မြန်မာ့ပြေးခုန်ပစ် ဂျင်နီဖာတင်လေးနှင့် မြန်မာ့အားကစား

ဇာနီကြီး
ဒီဇင်ဘာ ၂၉၊ ၂၀၁၃
အချိန်မပေးနိုင်တဲ့ ကြားထဲက စင်ကာပူ Today သတင်းစာမှာ အရှေ့တောင်အာရှထိပ်သီး အားကစားမယ် ဂျင်နီဖာတင်လေး အကြောင်း တစ်မျက်နှာလုံးရေးထားတာကိုဖတ်လိုက်ရပါတယ်။ ရေးသူ Low Lin Fhoong in NayPyiDaw ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ပစေ ဂျင်နီဖာတင်လေး အသက်၆၄နှစ်ဆိုတာ သိလိုက်ရပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တုန်းတတည်းက ပြေးခုန်ပစ် အားကစားနည်းကိုမှ အားကစားလို့သတ်မှတ်ပြီး သဲသဲမဲမဲ ကစားခဲ့ပါတယ်။ ဘော်လုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ခြင်းလုံး …စတဲ့အားကစားတွေက ဆင်းရဲ့တဲ့ မြန်မာများအတွက် ငွေမကုန်တဲ့ကစားနည်းတွေပါ။ အဲဒီအချိန်က ကျော်စိန် ဘောလုံးကန်ဖိနပ်ဆိုတာ အလွန်ကျော်ကြားပါတယ်။ မြန်မာများ ဈေးနှုန်းချိုသာပြီး၊ ကမ္ဘာ့အဆင့်မီ ဘောကန်ဖိနပ်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အလေးမအဆင့် ရောက်အောင် အနစ်နာခံ ဝါသနာကြီးမားလှတဲ့ ကာယဗလဦးရှိန် ဆိုသူလည်း ရှိသေးတော့၊ မြန်မာ့အလေးမသမားများ ရွှေတံဆိပ်ရနေချိန်လဲဖြစ်ပါတယ်။ အအောင်မြင်ဆုံးကတော့ ပြေးခုန်ပစ်နဲ့ဘောလုံးကစားနည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာ့အားကစားပွဲတွေမှာ ကိုယ်သန်ရာ၊ အားကစားနည်းတွေ တိုးချဲ့ထည့်သွင်းရုံမကတော့ဘူး၊ ရေခဲတဲ့တိုင်းပြည်တွေက ဆောင်းရာသီအိုလံပစ် တီထွင်ကစားကြပြန်ပါတယ်။ ကားမောင်းပြိုင်ပွဲတွေ၊ စက်ဘီး၊ ဆိုင်ကယ်အပြင် မကြားဖူးတဲ့ အားကစားနည်းပေါင်း များစွာပေါ်ပေါက်လာပါတယ်။
မည်သို့ပင်ဖြစ်ပါစေ… ပြေးခုန်ပစ်ကစားနည်းဟာ အားကစားရဲ့မဏ္ဍိုင်ဖြစ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ လူတွေရဲ့ အားပေးမှုများကြောင့် လက်ဝှေ့၊ တင်းနစ်၊ ဘော်လုံး၊ ဂေါက်သီးရိုက်၊ ဖော်မြူလာဝမ်း၊ စသဖြင့် ငွေကြေး၊ ဆုကြေးကြီးလှတဲ့ အားကစားနည်းတွေပေါ်လာရပါတယ်။ အားလုံးသော အားကစားနည်းတွေမှာ အခြေခံကတော့ ပြေးခုန်ပစ်ပဲဖြစ်ပါတယ်။ စစ်သားတစ်ဦးဖြစ်စေ၊ ကျောင်းများမှာ ကြံ့ခိုင်မှုစမ်းသတ်ပွဲဖြစ်စေ၊ နောက်ဆုံး ဦးနှောက်နဲ့ကစားရတဲ့ စစ်တုရင်ကစားသမားတောင် ကိုယ်လက်ကြံ့ခိုင်ရေး၊ ပြေးခုန်ပစ်ကစားနည်းနဲ့ သွေးလည်ပတ်အောင် လုပ်ပေးရပါတယ်။ နိုင်ငံတစ်ခုမှာ လူတွေကျန်းမာမှ တိုင်းပြည်တိုးတက်ပါမယ်။ လူတိုင်းကျန်းမာဖို့ နိုင်ငံတိုင်းမှာ မူလတန်းအဆင့်ကနေ အားကစားဆရာ၊ ဆရာမများဟာ အလွန်အရေးပါလှပါတယ်။
♦ ဂျင်နီဖာတင်လေးနှင့် တွေ့ဆုံမေးမြန်းခြင်း
သူ့ကို ရန်ကုန်၊ မန္တလေး၊ ပုသိမ် လမ်းမတွေပေါ်မှာ အစ်မကြီးလို့ ခေါ်ကြပါတယ်။ မြန်မာ့အားကစားနဲ့ ဆက်စပ်သူတိုင်း သူမကို သိကြပါတယ်။ ၂၇ကြိမ် မြန်မာပြည်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပွဲမှာ ပြေးခုန်ပစ်ဒိုင်လူကြီးအဖြစ် တာဝန်ယူပါတယ်။ သူမဟာ ၁၉၆၀ နဲ့ ၁၉၇၀ ကာလများမှာ စူပါစတားဖြစ်ခဲ့ပါတယ်။
“ လူငယ်တွေကတော့ ကျမကို မသိကြပါဘူး။ ဒါပေမဲ့ အသက်၄၅နှစ်ကျော်သူတွေက ကျမကို မှတ်မိကြမှာပါ။ မြန်မာပြည်မှာတော့ ဘယ်သွားသွား လူတွေက ကျမရဲ့ အရပ်အမောင်း၊ ထောင်ထောင်မောင်းမောင်းကို မှတ်မိကြပါတယ်” လို့ ပြောပါတယ်။ သူမရဲ့ အရပ်မောင်း 1.78 m (၅ပေ ၁၀လက်မ) ဆိုတာ မြန်မာအမျိုးသားများမှာတောင် တော်တော်မြင့်မားလှပါတယ်။ ငယ်စဉ်ကတည်းက အားကစားမျိုးစုံ ကစားပါတယ်။ ပုသိမ်မြို့မှာ နေထိုင်ပြီး၊ ဖခင်က ဧရာဝတီမြစ်ကူး သင်္ဘောမှာ မာလိန်မူးလုပ်ပါတယ်။ မိခင်ကတော့ ဂျာမန်လူမျိုးအနွယ်ဖြစ်ပါတယ်။ ၈နှစ်သမီးအရွယ်ကတည်းက ဂေါက်သီးကစားပါတယ်။ ဘောလီဘော၊ ဘတ်စကတ်ဘော ကစားခဲ့ပါတယ်။ အမြင့်ခုန်၊ မီတာ၁၀၀ တာတိုအပြေး၊ အမျိုးစုံး ကစားရင်း နောက်ဆုံးမှာ သံလုံးပစ်၊ သံပြားပစ်နဲ့ အဆုံးသပ်သွားပါတယ်။ ၁၈နှစ်သမီး အရွယ် ၁၉၆၉ ဘန်ကောက် အရှေ့တောင်အာရှကစားပွဲမှာ သံလုံးပစ်ရွှေတံဆိပ် ရခဲ့ပါတယ်။ နောက်ဆုံး ၁၉၈၃ခုနှစ် အထိ စုစုပေါင်း ပြေးခုံပစ်ရွှေတံဆိပ် ၁၄ ခုနဲ့ အမျိုးသမီးဘော်လီဘော ရွှေတံဆိပ်တစ်ခု၊ စုစုပေါင်း ရွှေတံဆိပ် ၁၅ခု ရယူခဲ့တဲ့ အရှေ့တောင်အာရှမှာ အကြီးကျယ်ဆုံး အားကစားမယ်တစ်ဦး ဖြစ်ပါတယ်။
သူမငယ်စဉ်က ဂျမန်လူမျိုး ပြေးခုန်ပစ်နည်းပြနဲ့ လေ့ကျင့်ခဲ့ပါတယ်။ သူမပြောပြတာကတော့  “ မှတ်မိပါသေးတယ်။ မြန်မာ့အမျိုးသမီးဘော်လီဘောအသင်းအတွက် တစ်ပါတ် ၃ကြိမ် လေ့ကျင့်ရပါတယ်။ တချို့နေ့တွေဆို ပြေးခုန်ပစ်နဲ့ဘော်လီဘော ၂မျိုးစလုံး လေ့ကျင့်ရပါတယ်။ ဂျာမန်နည်းပြက သံလုံးကို တစ်နေ့ အကြိမ် ၁၅၀ ပစ်ခိုင်းပါတယ်။ နည်းပြက ကျမအပေါ် တော်တော်တင်းကြပ်ပါတယ်။ ပစ်ချက်တွေကို သေချာကြည့်ပါတယ်။ တချို့ပစ်ချက်တွေ နည်းပြမကြိုက်ရင် မရေတွက်ပါဘူး။ ပြန်ပစ်ရပါတယ်။ အဲဒီတုန်းကတော့ လေ့ကျင့်မှုတွေဟာ အလွန့်အလွန်ပင်ပမ်းလှပါတယ်။ ဒါတွေဟာ အရှေ့တောင်အာရှကစားပွဲ သမိုင်းဝင်အဖြစ်ပျက်တွေပါ။ အခုအခါမှာ ဒီလိုလေ့ကျင့်ခဲ့ရတာတွေ၊ ပေးဆပ်ခဲ့ရတာတွေအတွက် ပေးဆပ်ရကျိုး နပ်ပါတယ်”   လို့ TODAY သတင်းစာကို ပြောပြပါတယ်။ သူမရဲ့ သံလုံးပစ်စံချိန် 14.38 meter ဆိုတာ မြန်မာပြည်မှာ ဘယ်သူမှ မကပ်နိုင်သေးပါဘူး။ အရှေ့တောင်အာရှမှာတောင် စင်ကာပူ၊ ထိုင်း သံလုံးပစ်မယ်များက စံချိန်ချိုးခဲ့ပေမဲ့ အဆင့်(၄)နေရာမှာ ရှိနေဆဲဖြစ်ပါတယ်။
ဒီ အရှေ့တောင်အာရှပွဲမှာ မြန်မာ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင် လက်ရှိအသက်ရှင်နေသူ ၇၀ဦးကို အလံကိုင်လက်ဆင့်ကမ်းမှာ ပါဝင်စေပြီး၊ နိုင်ငံတော်မှ ဂုဏ်ပြုခဲ့ပါတယ်။ သူမရဲ့ သူငယ်ချင်း (ယခု သြစတြေးလျှားမှနေထိုင်သူ) ဂျင်မီဂရေတန် ကဲ့သို့ အားကစားသမားများစွာရှိပါတယ်။ ဦးဂျင်မီ  မီတာ၈၀၀ (ရွှေ၎ခု)၊ မီတာ ၁၅၀၀ (ရွှေ၆ခု)၊ မီတာ၅၀၀(ရွှေ၂ခု) စုစုပေါင်း ရွှေ၁၂ခုနဲ့ အရှေ့တောင်အာရှ ပြေးခုံပစ်ထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။ မီတာ၁၀၀၊ မီတာ၂၀၀ တာတိုအပြေးမယ် ဒေါ်သန်းသန်းလည် ရွှေတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။ အလာတူ ဒေါ်ခင်ခင်ထွေး (တာလတ်အပြေးမယ်)၊ တာဝေးအပြေးမယ် ဒေါ်ကော့ဂျာ စတဲ့ ပြေးခုန်ပစ်သမား ရွှေတံဆိပ်ဆုရှင်များစွာ ဒီပွဲမှာ ပြန်လည်တွေ့ဆုံခဲ့ရပါတယ်။ အားလုံး ထိုစဉ်က ကြိုးစားခဲ့တာ ငွေကြေး၊ ရာထူးတွေအတွက် မဟုတ်ပဲ အားကစားစိတ်ဓါတ်နဲ့ ကျောင်းသားပွဲတော်များကတဆင့် အဆင့်ဆင့်၊ ယှဉ်ပြိုင်၊လေ့ကျင့်ရင်း တိုးတက်လာခဲ့ပါတယ်။
သူမဟာ အချိန်ပိုင်းအလုပ်များအဖြစ် ရန်ကုန်နိုင်ငံတကာကျောင်းမှာ ကာယဆရာမအဖြစ်၎င်း၊  ဥယာဉ်စိုက်ပျိုးခြင်း၊ ဂေါက်သီးနည်းပြ စသဖြင့်၎င်း လုပ်ကိုင်ပါတယ်။ မြန်မာပြေးခုံပစ် တိုးတက်လာအောင် တော်တော်၊ အားပေးလုပ်ဆောင်ရပါမယ်။ သူမတို့ခေတ်ကလည်း ငွေကြေးအားဖြင့် အားပေးမှုမရှိပါဘူး။ အားကစားစိတ်ဓါတ်နဲ့ ယှဉ်ပြိုင်ဖို့ပဲ ရှိပါတယ်။ အထူးသဖြင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွေ မြောက်များစွာ လုပ်ပေးဖို့ အထူးလိုအပ်ပါတယ်။ ကျမတို့ခေတ်က ကျောင်းပေါင်းစုံ ပြေးခုံပစ်ပြိုင်ပွဲတွေ အများကြီးလုပ်ပါတယ်။ ကျောင်းအလိုက်၊ မြို့နယ်အလိုက်၊ ပြည်နယ်တိုင်းအလိုက် အများကြီးရှိပါတယ်။ ကျောင်းသားအရွယ်များနဲ့ အားကစားကို မြှင့်တင်ရမယ် ..လို့ ဂျင်နီဖာတင်လေးက ပြောသွားပါတယ်။
စစ်အာဏာရှင်လက်ထက်မှာ ဘက်စုံကျဆင်းလာပြီး၊ အားကစားလောက ကျဆင်းရုံမကပါဘူး။ အရှေ့တောင်အာရှမှ တချိန်က ထိပ်တန်းအဆင့်ကနေ အဆင့်၇၊ အဆင့်၈ စသဖြင့် ကျဆင်းသွားခဲ့ပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှအားကစားပွဲ အိမ်ရှင်လုပ်မယ်ဆိုတော့ စင်ကာပူ၊ မလေးရှားက ပြေးခုံပစ် မိတ်ဆွေ၊ သူငယ်ချင်းများက လှမ်းမေးပါတယ်။ ကျမ ဒီအားကစားပွဲအတွက် အလွန်ဂုဏ်ယူပါတယ်။ အိမ်ရှင်အဖြစ် ကျင်းပရတဲ့အတွက်လည်း စိတ်ထဲမှာ အလွန်ကြည်နူး၊ ခံစားရပါတယ်။ နောက်တကြိမ် အိမ်ရှင်ဘယ်တော့ ဖြစ်မလဲ ကျမ မသိနိုင်ပါဘူး။ အဲဒီအချိန်ကျရင်တော့ ကျမတို့ ရှိချင်မှရှိပါတော့မယ်။
♦ အားကစား၊ ကာယဆရာ/ဆရာမ
ပြေးခုန်ပစ်အားကစားနည်းဟာ အလွန်အရေးကြီးတဲ့ ကစားနည်းဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ ကြံ့ခိုင်မှုကို ပြေးခုန်ပစ်ကစားနည်းနဲ့ အဆုံးဖြတ်ပေးပါတယ်။ ကြံခိုင်မှုစစ်ဆေးတဲ့အခါ ရပ်ခုန်၊ ခါးရှေ့ကုန်ထိ၊ ဒိုက်ထိုးခြင်း၊ ဘားတိုင်ဆွဲခြင်း၊ မီတာ၄၀ပြေးခြင်း၊ မီတာ၁၆၀၀ပြေးခြင်း..အခြေခံအချက်များနဲ့ ကျမ်းမာရေးစီစစ်ပါတယ်။ ဟိုး..ရောမအင်ပါယာကြီး နှစ်ပေါင်း ထောင်နဲ့ချီပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ အမေရိကန် ဒီမိုကရေစီထက် အများကြီးသာပါတယ်။ အဲဒီ ရောမခေတ်က ကလေးမွေးချိန်ကစပြီး၊ အရွယ်ရောက်တဲ့အထိ ရောမနိုင်ငံသားကို နိုင်ငံတော်က တာဝန်ယူပြီး၊ အားကစား၊ ကိုယ်ကာယ၊ ပညာရေး၊ စစ်ရေး စသဖြင့် သင်ကြားပေးပါတယ်။ ကျန်းမာရေး ဒေါင်ဒေါင်မည်ပြီး၊ ဥာဏ်ပညာထက်မြတ်စေဖို့ .. အားကစားလိုက်စားမှုနဲ့ လေ့ကျင့်ပေးပါတယ်။ ဒါကြောင့် တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အားကစား ကာယဆရာ/ဆရာမများဟာ အလွန်အရေးပါလှပါတယ်။ အားကစားထူးချွန်သူများကို တက္ကသိုလ်ကောလိပ်များအထိ စာမတော်ပေမဲ့၊ တက်ရောက်စေပါတယ်။ စပွန်စာပေးပါတယ်။ အားကစားစကောလားရှစ် ပေးပါတယ်။ ဒါကြောင့် အားကစားသမားတစ်ဦး ထူးချွန်လာရင် ကမ္ဘာကျော် တက္ကသိုလ်ကြီးတစ်ခုမှာ ပညာသင်ရပါတယ်။ စပွန်စာရပါတယ်။ အားကစားသမား တကယ်ဘွဲ့မလား၊ မရဘူးလား ဆိုတာကတော့ အားကစားသမား ကိုယ်တိုင် ကြိုးစားမှုအပေါ် မူတည်ပါတယ်။
ကျွန်တော်တို့ ငယ်စဉ်ကတည်းက ပြည်နယ်တိုင်းတွေက ထူးချွန်သူများကို ဌာနဆိုင်ရာများက အလုပ်ခန့်ပြီး၊ အလုပ်ဆင်းစရာမလိုပဲ အားကစားလေ့ကျင့်၊ ဌာနဆိုင်ရာပြိုင်ပွဲများမှာ ဝင်ပြိုင်ရပါတယ်။ တက္ကသိုလ်များ အဆင့်မှာလည်း အားကစားထူးချွန်သူများကို မြေတောင်မြှောက်ပေးရပါတယ်။ ငယ်စဉ်က ရန်ကုန်စက်မှုတက္ကသိုလ် တက္ကသိုလ်များ ပြေးခုန်ပစ်ပြိုင်ပွဲ နွေရာသီကျောင်းပိတ်ရက်တွေမှာ နှစ်စဉ်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၃၆ခုကနေ တစ်နိုင်ငံလုံး ပြေးခုန်ပစ်အားကစားသမားများ ရန်ကုန်မှာ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ အဲဒီတုန်းက ရန်ကုန်၊ သမိုင်းအားကစားကွင်း ရှိပါသေးတယ်။ အရှေ့တောင်အာရှ အားကစားရွာ၊ သမိုင်းအဆောင်များဟာ နယ်ကလာတဲ့ တက္ကသိုလ်ကျောင်းသားများ၊ နယ်ကလာတဲ့ ပြေးခုန်ပစ်အားကစားသမားများအတွက် စာသောက်၊ နေထိုင်တဲ့ နေရာများဖြစ်ပါတယ်။ တစ်ပတ်တာ ကျင်းပတဲ့ အားကစားပြိုင်ပွဲများကို အောက်မေ့သတိရပါတယ်။ တက္ကသိုလ်အဆင့် ပြေးခုံပစ်ကစားပွဲများ၊ ပြည်နယ်တိုင်း ပြေးခုံပစ်ကစားပွဲများလည်း မြန်မာ့ဘောလုံး၊ ဘော်လီဘော အားကစားများနဲ့အတူး တဝုန်းဝုန်း အဆင့်လျှောကျသွားခဲ့တာ၊ ဂျင်နီဖာတင်လေး စံချိန်အခုထိ ဘယ်သူမှ မြန်မာပြည်မှာ မမှီသေးတာမျိုး၊ မြန်မာ့စံချိန်များကြည့်ရင် နှစ်ပေါင်း၃၀၊ ၄၀ စံချိန်မြဲနေတာ အားကစားလောက ကျဆင်းနေတယ်လို့ ပြောရပါတယ်။ တက္ကသိုလ်များ စံချိန်၊ ဝန်ကြီးဌာန စံချိန်၊ ပြည်နယ်တိုင်းစံချိန် အားလုံးသော ပြေးခုန်ပစ်စံချိန်များဟာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ကျောင်းပေါင်းစုံစံချိန်များက စပြီး ပြုပြင်ပြောင်းလဲရမှာပါ။
♦ နိုင်ငံအလိုက်ထိပ်တန်းနေရာရရှိရေး
ဒီနှစ် အိမ်ရှင်နိုင်ငံမှာ အနည်းဆုံး ဘောလုံးရွှေတံဆိပ်ဆု မှန်းခဲ့ပါတယ်။ သိတဲ့အတိုင်းပါ…မအောင်မြင်ခဲ့ပါဘူး။  ဘယ်သူ့ကို လက်ညိုးထိုးရမလဲ ..ဆိုတာ အနိုမ့်ကျဆုံး ပြသနာဖြေရှင်းခြင်း ဖြစ်ပါတယ်။ The easy solution is “blame other” ဆိုတဲ့ လူတိုင်းလုပ်တဲ့နည်းလမ်းပါ။ အကောင်းဆုံး ဖြေရှင်းနည်းက Look Forward ဆိုပြီး ရှေ့ဘယ်လိုလုပ်ရမလဲ ..ဆိုတဲ့ အဖြေဖြစ်ပါတယ်။ မြန်မာ့အမျိုးသား ကိုးရီးယားနည်းပြကို ရှုံးမှ အပြစ်တင်၊ ထုတ်ပစ်လိုက်တာလည်း သွေးပူနေချိန်ဆိုတော့ ဖြစ်သင့်ပါတယ်။ သူက တာဝန်အရှိဆုံး အုပ်ချုပ်သူဖြစ်နေတာကိုး။ သူကိုယ်တိုင် ခေါင်းခံသွားပါတယ်။ မည်သို့ပင်ဖြစ်ပါစေ FIFA ကမ္ဘာ့ဘောလုံး အဆင့်အတန်း အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ပြီးရင် ဒုတိယအဆင့်(၁၄၀) ရောက်အောင် လုပ်ပေးခဲ့တာကို ကျေးဇူးတင်ရမှာပါ။ တကယ်ကန်တော့လည်း မြန်မာခြေစွမ်းဟာ မဆိုးလှပါဘူး။  ကိုးရီးယားနည်းပြတော်ကြောင်းကို မှတ်တမ်းတင်ပါတယ်။ တခြားအားကစားနည်းတွေကိုတော့ သိပ်မရေးချင်တော့ပါဘူး။ နောက်၂နှစ်အကြာ ၂၀၁၅မှာ စင်ကာပူမှာကျင်းပမဲ့ အရှေ့တောင်အာရှအားကစားပွဲကို မြန်မာအမြောက်အများ အားပေးကြဦးမယ်ဖြစ်ပါတယ်။
ရွှေတံဆိပ်အများဆုံး ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မြန်မာအုပ်ချုပ်သူများ ကောင်းကောင်းသိတာ ထင်ရှာပါတယ်။ တတိယ၊ စတ္တထ အဆင့်တက် မပိုနိုင်ဘူး ခန့်မှန်းချက်တွေမှာ နိုင်ငံအလိုက် ရွှေ၈၇ခု ရအောင်ယူသွားပြီး၊ ထိုင်းနိုင်ငံပြီးရင် ဒုတိယအဆင့်ကို ရအောင်လုပ်သွားနိုင်တာ အင်မတန်ချီးကျူးစရာ ကောင်းပါတယ်။ အထူးသဖြင့် သူများနဲ့တန်းတူ နှစ်အနည်းငယ် လေ့ကျင့်ရုံနဲ့ ရွှေတံဆိပ်ရနိုင်တဲ့ ဝူရှုး (၅ခု)၊ ဗိုမီနမ်(၆ခု)၊ ကင်ပို(၆ခု)၊ နဘမ်း(၃ခု)၊ တိုက်ကွမ်းဒိုး(၄ခု) ပင်တာကွီး(၃ခု)၊ ဆီလတ်(၃ခု) စသဖြင့် အခြေအနေကောင်းပါတယ်။ နောက် မြန်မာများ အားသန်တဲ့ ရိုးရာလှေ (၁၄ခု)၊ ခြင်းလုံး(၆ခု)၊ ကနူးလှေ(၅ခု)၊ စစ်တုရင်(၃ခု) ပေါင်းလိုက်တော့ အများကြီးဖြစ်လာပါတယ်။ ဒါပေမဲ့ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်အများဆုံးပေးတာက ပြေးခုံပစ် (၄၇ခု)၊ ရေကူး(၃၂ခု) တို့ဖြစ်ပြီး အဲဒီအားကစား၂မျိုးစလုံး မြန်မာများ အလွန်အားနည်းပါတယ်။ ဒီနှစ် ပြေးခုန်ပစ်က ရွှေ၂၊ ငွေ၃ ရပြီး နိုင်ငံအလိုက်မှာ အမှတ်(၇) ဘိတ်ဆုံးဖြစ်နေပါတယ်။ ရေကူးကတော့ ကြေးတဆိပ်(၁)ခုပဲရပြီး ဘိတ်ဆုံးအဆင့်ပါပဲ။ ဒါတွေကတော့ ရွှေအများဆုံးရအောင် ဘယ်လိုလုပ်ရမယ် Management System ပဲဖြစ်ပါတယ်။
ဘောလုံးအကြောင်းရေးရရင် အခုလောက်လုပ်ဆောင်ပေးခဲ့တာ မဆိုးဘူးလို့ ပြောရပါတယ်။ နိုင်ငံတကာမှာ အားကစားသမားကို ငယ်စဉ်ကတည်းက အရိုးမာနေအောင် လေ့ကျင့်ပေးရပါတယ်။ အနည်းဆုံး ၁၀နှစ်အထက် လေ့ကျင့်ပါမှ နိုင်ငံတကာအဆင့်မီပါမယ်။ မြန်မာ့ဘောလုံးအကြောင်း ကျွမ်းကျင်သူ အမြောက်အများရှိတာကြောင့် ဒါလောက်ပဲ ရေးချင်ပါတယ်။
♦ မြန်မာ့ပြေးခုန်ပစ်အားကစား
ရေးချင်တာကတော့ အားကစားလောကရဲ့ အသက်ဖြစ်တဲ့ ပြေးခုန်ပစ် တိုးတက်ရေး အထူးရေးချင်ပါတယ်။ ဒီနှစ် ပြေးခုန်ပစ်က ပေးတဲ့ရွှေတံဆိပ်ပေါင်း ၄၇ခုမှာ မြန်မာက ရွှေ၂၊ ငွေ၃ ရပြီး ထုံးစံအတိုင်း အခြေအနေမလှပါ။ မြန်မာ့ပြေးခုန်ပစ် အခြေမလှတာ အနှစ်၂၀လောက် ရှိပါပြီ။ စာရေးသူတို့ ငယ်စဉ် ၁၉၈၀လောက်အထိ မြန်မာ့ပြေးခုန်ပစ်ဟာ အရှေ့တောင်အာရှမှ ထိပ်တန်းအဆင့်(၁)၊ (၂) မှာ ရှိနေပါသေးတယ်။ အခုနောက်ပိုင်း Look Forward အနာဂါတ်ကိုမျှော်ကြည့်ရင် ..ပြေးခုန်ပစ်မှာ အရှေ့တောင်အာရှ၊ ဒုတိယ၊ တတိယအဆင့် ရောက်လာမှ မြန်မာ့အားကစား အဆင့်တကယ်မြင့်လာပြီလို့ ပြောနိုင်ပါပြီ။ မြို့နယ်တိုင်းမှာ Track Field ပြေးကွင်းများ ဆောင်ဖို့လိုနေပါပြီ။  မြန်မာ့ပြေးခုန်ပစ် တကယ်တိုးတက်ချင်ရင် ပြေးခုန်ပစ်အားကစားပွဲတွေ ကျောင်းပွဲ၊ ရပ်ကွက်ပွဲတွေကစပြီး၊  မြို့နယ်၊ ခရိုင်၊ ပြည်နယ်တိုင်းအဆင့် လာမဲ့၂နှစ်မှာ ဘတ်ဂျတ်တွေ ချပေးပြီးလုပ်ရပါတယ်။ ကျောင်းတိုင်းမှာ အားကစားနဲ့ကာယပညာ ဘတ်ဂျတ်ရှိပါတယ်။ အဲဒီငွေကို ခြစားမှုရန်ကလွတ်အောင် လုပ်ဖို့တော့ သိပ်ခက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျောင်းပေါင်းစုံ၊ မြို့နယ်၊ ပြည်နယ်တိုင်း ပြိုင်ပွဲတွေ ကျင်းပတဲ့အချိန်မှာ ငွေအရမ်းကုန်တဲ့အတွက် ခြစားမှုပမာဏ ကြီးမားလာမယ်ဖြစ်ပါတယ်။ အခု အိမ်ရှင်အဖြစ် အရှေ့တောင်အာရှ အားကစားပွဲမှာ ခြစားမှုနည်းအောင် ဘယ်လိုလုပ်ရသလဲဆိုတာ အုပ်ချုပ်သူများ သင်ခန်းစာယူပြီးပြီလို့ မျှော်လင့်ပါတယ်။ ပွင့်လင်းမြင်သာမှု Transparency ရှိရင် ခြစားဖို့ မဖြစ်နိုင်ပါဘူး။
♦ အားကစားနှင့်မြန်မာ့ပြုပြင်ပြောင်းလဲရေးသုံးသပ်ချက်
မြန်မာ့အားကစားလောက ဒီနှစ် အိမ်ရှင်အရှေ့တောင်အာရှကစားပွဲမှာ ရွှေတံဆိပ်၁၀၀ မျှော်မှန်းခဲ့တုန်းက မဖြစ်နိုင်လို့ ထင်ခဲ့မိပါတယ်။ နောက်ဆုံးတော့ ရွှေ ၈၇ ရရှိပြီး၊ နိုင်ငံအလိုက်မှာ ဒုတိယအဆင့် အောင်မြင်စွာရပ်တည်နိုင်ခဲ့တာ ခပ်ရှင်းရှင်းရေးရင် သမ္မတဦးသိန်းစိန် အစိုးရရဲ့ အောင်မြင်မှုကြီးလို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံသားများရဲ့ စိတ်ဓါတ်မြှင့်တင်ရေးအတွက် အထူးလိုအပ်နေချိန်မှာ အမြင်မတူညီတဲ့၊ မြန်မာ့နိုင်ငံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်များက မြန်မာတိုင်းရင်းသား အားလုံး ညီညွတ်ရေးကတော့ အားကစားပဲဖြစ်ပါတယ်။ အုပ်ချုပ်သူ အရေးပါမှုဟာ နံပါတ်(၁)အချက်ပဲဖြစ်ပါတယ်။ အုပ်ချုပ်သူ ဟာ ငွေရှင်၊ အာဏာရှင် မဖြစ်ဖို့ အရေးကြီးပါတယ်။ အားကစားစိတ်ဓါတ်နဲ့ အုပ်ချုပ်သူများကြောင့် မြန်မာ့အားကစား အဆင့်တန်းအနည်းငယ် မြင့်လာပါတယ်။
နိုင်ငံအလိုက် ဒုတိယ ရွှေတံဆိပ်အများဆုံးရခြင်းကို နောက်၂နှစ် စင်ကာပူမှာလုပ်မဲ့ပွဲမှာ ထိမ်းနိုင်ဖို့ Look Forward ဦးတည်ချက်ရှိရပါတယ်။
အိမ်ရှင်ဖြစ်သူဟာ တပွဲထိုး၊ တနပ်စားနည်းလမ်းနဲ့ အဆင့်(၁)ကို ရအောင်လုပ်နိုင်ကြောင်း ၂၀၀၅ မနီလာ၊ အရှေ့တောင်အာရှပွဲမှာ အိမ်ရှင်ဖိလစ်ပိုင် လုပ်ပြသွားပါတယ်။ နောက်ပိုင်းမှာ ကောက်ရိုးမီး၊ တစ်ပွဲတိုး ဖိလစ်ပိုင်ဟာ အဆင့်(၅)၊ (၆) ဖြစ်သွားပါတယ်။ ဒီနှစ်ဆီးဂိမ်းမှာ အဆင့်(၇)ထိ ကျဆင်းသွားပါတယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က ဂရိမြို့ပြနိုင်ငံများ စစ်တိုက်နေချိန် ၄နှစ်တစ်ခါ စစ်ပွဲတွေရပ်နားပြီး၊ အိုလံပစ်အားကစား ပြိုင်ပွဲကို ကျင်းပခဲ့တဲ့ အစဉ်အလာရှိပါတယ်။ မြန်မာပြည်မှာလည်း အားကစားနဲ့ ပြည်တွင်ညီညွတ်ရေး လုပ်ဆောင်မှုမှာ အောင်မြင်မှု အတိုင်းတာကြီးတစ်ခု ရရှိသွားတယ်လို့ ဆိုရပါတယ်။ မြန်မာများ အသဲစွဲ အမျိုးသားဘော်လုံးအသင်း ခြေစွမ်းရှိပါလျှက် အုပ်စုက ထွက်ရခြင်း၊ အမျိုးသမီးဘောလုံးအသင်း တတိယဆုသာ ရပေမဲ့ တစ်နိုင်ငံလုံး မျိုးချစ်စိတ်နဲ့၊ ရေကုန်ရေခမ်းကြိုးစား၊ အဆင့်မြင့်စွာ ကစားပြသွားခြင်းများဟာ တကယ့်ကို မျိုးချစ်စိတ်ဓါတ် မြင့်မြတ်လာစေပါတယ်။ အလွန်တိုတောင်းတဲ့ ကာလအတွင်းမှာ အခုလို စွမ်းဆောင်နိုင်ခြင်းဟာ အားကစားအဖွဲ့အားလုံးက စုပေါင်းစွမ်းအားနဲ့၊ လူရွေးချယ်ခြင်း၊ ဘဏ္ဍာငွေသုံးစွဲခြင်း၊ ရံပုံငွေရှာခြင်း၊ အားကစားသမားများ လေ့ကျင့်ရေးအတွက် ငွေအကုန်ခံခြင်း၊ ပြည်ပသို့စေလွှတ်လေ့ကျင့်နိုင်ခြင်း…စတဲ့ စုပေါင်းအားကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်ခြင်းဟာ ပဓါနကျပါတယ်။ ဒီအတိုင်း အရှိန်ဟုန်မပြတ် လုပ်ဆောင်နိုင်ပါစေ….။