ကဗျာ

စိုးနောင် (မုံရွာ) ● စနေတွေ ရွာ … ရာဟုတွေ တိုက်

စိုးနောင် (မုံရွာ) ● စနေတွေ ရွာ … ရာဟုတွေ တိုက်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇

အပျိုဖော်ဝင်စအလင်းရဲ့အခန်းထဲ
အဆီအရစ်ရစ်နဲ့ အမှောင်ဝင်လာ
မိုးစက်တွေရဲ့ရိုက်ပုတ်မှုကြောင့်
တောင်ဟာ အရေပြားတွေ ပွန်းပဲ့နေ
ဂါဝန်ဝါဝါလေး စုတ်ပြဲနေတဲ့ ပန်းလေးဟာ
ငါ့မျက်ဝန်းထဲမှာ ဆူးတချောင်းလို စိုက်လို့
လက်တဖက်ကျိုးနေတဲ့သစ်ပင်ရဲ့အော်သံဟာ
ငါ့နားထဲကို ပိုးတကောင်လို ဝင်ရောက်လို့
သတ်မှတ်မျက်ရည်ချိန်ကျော်ရင်
အလိုအလျောက်ပွင့်တဲ့ တံခါးတွေနဲ့ ဆည်ကို
ငါ့ရင်ထဲမှာ ဘယ်သူတည်ဆောက်ခဲ့တာလဲ
ရယ်သံခပ်သောက်မိတုန်း ခဏပဲချိုခဲ့
ဇီးဖြူသီးလို လောကဓံရယ်
စည်ပင်အလုပ်သမလေး ဧရာဝတီဟာ
တရွာဝင် တရွာထွက် အမှိုက်လိုက်သိမ်းလို့
ကျောက်တုံးလေးတွေရဲ့လမ်းလျှောက်သံကို
ငါးတွေကတော့ ကြားမှာ။

စိုးနောင် (မုံရွာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts