ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၅)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၂၈၊ ၂၀၁၄

 

 ထောင်ကျအဖြစ် သတ်မှတ်ပြီးနောက် (၂)ဆောင် ရှေ့ခြမ်းကနေ နောက်ခြမ်းကိုရွှေ့လိုက်သည်။ ဆရာဝန်ဒေါက်တာအောင်ခင်ဆင့် နှင့် အခန်းဖြင်းချိန်းလိုက်ခြင်းဖြစ်သည်။ ရှေ့ခြမ်းမှ လူအားလုံး တရင်းတနှီးရှိနေကြပြီမို့ အာလုံးပစ္စည်းတွေကိုဝိုင်းသယ်ပေးကြသည်။ စရောက်စက ဘာမှ မရှိသော်လည်း ရုံးထွက်တစ်ခါဆို ပစ္စည်းက တမျိုးနှစ်မျိုးက လူတိုင်းပါပါလာကြစမြဲ။ ခုတော့ ဝိုင်းသယ်ပေးရသည့် အနေထားသို့ပင် ရောက်လာရသည်။ အတူနေသူတွေ၏ မွေးနေ့ နောက် ဥပုသ်နေ့လိုနေ့များတွင် ညစဉ် တရားဟောဖို့ တောင်းဆိုတတ်ကြသည် ။ ဒီတော့ ၂-ဆောင် တွင် ပရိတ်ရွတ်သံ တရားဟောသံတို့ မကြာမကြာ ကြားရတတ်သည်။ ခုလိုနောက်ခြမ်းသို့ ရွှေ့ရချိန်တွင် အားလုံးက တရားမနာရတော့သည်ကို တသ ပြောဆိုပြီးနေကြသည်။ ရှေ့ခြမ်းနောက်ခြမ်းဆိုသော်လည်း မတွေ့မမြင်ရအောင် တင်းကျပ်ထားသည်။ နောက်ခြမ်း ရောက်တော့ နောက်ခြမ်းက လူသစ်တွေနှင့် ရင်နှီးခွင့်ကြုံရသည် ။ အားလုံးက တရင်တနှီး ဆီးကြိုကြသည်။ ဒေါက်တာအောင် ခင်ဆင့်တို့ အမှုတွဲတွေ အမိန့်ချပြီးသွားပြီ။ သူတို့ ထဲက တချို့ ၂ဆောင်သို့ ရောက်လာကြပြီ ဖြစ်သည်။ လသာအမတ် ဦးကြီးမြင့်၊ ဦးဟန်စိန်၊ ဦးလွင်ဦး၊ ဦးခင်မောင် ၊ ဦးကျော်သန်း ၊နေတင်မြင့် စသည့်သူများ ၂ဆောင်သို့ ရောက်လာကြသည်။ 

 

တစ်ယောက်နှင့် တစ်ယောက် လိုတာကူ ပိုတာမျှ နံရံလေးဘက်ကြားတွင် ဘဝကိုတည်ဆောက်ထားကြသည်။ နောက် အပြင်လောက နှင့် နံရံခြားနေကြရသော်လည်း ကိုယ့် ရိုးရာ အစဉ်အလာလေးများကို နိုင်သလောက်ထိမ်းရင်း စိတ် ကွက်လပ်ကို ဖြည့်ကြသည်။ အပြင်နှင့်တစ်ထပ်တည်းနီးပါး မတူညီသော်လည်း ထုံစံမပျက် ပြုဖြစ်အောင်ပြုတတ်ကြသည်က တို့တတွေ မွေခံထိုက်စေ ဆိုတဲ့ တာဝန်တစ်ခုကို ထမ်းရွက်လိုက်ကြခြင်းဖြစ်သည်။ ဟိုးဘိုးဘွားတို့ အဆက်ဆက် သယ်ဆောင် ထိမ်းသိမ်းခဲ့တာကို မပျက်မယွင်းစေမှုတစ်ခုလည်းဖြစ်နေသည်။နာရေးတစ်ခုကို ကြုံဆုံလိုက်စဉ်က ထောင်ထဲ ရဲဘော်တို့၏ စိတ်ပြတင်းကိုဟင်းလင်း ဖွင့်ထားသလို တွေ့မြင်ခဲ့ရဘူး၏ ။

တစ်ခန်းတည်းနေ ထွန်းထွန်းဦး ။သူထောင်ထဲရောက်ပြီး မကြာခင်မှာပင် ဖခင်ကြီး ဆုံးရှုံးလိုက်ရသည်။ သတင်းစကား ထောင်ထဲရောက် လာတော့ အားလုံးစုပြုံပြီး နားရေးသတင်းမေးကြည်။ ဝမ်းနည်းစကားသံတို့က တကယ့်ရင်ထဲက လာမှန်း သိသာပါသည်။ ထောင်ဝင်စာ မရှိ လက်ထဲဘာမျှမရှိသော ထွန်းထွန်းဦး အတွက် အားလုံးကဝိုင်းဝန်း၍ ဆေလိပ် မုန့်တွေစုပေးကြသည်။ နောက် သေဆုံးသူဖခင်ကြီးကို ရည်စူးပြီး ကောင်းမှုတွေကို ပြုပေးကြသည်။ ထွန်းထွန်းဦးကိုယ်တိုင် လက်ဖြင့်လိုက်ဝေခိုင်းသည်။ ကာယကံရှင် ဖြစ်သော ထွန်းထွန်းဦး တစ်ယောက် ဖခင်သတင်း ကြားတုန်းက ဒီလောက်မခံစားရ။ မိသားစု ဖရိုဖရဲမှာသူကအမေနဲ့နေနေသူ။ ဖခင်အပေါ် နင့်နင့်နဲနဲ ခံစားမှုက သူ့ရုပ်သွင်မှာရှာမတွေ့ခဲ့။ သတင်းကြားစက ဖြစ်ပေါ်နေသောရုပ်သွင်ထက် အားလုံးက ရင်ထဲက စိတ်ကို ပကတိအတိုင်း ထုတ်ပြတာမြင်ရတော့ ကာယကံရှင်၏ မျက်ရည်တံခါးကိုခတ်ထားသော့ တို့ကျိုးပျက်ခဲ့ရသည်။ တစ်ဦးမကျန် လာရောက် ပြောဆိုသော စကားလုံးတို့က ပေးဆပ်မှုတစ်ခုကို အရင်အနှီးပြုလိုက်ရသူ စိတ်ဒဏ်ရာကို ဆေးထည့်ပေးသလိုရှိတာ သေချာလှပါသည်။ ဘုန်းတော်ကြီး၃ပါးကိုအခန်းအပြင် ထွက်ခွင့်တောင်းပြီးရေစက်ချ အမျှဝေခြင်းကို မဖြစ်မနေ ဆောင်ရွက် လိုက်ကြသည်။ အဲ့ဒီအချိန်ထဲကပဲ အားလုံးရဲ့ နှလုံးသားကိုပကတိ အတိုင်းမြင်ခဲ့ရပြီ။

 

နောက်တခါကတော့ ကိုယ်တိုင်ပါဝင် လိုက်ရသော အမှုကိစ္စတစ်ခု။ သီတင်းကျွတ် လပြည့်အကြောင်း မေးမြန်းကြသည်။ အဘိဓမ္မာ အခါတော်နေ့ အကြောင်း ရှင်းလင်းပြလိုက်တော့သူတို့စိတ်ထဲ မြန်မာလူမျိုးတို့၏ လူနေမှုဘဝ ထဲသို့ပါ နက်နက်ရှိုင်းရှိုင်း တည်ရှိနေပြီးဖြစ်သော ယဉ်ကျေးမှုမြစ်ဖျားကို သူတို့သဘောပေါက်ကြသည်။ မိဘ ကျေးဇူး တရားကို အဓိပ္ပါယ်ရှိရှိ ကျေးဇူးဆပ်ပြခဲ့သော ဗုဒ္ဓ။ လူသားအားလုံးတို့၏စံပြ မဟာလူသား။ ထိုမဟာ လူသား၏ ဆောင်ရွက်ချက်များသည် ဗုဒ္ဓအမွေဆက်ခံသူ လူသားတိုင်းအတွက် အတုယူစရာ။ မယ်တော်ဖြစ်ခဲ့ဘူးသော နတ်သားကို ဗုဒ္ဓက အနက်နဲဆုံးသော ဓမ္မဖြင့် ကျေးဇူးဆပ်ပြလိုက်သည်။ တကယ်က သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာ ပွဲတော် သည် ဗုဒ္ဓ လုပ်ဆောင်ခဲ့သည့် အားလုံးသောပုံရိပ်တို့ ကြောင့် တန်ဖိုးမြင့်မြင့် မားမား။ နှစ်ခုခွဲပြီးပြောနေကြသော်လည်း ထိုပွဲတော် နှစ်ခုက တဆက်တစပ်တည်။ မီးထွန်းပွဲတော်။ နောက်အဘိဓမ္မာ အခါတော်နေ့။ မီးထွန်းပွဲတော်ကို ခလေးလူကြီးမကျန် ပျော်ရွှင်စွာ ပါဝင် နှိုင်ရန် ရပ်ကွက် ထဲအထိ ခမ်းခမ်းနားနား ကျင်းပကြသော်လည်း  အဘိဓမ္မာအခါတော်နေ့ကို ဘုရားကျောင်း ပရဝုဏ်း အတွင်းမှာသာ ကျင်းပတတ်ကြသည်။

 

တုသိတာ နတ်ပြည်၌ သေတကေတု အမည်ရှိသော မယ်တော်ဖြစ်ခဲ့ဘူးသောနတ်သားကို အမှူးထားဟောကြားခဲ့သော တရားပွဲသဘင် အောင်အောင်မြင်မြင် ပြီးမြောက်၍ လူ့ပြည်သို့ ပြန်လည်ကြွရောက်သော နေ့။ သင်္ကဿနဂိုရ် ပြည် အရောက် သွယ်တန်းထားသော ရွှေစောင်းတန်း၊ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း စောင်းတန်းသုံသွယ် ဖြင့် နတ်ခရီးကို နတ်တို့တန်းခိုးတော်ဖြင့် ဖန်တီးသလို လူ့ပြည်က လူသားတို့ကလည်း ဆီးမီး တွေမြိုင်မြိုင်ဖြင့် ကြိုဆိုခဲ့ကြသည်။

 

ဒီထက် ပိုထူးခြားတာက သံဃာတော်တွေနှင့်သာ ဆက်စပ်သည်။ ပဝါရဏာပွဲ ။ ထိုပဝါရဏာပွဲ၏ အဓိပ္ပါယ် က သံဃာတော်တို့အတွက် ကလေးနက်နေသည်။ ထိုပဝါရဏာပွဲကို သံဃာတော် ပြုလုပ်ပြီးမှသာ ဝါကျွတ်ခြင်းကိစ္စ ပြီးစီးသည်။

 

သိက္ခာကြီး(ဝါကိုသိက္ခာဟုလည်းအသုံးပြုသည်)သော ရဟန်းတော်မှစပြီး ကြီးစဉ်ငယ်လိုက် ပန်ကြားသော အမှုကို ပြုကြရသည်။

“ငါ့ရှင်တို့ … မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း သုံးမျိုးဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်”

ဟု သုံးကြိမ်တိုင်တိုင် လျှောက်ထားရလေသည်။

 

ရဟန်းတော်များသည် အချင်းချင်း ဤသို့ ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြခြင်းဖြင့် ပြုပြင် ထိန်းသိမ်းနိုင်ကြပေသည်။

 

ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ခေတ်မီဆဲဖြစ်သည်။ မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ‘သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး’အတွက် ဝေဖန်ရေးကို အားပေးခဲ့သည်။

 

အမှန်အတိုင်း ပြောဆိုနိုင်ရေးကို အစဉ် တံခါးဖွင့်ပေးခဲ့သည်။

 

ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့် ဆိုခွင့် မရှိ။ အ,အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော်မမူချေ။

 

မိမိမှာ ချွတ်ယွင်းချက် အပြစ် တစုံတရာ ရှိနေလျှင် အမှန်အတိုင်း အမြန် ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြနိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာ၏ ဤ(ပဝါရဏာ)ကျင့်စဉ်သည် ပုဂ္ဂိုလ်အချင်းချင်းသာမဟုတ် အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်ပါသည်။

 

လောကတွင် “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” မရှိနိုင်ချေ။ အမြော်အမြင်ရှိသူ ပညာရှင်တို့၏ ညွှန်ပြချက်၊ ဝေဖန်ချက် မရယူဘဲ “ငါ့လှေ ငါထိုး ပဂိုးရောက်,ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်,ရောက်”ဟု ငါထင်ရာ ငါ့သဘော ငါတကော,ကောနေပါလျှင် ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မှာ မလွဲပေ။

 

ဤသို့ “ငါတကော ကောနေသူများ”ကို ဗုဒ္ဓမြတ်စွာက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။

 

“အပြစ်မြင်လျှင် အချင်းချင်း ပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ ငါဘုရား၏ ပရိသတ်သည် ကြီးပွားချမ်းသာနိုင်သည်။ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန် ခိုက်ရန်ကင်း၍ ချမ်းသာခြင်းသုခ ရရှိနိုင်သည်” ဟူ၍ မိန့်ကြားတော်မူခဲ့သည်။

နမူနာကောင်းများဆိုသည်ကို ကျကျ သိရှိပြီး နိုင်ငံရေးသမားတို့ လိုက်နာသင့်လှပေသည်။ သီတင်းကျွတ်လပြည့်နေ့ကိုအဓိပ္ပါယ်ရှိရှိ ကျင်းပ နှိုင်ခဲ့သည်။ ဤနေ့ ဤ ရက်၏ အဓိပ္ပါယ်ကို ပြောပြလိုက်ရ၍ မိမိကိုယ်လည်းကျေနပ်နေမိသည်။ တစ်ဦးကိုတစ်ဦး အရိုသေပေးခြင်း သက်ကြီးသူကို တရိုတသေအလေးဂရုပြု ဦးချ ကန်တော့၍ အပြစ်တို့ကိုကျေအေးစေခြင်းသည်  မြန်မာတွေ စဉ်ဆက်မပြတ် သယ်ဆောင်ခဲ့သော အစဉ်အလာကောင်း ဖြစ်ပေသည်။ ထို အစဉ်အလာကောင်းသည် ဘာသာတရားက လူတွေဆီ ပေးအပ်လိုက်သော လက်ဆောင်ကောင်းတွေထဲမှ တစ်ခု မျှသာဖြစ်သည်။ အခန်းတိုင်းမှ လူငယ်များ ကိုယ့်ထက်အသက်ကြီးသူတို့ကို ဦးချ ကန်တော့ သောမြင်ကွင်းသည် မြင်ရသူတိုင်း၏ စိတ်နှလုံးသားကိုဆွဲကိုင်လှုပ်စေခဲ့သည်။ အဖိုးအရွယ်ဆရာဝန်ကြီး၏ ယိုစိမ့်လာသော ကျမျက်ရည်တို့ကား သူ၏နှလုံးသားကို ဖွင့်ပြလိုက်သလို ရှိတော့သည်။  မြန်မားဓလေ့ကပေးသောအလေးအနက်ကိစ္စတခု။ ထိုကိစ္စအား တန်ဖိုးထားတတ်သော လူငယ်များကို သူကြည်ကြည်နူးနူး ကျေကျေနပ်နပ် ရင်ထဲ မှတ်တမ်းတင် နေသည်မှာသေချာပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts