ကဗျာ

သျှင်မျိုးငယ် ● ရုန်းထွက်မယ့်လမ်း

သျှင်မျိုးငယ် ● ရုန်းထွက်မယ့်လမ်း
(မိုးမခ) မေ ၂၉၊ ၂၀၁၇

ကိုယ့်အသက်ရှင်သန်မှုနဲ့
ကိုယ်တိုင် ငိုကြွေးနေကြရတာပဲ။

လက်ပြန်တုပ်နှောင်ထားတဲ့ကြိုးကို
ပါးစပ်နဲ့ကိုက်တယ်
ခက်တာက သွားတွေမရှိတော့တာက အဖြေပဲ။

နစ်နေတဲ့နွံဟာ
ဖြစ်နေတဲ့ကျွန်အဖြစ် အသက်သွင်းတယ်။

ဒါဟာ ကိလေသာ
လေသာပြတင်းက မှန်းမျှော်တယ်
အရသာဟာ သံသရာအဆက်ဆက်ကို ဆက်ဆွဲတယ်။

မောဟိုက်နေတဲ့မြစ်ဟာ
သူ့စီးဆင်းမှုကို နောက်ပြန်မကျော့ဘူး
ရူးသွပ်နေတဲ့တောင်ကုန်းအဟောင်းတွေဟာ
အဝါရောင်နာကျင်မှုနဲ့ ဖျားနာနေခဲ့တယ်။

မထူးပါဘူး
ဆူးဆိုတာ ခိုက်မိတတ်တာ သဘာဝပေါ့
လက်ဖဝါးတွေဟာ သက်လုံမကောင်းတော့ဘူး
ငြိနေတဲ့အစွဲ
မွဲနေတဲ့ဉာဏ်
ထန်နေတဲ့သွေး
ရေးနေတဲ့ကဗျာဟာ အဆက်အစပ်မဲ့။

လူယဉ်ကျေးတွေရဲ့တံတွေးဟာ
အဖိုးအနဂ္ဃထိုက်တယ်ဆိုတာနဲ့
ကဗျာဖတ်ရင်း
တံတွေးကို ခဏခဏ ပြန်မြိုချခဲ့ရတယ်။

ငါတို့
ဘယ်လောက် ယဉ်ကျေးခဲ့ပါသလဲ။      ။

သျှင်မျိုးငယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts