လာတဲ့စာအုပ် သူများဝှက်ထားခံရတာမဟုတ်လား? ဘယ်အလုပ် ဘယ်အရာမဆိုပေါ့ အတိုက်အခံ အတွန်း အတိုက်တွေရှိစမြဲ ကြုံရစမြဲပါ။ သမီးကိုလဲ ပြောကြတယ်လေ… ဘာလဲ… သူများနိုင်ငံမှာ ကျွန်လာလုပ်နေတာ တောင်မှ… စာသင်နေလို့ဘာထူးမလဲ? ဆိုတာလေ။ ကောင်းတာလုပ်ရင် ပိုလို့တောင် အပြောအဆို အတွန်းအ တိုက်ခံရမှာဘဲဆိုတာ  သမီးစိတ်ထဲ စွဲစွဲမြဲမြဲမှတ်ထားနော်။ အဲဒါတွေကို  ကြံကြံခံပြီး သမီးမမကို နာမူနာယူပြီး ဖြတ်ကျော်နော်။ သမီးမမရဲ့စာ အောက်ဆုံးနားမှာတောင် ရေးထားတာလူတယောက်ရဲ့အောင်မြင်မှု ၁၀၀ နှုန်း မှာ ကိုယ်ကိုယ်တိုင်က ၅၀ နှုန်း၊ ပတ်ဝန်းကျင်က ၅၀နှုန်း ဆိုတာလေ။ ကောင်းတဲ့ပတ်ဝန်းကျင်နဲ့ဆို သေချာပြီ ဒီလူငယ်တယောက် အောင်မြင်ဖို့ပေါ့။ တချို့က  ကံမကောင်းအကြောင်းမလှ မကောင်းတဲ့ပတ်ဝန်းကျင်နဲ့ ထိ တွေ့ခဲ့ရတော့ လမ်းချော်သွားတာတွေ၊ လဲကျသွားတာတွေအများကြီးမှ အများကြီးပါသမီး။ ကြုံတုန်းလေး   သမီးမမနဲ့ဆန့်ကျင်ဖက် ဖေဖေ့ဘဝမှာ ပထမဦးဆုံး မေ့မရနိုင်တဲ့ ကျေးဇူးရှင် ဆရာမတယောက်နဲ့ကြုံခဲ့တာတွေ သမီးကို ပြောပြမယ်နော်။

အသက် ၁၅-၁၆ နှစ်အရွယ် နိုင်ငံရေးစာပေတွေဖတ်ရင်း မြီးစမ်းရင်း နိုင်ငံရေးသမားယောင်ယောင်၊ တော်လှန် ရေးသမားယောင်ယောင် မိုက်သွေးကြွစ အရာရာစူးစမ်းဆန့်ကျင်ချင်တဲ့ဖေဖေ တနေ့ ဘာစိတ်ကူးမှမရှိဘဲ သချာင်္တပုဒ်တွက်ပြီး အဲဒီဆရာမကို သွားအပြ ဘာကိုမှမျှော်လင့်မထားးတဲ့ ဖေဖေရဲ့သချာင်္အဖြေအပေါ်  အမှန် ခြစ်ပေးရင်း ချိုသာတဲ့အပြုံးနဲ့အတူ.. အံမယ်.. နင်က  ဘယ်ဆိုးလို့တုန်းဆိုတဲ့ စကားပြောပြီးမှာတော့… ဖေဖေ နောက်ထပ်မဆိုးရအောင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိသွားပြီလေ။ အေးမြချိုသာတဲ့ အပြုံးနဲ့ ဖေဖေကို ချီးမွမ်းလိုက်တဲ့အချိန် ဖေဖေမျက်နှာ ဘယ်လိုအရောင် ဘယ်လိုအနေအထား ပြောင်းသွားခဲ့ သလဲ ဆရာမက ကောင်းကောင်းကြီး အကဲခပ်မိသွားတာပေါ့ သမီး…။

မနက်ပိုင်း မုန့်စားဆင်းချိန်ပြီးပြီးချင်း အဲဒီဆရာမအလှည့်မှာ တမင်နောက်ကျပြီး စာသင်ခန်းဝင်တာကို ဖေဖေ မရှိရင် မရောက်သေးရင် တမင်စောင့်ပြီး စာသင်ခဲ့တဲ့ဆရာမ၊ အဲဒီကတဆင့်တက်.. အတန်းဖော်တွေနဲ့ ရ အောင်ရှာခိုင်းပြီးမှ ဖေဖေရောက်မှ စာသင်တဲ့ဆရာမ…။ နောက်ဆုံးမှာတော့ ဆရာမရဲ့ ကြည်လင်ဖြူစင်တဲ့ မေတ္တာအရိပ်အောက်မှာ ဖေဖေ ဦးညွှတ်ဝပ်ဆင်းခဲ့ရတဲ့ ရလဒ်အဖြေက အဲဒီနှစ် သချာင်္ဂုဏ်ထူးရှင်က ဖေဖေဘဲ ပေါ့လေ။ အဲဒီကတဆင့် စက်မှုလက်မှုအထက်တန်းကျောင်း… အဲဒီအပိုင်းတော့ ဖေဖေ့ရဲ့အမှတ်တရထဲက စက်မှုလက်မှု အ-ထ-က ဆိုတဲ့ဆောင်းပါးမှာ ရေးပြပြီးလို့ သမီးသိပြီးသားနော်။ စက်မှု ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာဆရာမတွေ တော်လေလေ ဖေဖေက ညံ့လေ။ သူတို့တတွေ စေတနာထားလေလေ ဖေဖေ အတွေးလွဲ လေ။ သူတို့တတွေ မေတ္တာထားလေလေ ဖေဖေလမ်းမှားလေနဲ့ အဆုံးသပ်မှာတော့ ဓါတ်ပုံလေးတပုံနဲ့၊ အသုံး မဝင်တော့တဲ့ နောင်တတွေတထွေးတပိုက်နဲ့၊ ဒဏ်ရာဒဏ်ချက်ဗလဗွေတွေနဲ့ သမီး ဖေဖေလို့ မဆိုးရဘူးနော်။ သမီးဘဝမှာ မီးးရှူးတန်ဆောင်လို အလင်းပြပေးမဲ့ မမကြည်စင်ရဲ့ဆောင်းပါးရှိနေတာဘဲ။ ကျိုးစားရမယ်နော် ဟုတ်ပြီလား…?

+ + + တခု ကျန်သေးတယ် ဖေဖေ…။ ဟို မမ ရေးထားတာက ကံမကောင်းလို့ ဒီတိုင်းပြည်မှာ လူလာ ဖြစ်တာလား? ကုသိုလ်ကောင်းမယ်ဆိုရင် ဒါထက်ကောင်းတဲ့ တိုင်းပြည်မှာ လူဖြစ်မယ်ဆိုတာကို သမီး မသိဘူး။ အဲဒါ ဘာကိုပြောတာလဲ ဖေဖေ..?

………………………………………………………………………………………..၊၊

အော် သမီး စာပုဒ်တခုလုံးကို  ရှင်းရရင်   သမီးနားမလည်နိုင်တဲ့ နိုင်ငံရေးအကြောင်းတွေပါလာမှာ။ ဒီတော့ ခပ် လွယ်လွယ်ပြောရရင်တော့ ညံ့ဖျင်းတဲ့၊ အရည်အချင်းမရှိတဲ့၊ တိုင်းပြည်နဲ့လူမျိုးကို စေတနာမထားတတ်တဲ့ အစိုး ရအုပ်ချုပ်တဲ့ တိုင်းပြည်မှာ သမီးမွှေးလာတာကိုက လူလာဖြစ်တာကံမကောင်းဘူးလို့ ပြောတာပါ။ ရှင်းပြီလား သမီး။ ဟို သမီးမုန်းတဲ့ဗီယမ်နမ်မလေးက ကုသိုလ်ကံကောင်းလို့ တိုင်းပြည်နဲ့လူမျိုးအပေါ် တိုးတက်စေချင်တဲ့ စေတနာရှိတဲ့ ခေါင်းဆောင်အုပ်ချုပ်တဲ့တိုင်းပြည်မှာမွှေးခဲ့တော့ ပညာရေးအခြေခံကောင်းကောင်းနဲ့ ကမ္ဘာ့ရင် ဘောင်တန်းနိုင်တဲ့ ပညာရေးစံနစ်ကနေ ထွက်လာနိုင်ခဲ့လို့ အဲဒီလို ဝင့်ဝင့်ကြွားကြွား ရင့်ရင့်သီးသီး စကားတွေ ပြောနိုင်တာပေါ့ သမီးရဲ့။

 

တချိန်က သမီးတို့အားလုံးရဲ့မြန်မာနိုင်ငံဟာ အာရှမှာ ထိပ်တန်းအဆင့်ရှိခဲ့တာက ပုံပြင်မဟုတ်။ ရာဇဝင် မဟုတ် ဘူးနော် သမီး။ ပြန်ပြောရင်လဲ အတိတ်က ရွှေထီဆောင်းခဲ့တာ တမ်းတနေတယ်ဖြစ်နေမှာမို့ ထားလိုက်ပါတော့။ အခု ခေါင်းငုံပြီး အနိမ်ခံ လှောင်ပြောင်ခံနေရတာလဲ  ရှိပါစေတော့။ နောင်တချိန်မှာ   ဒါဟာ မြန်မာဘဲဟေ့လို့ ပြန်လက်မ ထောင်နိုင်အောင် လုပ်ပြရမှာက သမီးတို့လူငယ်တွေ တာဝန်နော် သမီး………..၊၊

+ + + ဟုတ် သမီးကျိုးစားပါ့မယ် ဖေဖေ။ သမီးလေ အဲဒီမမကြည်စင်ကို အားကျတယ်၊
ချစ်လဲ ချစ်တယ်။ မမက လှလားဟင် ဖေဖေ ?…….

 

အော် သမီးရယ် စိတ်ထားကောင်းရင်  လူလဲလှပါတယ်လေ။ သမီးမမက အခုချိန်ခါ သူ့မိဘ ဆွေမျိုးအသိုင်း အဝန်းကြား မိတ်ဆွေအပေါင်းအသင်းကြား ပညာဂုဏ်၊ ရာထူးဂုဏ်တွေနဲ့ အောင်နိုင်သူအဖြစ် မော်ကြွားနိုင်ပေမဲ့ တဖက်ကမ်းက ကျန်နေတဲ့ မြန်မာနိုင်ငံလူငယ်တွေအတွက် ပူပင်သောကတွေ၊ ဖြစ်ထွန်းစေချင်တဲ့ဆန္ဒတွေ၊
လမ်းပြပေးနိုင်မဲ့နည်းလမ်း တွေးတောနေတာတွေဟာ  နဂိုရှိရင်းအလှတွေကို ထင်သာ မြင်သာအောင် အရောင် တောက်ပစေတာတော့ ယုံ…သမီး။ ဖေဖေက ရုပ်အလှထက် အများက စံပြရည်ညွှန်း စံအဖြစ် အားကျအတုခိုး လောက်တဲ့ ဘဝအလှကို ပိုပြီးတန်ဖိုးထားတယ်။ ဒါကြောင့် သမီးလဲ ဘဝအလှအတွက် မမကြည်စင်လို ကျိုးစား ရမယ်။ သမီးအတန်းမှာ  သမီးက  မြန်မာတယောက်ထဲ ဒီတော့ တကောင်ထဲဘဲ။ ဒါပေမဲ့ ခြင်္သေ့ဘဲဟေ့လို့   သိအောင်လုပ်ရမယ်နော်။ သမီးမမက ဘဝအတွက် ရွေးချယ်စရာလမ်း ၂ ခုကို    တပြိုင်ထဲရွေး လမ်းနှစ်ခုလုံး ကို အောင်မြင်အောင်ကျိုးစားခဲ့တာနော်။ တခုကိုရယူပြီး ကျန်တာတွေ ကျောခိုင်းလိုက်တာ ဖေဖေကတော့ ဟင့် အင်းပါဘဲ။ တကယ်တော့ သမီးအရွယ် ဒီအချိန်အခါမှာတော့ တလမ်းထဲ၊ တကြောင်းထဲ၊ ဦးတည်ရာတခုထဲ  ရှိသင့်ပါတယ်။ ရှိရမယ်နော်။ သမီးဘဝ ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ရပ်တည်နိုင်အောင် ပညာ ရေးကလွဲပြီး ကျန်တာတွေတော့ နိုး…နိုး…နိုး…..၊၊

+ + + စိတ်ချပါဖေဖေ… သမီး မမကြည်စင်လို ကျိုးစားပါ့မယ်။ ဆရာမလဲ ဖေဖေစကားအတိုင်း ဆုံးမတာ။ ဖေဖေစိတ်ချမ်းသာစေရမယ်နော်။ အဲဒီမမကိုလဲ ခင်ချင်တယ်။ ကျေးဇူးလဲတင်တယ်။ ဖေဖေ ကျန်းမားရေး ဂရုစိုက်နော်။ သမီး စာကြည့်လိုက်အုံးမယ်။

……………………………………………………………….၊၊

ကောင်းပါပြီလေ အလုပ်တဖက်နဲ့ ပညာကျိုးစားနေတဲ့ သမီးတယောက် တခါတခါ စိတ်ပျက်စရာ စိတ်ဓါတ်ကျ စရာကြုံရရင် ဒီဆောင်းပါးလေးကို ပြန်ပြန်ဖတ်ရင်း ဆက်ကျိုးစားနိုင်ပါစေ။ ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ချပြီး ရည်မှန်းတဲ့ဘဝပန်းတိုင်ကို ရောက်အောင် ကျိုးစားခဲ့တဲ့သမီးမမကြည်စင်လို သမီးလဲ လိုရာပန်းတိုင်ကို အ ရောက်လှမ်းနိုင်ပါစေ။ လှပမဲ့ မနက်ဖြန်တိုင်း သမီးအတွက်ဖြစ်ပါစေ။ စာကျက်တော့ ကလေးရေ……………၊၊

သမီးရဲ့ ဖေဖေ…..၊၊
+ ၁၉၇၅-၇၆ ပညာသင်နှစ် လွိုင်လင်မြို့ အ-ထ-က ၂ မှ အထက်တန်းပြဆရာမ ကျေးဇူးရှင်ဆရာမ ဒေါ် ခင်မြမြအား ဂါဝရပြုကန်တော့ရင်း…..။

 

+ ဆောင်းပါးမှီးငြိမ်းခွင့်ပြုပေးသော ဆောင်းပါးရှင် စာရေးဆရာမ မကြည်စင်သန့်

+အလုပ်တဖက် ကျောင်းတဖက်နဲ့ ကျိုးစားပညာသင်နေသော  ခလေးမလေးအား အားပေးရင်….. ဤစာစုကို ရေးဖွဲ့ခဲ့ခြင်းဖြစ်ပါသည်၊၊

 

မာင်မောင်လတ်
(ရွှေအင်းလေးစာပေ)၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts