ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲရောက်ချင်တယ်

ဆောင်းယွန်းလ ● အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲရောက်ချင်တယ်
(မိုးမခ) မေ ၁၃၊ ၂၀၁၇

စိတ် လက်တဆစ်ကို
နှင်းထုရဲ့အောက်မှာ
တနေကုန်အောင် နှစ်ထားပစ်လိုက်ရပါတယ်။

ခေတ်ဟာ
လေပူတွေအောက်မှာ
သုံးလို့မရအောင် ဆုံးသွားတဲ့
လေအေးစက်အပျက်တလုံးထက် ပိုပျက်သွားခဲ့။

မဲမဲမြင်ပစ်နေရမှ ကျေနပ်နေကြသူတွေကြားထဲ
မြဲမြဲကိုင်စရာ တရားဓမ္မနဲ့
ရှားပါးလွန်းတဲ့ အချိန်ဟာ
မသေရေး ငွေကြေးနောက်တကောက်ကောက်လိုက်ရင်း
ပုလင်းအဖုံးဖွင့်ခံထားရတဲ့ အရက်ပျံလို
လေထဲ အငွေ့ပြန်တက်ခဲ့ပါပြီ။

ညည
လူက အိပ်မောကျနေပေမယ့်
အိပ်ယာခင်းတွေက တွန့်လိပ်ကြေမွလို့ နိုးနေကြ
မစားလိုက်ရတဲ့ အမဲမှာ
ရေမဆေးလိုက်ရတဲ့ သဲတွေလည်း အထပ်ထပ်ကပ်လို့ပေါ့။

မြို့ပြနဲ့ဝေးဝေး
တောမှာလည်း တောအလျောက်
မတရားတဲ့ တရားတွေနဲ့ ပေါက်ပေါက်ဖောက်ရင်း
ဒီသီချင်း
နားထောင်ရဖန်များတော့ ငြီးငွေ့မှုတွေ ပျို့အန်လာ။

ဒီမိုကရေစီနဲ့ ခေတ်သစ်အစိုးရ
လေးကြောင်းမျဉ်း စာအုပ်ထဲမှာတော့
ပုလဲလုံးလေးတွေလို ညီနေအောင်လှတယ်။
ဒီဘဝ ဒီမျှနဲ့သာမို့
နောင်ဘဝကို ကံစမ်းမဲဖောက်ရင်
အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲ ရောက်ချင်တယ်။

ဆောင်းယွန်းလ
(မေလ ၁၀ ရက်၊ ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts