ကဗျာ

သွေး (စစ်ကိုင်း) ● စစ်ပွဲကြားက အလန်ကာဒီ… တွေ

သွေး (စစ်ကိုင်း) ● စစ်ပွဲကြားက အလန်ကာဒီ… တွေ
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၈

စစ်ပွဲရဲ့ မီးလျှံတွေက
မင်းကို လောင်ကျွမ်းစေခဲ့တာလား
ဒုက္ခတွေကြားက လွတ်မြောက်ဖို့ကြိုးစားရင်း
ပင်လယ်မှာ အသက် ပေးခဲ့ရသတဲ့လား… ကလေးရယ်။
မှောက်ခုံလဲကျနေတဲ့ မင်းဓာတ်ပုံကိုကြည့်ရင်း
စစ်ပွဲတွေကို ငါ .. မတရားမုန်းလာမိတာပဲ
တချိန်က မင်းတို့မိသားစုမှာ
မင်းရယ်၊ မင်းအဖေ အဗ္ဗဒူလာကာဒီရယ်
မင်း အမေရီဟန်နာရယ်၊ မင်းအစ်ကိုဂါလစ်ရယ်
အခုတော့
ရေလှိုင်းတွေက မင်းတို့ကို တကွဲတပြားစီ ဖြစ်စေခဲ့ပြီ။
‘အလန်ကာဒီ’
ကမ်းခြေမှာ မင်းသောင်တင်နေတာ
မင်းဖိနပ်လေးတောင် ကျွတ် မသွားသေးဘူး
မင်းရဲ့ နုနုနယ်နယ် ချစ်စဖွယ်မျက်နှာငေလးက
ငါ ဘယ်တော့မှ မေ့မရမယ့် စစ်ပွဲရဲ့ သင်ခန်းစာပေါ့
ပိုကောင်းမယ်ထင်တဲ့ မျှော်လင့်ချက်နဲ့
ပင်လယ်ပြင်ကို ဖြတ်ကျော်ခဲ့တာကလည်း
စွန့်စားလို့ စွန့်စားရာမကျခဲ့ပါဘူး ကလေးရယ်။

“ဆီးရီးယား ပြည်သူတွေကို
ကရုဏာထားကြပါလို့
တကမ္ဘာလုံးကို ကျနော် တောင်းပန်ပါတယ်” တဲ့။
မင်းအဖေ အဗ္ဗဒူလာကာဒီရဲ့စကား
နှလုံးသားနဲ့ နာကြားလိုက်ရတဲ့အခိုက်မှာ
စစ်ဆိုတာ ကမ္ဘာကြီးပေါ်က
အပြီးတိုင် ဖယ်ရှားရမယ့်အရာလို့
လူသားအားလုံးကို သတင်းစကား ပေးပို့လိုက်ပါရဲ့။    ။

(တူရကီကမ်းခြေတွင် သောင်တင်ပြီး သေဆုံးခဲ့ရရှာသော ဆီးရီးယားကလေးငယ်သို့ …)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts