လူများ၊ ရုပ်ပုံလွှာများ

မြတ်စံ – စန်းဇော်ထွေးသို့ နှုတ်ဆက်ခြင်း

 

မြတ်စံ – စန်းဇော်ထွေးသို့ နှုတ်ဆက်ခြင်း

(မိုးမခ) ဇန်န၀ါရီ ၂၊ ၂၀၁၈

” သက္ကရာဇ်များကိုကျောခိုင်းနှုတ်ဆက်ထွက်ခွာသွားသူ ညီထွေး@စန်းဇော်ထွေး ” San Zaw Htway ……
” နှင်း(သို့)နောက်ဆုံးနာရီ “… ပုံရိပ်တစ်ခုကိုထုဆစ်ပုံဖော်သွားသူ……

မနေ့က မနက်… ၂၀၁၇ ခုနှစ်ရဲ့ ဒီဇင်ဘာလနောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မနက်စောစောမှာ သမီးလေးရဲ့ငိုသံနဲ့နှိုးထလာခဲ့ပြီး သမီးလေးကိုထွေးပွေ့ဖက်ကာ အိမ်ရှေ့ဝရန်တာမှာ နံနက်ခင်းအာရုဏ်ဦးကို သမီးလေနဲ့အတူငေးကြည့်နေရင်း တစုံတခုကစေ့ဆော်၍လားမသိ နဒီမင်္ဂလာ သီချင်းလေးကို တိုးညှင်းစွာဆိုငြီးမိရင်း သမီးလေးကိုချော့သိပ်ဆိုပြနေခဲ့…

မနက် ၈ နာရီလောက်တွင် အလုပ်ကိစ္စချိန်းထားရာနေရာဆီသွားဖို့ အိမ်မှထွက်လာအပြီး ကားစီးလာစဉ် ကားပေါ်မှာ Online ခဏဖွင့်ကြည့်မိ။ ဖျတ်ကနဲဆို မောင်မောင်စိုး ရဲ့ Post မှာ ညီထွေးရဲ့နာရေးအကြောင်းဖတ်မိ။ စိတ်ထဲမှာ မနက်ကတည်းက တစုံတခုကစေ့ဆော်နေသော ဝမ်းနည်းစိတ်ကြောင့်ဖြစ်လေမလား။ မယုံကြည်သေး။ မသီတာ(စမ်းချောင်း) Ma Thida ရဲ့ အိမ်တက်ပွဲ အလှုရောက်တော့ ရောက်နှင့်နေတဲ့ မပွင့်(Zun Pwint) ပန်ပန်@ ရာသက်ပန်(Zinmar Than) ပန်းချီမမွှေး၊ကိုသီဟလတ်၊ ကိုစောဝေတိုနဲ့စားသောက် စကားလက်ဆုံကျရင်း ညီထွေးဆုံးသွားတာ ဟုတ်လားလို့မေးလိုက်တော့မှအတည်ဖြစ်။

 

အိမ်အပြန်လမ်းတလျှောက်မှာ လွန်ခဲ့တဲ့တနှစ်က သူ့ရဲ့” နှင်း “ကဗျာစာအုပ်ကို ကဗျာရွတ်ဆိုသံ Audio ထဲမှာ တောင်ငူထောင်မှာနေစဉ်တုန်းက ကျနော် ဆိုပြခဲ့ဖူးတဲ့ နှင်း(သို့ )’နောက်ဆုံးနာရီ ကိုယ်ပိုင်သံစဉ်သီချင်းလေးကို မေတ္တာဖြင့်ကူညီသီဆိုပေးဖို့ ကျနော်ဆီလာရောက် အကူအညီတောင်းခံခဲ့။ ဒီသီချင်းက ၁၉၉၂/၁၉၉၃ ဝန်းကျင်လောက်က အင်းစိန်ထောင်မှာ ကျနော်နဲ့  အခန်းချင်းနီးကပ်နေထိုင်ခဲ့တဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ကိုအောင်သူ(တံတားနီ) ရဲ့ကိုယ်ပိုင်သံစဉ် သီချင်းဖြစ်တဲ့အကြောင်း။ သူ့ဆီကို အကျိုးအကြောင်းပြောပြီးမှ ကူညီသီဆိုပေးမယ်လို့ အကြောင်းပြန်ခဲ့။ နောက်ပိုင်း တောင်ငူမှာဆိုစဉ်က Music Note ရေးပေးခဲ့တဲ့ ကိုဝင်းမော်(ရွှေသံစဉ်) Win Maw ကိုအကူအညီတောင်း။ Note ထုတ်ပြီး မေ(Studio)တွင် အကြိမ်ကြိမ် အသံသွင်းပေးကာ အချောMixing ဆွဲပေးပြီး ညီထွေးထံ အပ်ပေးခဲ့။နှင်း ကဗျာရှည်စာအုပ်ထဲမှာပါတဲ့ နှင်း ကဗျာများကို ကဗျာရွတ်ဆိုသံများနဲ့ အသံသွင်းဖို့စီစဉ်ပေးခဲ့။ နောက်ထပ် သုံးလေးလမှာ ထုတ်ဖို့ပြင်ဆင်နေချိန် သူ့အိမ်က နာရေးကိစ္စတခုဖြစ်လာလို့ အဆင်မပြေဖြစ်နေခဲ့။

ဒီကြားထဲ ကိုယ့်အလုပ်နဲ့ကိုရှုပ်နေ၍ ဟိုပွဲ ဒီပွဲလောက်မှာပဲဆုံဖြစ်။ နိုဝင်ဘာလရဲ့ တတိယပတ်လောက်မှာလို့ထင်မိ။အဲ့ဒီတရက်မှာ ညီထွေး အသည်းရောဂါနဲ့ ပင်လုံဆေးရုံမှာရောက်နေကြောင်းသိရလို့ မနက်စောစော ကိုဝင်းမော် အား လှမ်းအကြောင်းကြားပြီးသွားတွေ့ အားပေးခဲ့။

 

လွန်ခဲ့တဲ့ တလကျော် နိုဝင်ဘာ ၁၃ ရက် အမျိုးသားနေ့က တောင်ငူထောင်မှာ အတူနေထိုင်ခဲ့ဖူးတဲ့ ဆရာဌေး Htay Hlaing ရဲ့ သမီးမင်္ဂလာဆောင်ကို ခရီးက ပြန်လာပြီး အိမ်မှာ အထုပ်တောင်မထားပဲ မင်္ဂလာဆောင်ရှိရာနေရာ သမိုင်းဖက်သို့ဝင်ခဲ့ကြောင်း။ ကျနော့်ကို မင်္ဂလာဆောင်မှာတွေ့မယ်လို့ထင်ပြီးရှာသေးကြောင်း။အဲ့ဒီနေ့ညဖက်မှာ ဗိုက်အောင့်သလိုဖြစ်လာပြီး ဆေးခန်းတွေကလည်း ပိတ်ရက်ဖြစ်တာကြောင့် ပိတ်ထားတဲ့အတွက် နောက်ဆုံး ပင်လုံဆေးရုံကိုရောက်ရှိလာပြီး စမ်းသပ်မှုအဆင့်ဆင့် အကြိမ်ကြိမ်ပြုလုပ်ပြီး အသည်းကင်ဆာ နဲ့ပက်သက်တဲ့ရောဂါဖြစ်ကြောင်း။ ခွဲစိပ်မှုထက် သက်သာမဲ့အခြားနည်းလမ်းတခုကို မိတ်ဆွေများနဲ့ တိုင်ပင်နေကြောင်း။ နှင်း ကဗျာစာအုပ်လေးနဲ့ Audio သီချင်းခွေလေးကို အပြီးသတ်လုပ်ဖို့ သူ့ဆီမှာ ကျနော်ဆိုပေးထားတဲ့ နှင်း(သို့)နောက်ဆုံးနာရီ သီချင်းလေးနဲ့ပက်သက်ပြီး အမှာစာရေးပေးလိုကြောင်း။ ရှေ့နှစ်ဆန်း ဖေဖော်ဝါရီလောက် အပြီးထုတ်ခြင်းကြောင်ပြောတော့ ” ညီထွေး…နေကောင်းကျန်းမာမှ အကိုတို့ဆက်လုပ်ကြတာပေါ့။သွင်းထားတဲ့ သီချင်းနဲ့ နှင်း ကဗျာရွတ်ဆိုထားတဲ့ Audio အားလုံးညီလေးဆီမှာရှိရင် အကိုတတ်နိုင်သမျှလုပ်ပေးမယ်။ အပြင်ထွက်ပြီး ကုသမှုအပြည့်ယူလိုက်ရင် ကောင်းသွားမှာပါလို့ အားပေးပြီးပြန်ခဲ့ကြ။ နောက်ပိုင်း ပြည်ပသို့ထွက်ခွာပြီးကုသနေတယ်လို့ သိခဲ့ရ။

အခု ဒီနေ့မနက် ၃:၃၀ နာရီလောက်ကဆုံးတယ်ဆိုတဲ့ သတင်းစကားကို စာပေအနုပညာ ညီအကိုညီအမများဆီကတဆင့် အတည်ပြုချက်ရသွားတော့ သူလုပ်သွားချင်တဲ့ နှင်း ကဗျာစာအုပ်လေးနဲ့ Audio လေးကိုဘယ်မှာပြန်ရှာရမှန်းမသိ။ သူ့ဆီမှာအကုန်ပေးထားခဲ့တာဆိုတော…

အိမ်ပြန်ရောက်ပြီး ရှိသမျှ Hard Diskထဲတွေထဲရှာကြည့်တဲ့အခါ… ဗိုလ်အောင်ကျော် ရာပြည့်ပွဲ အင်္ဂပူ မယ်ဇလီကုန်းကို ပန် မြန်မာစာပေအဖွဲ့နဲ့ သွားစဉ်က အပြန်ခရီးမှာ ခရီးစဉ်ပါ စာရေးဆရာ/ဆရာမများရဲ့ တောင်းဆိုချက်ကြောင့် သူရဲ့ နှင်း ကဗျာတွဲကြီးထဲက ငါးပုဒ်မြောက် နှင်း ကဗျာကို ရွတ်ဆိုတဲ့အခါ အဲ့ဒီကဗျာဟာ ကျနော်တောင်ငူထောင်မှာ သူတို့အုပ်စုကိုဆိုပြခဲ့တဲ့ နှင်း(သို့) နောက်ဆုံးနာရီ ကိုပြန်လည်ပုံဖော်ပြီးဖွဲ့ဆိုထားတဲ့အတွက် အဲ့ဒီသီချင်းထဲက တပိုဒ်ကို ပါဝင်ကူညီသီဆိုပေးဖို့ အကူအညီတောင်းခဲ့။ ကျနော်လည်း သူ့ရဲ့နှင်းကဗျာကို နားထောင်ရင်း ဆိုရမဲ့အပိုဒ်လည်းရောက်တဲ့အခါ ဝင်ဆိုကူညီအားဖြည့်ပေးခဲ့။ အဲ့ဒီအချိန်က ကားပေါ်မှာပါလာသူတွေထဲက ညီမလေး နိုရာ@ Khin Thethtar Latt မှ Pro ကင်မရာနဲ့မှတ်တမ်းရိုက်ပေးထားတဲ့ ဗွီဒီယိုဖိုင်လေးကို နောက်တော့ နိုရာ ဆီမှပြန်ရလို့သိမ်းထားခဲ့။…

မှတ်တမ်းခွေလေးကို ဖွင့်ကြည့်ရင်း ကျနော့်ရဲ့မြင်ကွင်းထဲက ညီထွေး ဟာ ရှိနေပါသေးတယ်။ရှင်သန်နေသေးပါတယ် လို့မှတ်ယူခံစားနေစဉ် တဝက်လောက်မှာ ရိုက်ထားသမျှ အားလုံးပြန်မရတော့ပဲ တဖြည်းဖြည်း ပုံရိပ်များ မကြည်မလင်ဖြစ်သွားခဲ့။ ရှေ့ပိုင်းအစလေးနဲ့ အလယ်ပိုင်းလောက်အထိတော့ သူ့ရဲ့ဟန်ပန်အမူအယာနဲ့ ရိုးရှင်းတဲ့ဟန်လေးကို မျှဝေခံစားနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

ကျနော်တို့ရဲ့ချစ်ခင်လှပါတဲ့ အနုပညာကြယ်တစ်ပွင့် ကြွေသွားပါခဲ့ပါပြီ။

ဒီဇင်ဘာမှာကျခဲ့တဲ့ နှင်းများနဲ့အတူ ရေးဖွဲ့ခဲ့တဲ့ နှင်း ကဗျာရှင်ဟာ ဒီဇင်ဘာလရဲ့ နောက်ဆုံးရက်မှာ ကြယ်တစ်ပွင့်လို ကြွေသွားခဲ့ပြီပေါ့

” ကြယ်ကြွေတာ… ကင်ဆာ တဲ့လားးး ”
” ကင်ဆာ…ကျဆုံးပါစေ…”

အစဉ်အမြဲ့လွမ်းဆွတ်ခြင်းများစွာဖြင့်
မြတ်စံ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts